ဖော်ပြထားတဲ့ ဓာတ်ပုံလေးကတော့ Sant Boi မြို့က ပုံပဲဖြစ်ပြီး အဲဒီမြို့လေးဟာ စပိန်နိုင်ငံ Barcelona မြို့ကနေ ကီလိုမီတာ ၂၀ ကွာဝေးပါတယ်။
လှပတဲ့ တောင်တန်းတွေနဲ့ မြို့ကို ဝန်းရံထားပြီး အဲဒီ မြို့လေးဟာ အချက် (၂) ချက်ကြောင့် နာမည် ကျော်ကြားနေတာလည်းဖြစ်ပါတယ်။ တချက်ကတော့ အနုပညာ အမွေအနှစ်တွေကြောင့် ဖြစ်ပြီး နောက်တချက်ကတော့ အကြီးမားဆုံး စိတ်ကျန်းမာရေးဆေးရုံဟာ မြို့ရဲ့ အလယ်ဗဟို တည့်တည့်မှာ ရှိနေလို့ပဲ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးဆေးရုံကို ၁၈၅၅ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဆေးရုံရဲ့ ကောင်းမွန်တဲ့ သမိုင်းအစဉ်အလာ တွေကလည်း စိတ်ရောဂါကို လေ့လာဖို့ စိတ်ဝင်စားတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်ဆဲပဲ ဖြစ်ပါတယ်။
“မြို့ရဲ့ အပြင်တနေရာရာကိုရောက်သွားလို့ တယောက်ယောက်ကများ “ဘယ်ကလာသလဲ” လို့ မေးလာရင် “Sant Boi” လို့ ဖြေလိုက်တာနဲ့ “အူကြောင်ကြောင်နိုင်တဲ့ မြို့ကပဲ” လို့ တုံ့ပြန်တတ်ကြပါတယ်” လို့ မြို့ခံအနုပညာရှင်တဦးဖြစ်တဲ့ Dani Sanchez ကတော့ သူ့အတွေ့အကြုံကို အခုလိုပြောပြထားပါတယ်။ ဒါကြောင့်လည်း သူဟာ မြို့ အပေါ် မြင်နေတဲ့ အမြင်အချို့ကို ပြောင်းလဲပစ်ချင်တာလို့ဆိုပါတယ်။
နောက်ထပ် မြို့ခံတဦးဖြစ်တဲ့Nien Boots ကတော့ သူမြို့ လေးရဲ့ စိတ်ကျန်းမာရေးဆေးရုံ အကြောင်းကို “ကုသသူနဲ့ ကုသမှုခံယူသူတွေကြားမှာ ဦးတည်ချက်နှစ်ခုကိုပဲ ရည်ရွယ်ထားတာပါ ၊ အဲဒါတွေကတော့ စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာရှိဖို့ နဲ့ သက်သောင့်သက်သာမရှိစေတဲ့ အခြေအနေတွေကို လျှော့ချဖို့ပါပဲ”လို့ပြောပါတယ်။
အနုပညာအားထုတ်မှုတခုအနေနဲ့ ငယ်ရွယ်တဲ့ အနုပညာရှင်အယောက် (၄၀) ဟာ မြို့ခံ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဥရောပတဝှမ်းကနေ မြို့လေးဆီကို ဇူလိုင်လကတည်းက လာရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။
မြို့လေးကို လှပစေမယ့် နောက်ပြီး မြို့ခံတွေ ၊ စိတ်ကျန်းမာရေးဆေးရုံက နာမကျန်း ဖြစ်နေသူတွေ အတွက် ရည်ရွယ်ပြီး သူတို့အားလုံး တမြို့လုံးကို ဆေးရောင်တွေနဲ့ ခြယ်သကြဖို့လည်း ဖြစ်ပါတယ်။
စတင်လုပ်ဆောင်ခဲ့သူတော့ Boots ပဲဖြစ်ပြီး ဒေသဆိုင်ရာအဖွဲ့အစည်းတွေ Torrent d’Art စတဲ့ အဖွဲ့တွေဟာလည်း မြို့လေးအတွက် အားသွန်ခွန်စိုက် အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။ တမြို့လုံးမှာရှိတဲ့ အဆောက်အဦနဲ့ လမ်းတွေမှာ သူတို့ရဲ့ အနုပညာလက်ရာတွေ လွှမ်းခြုံစ ပြုနေပြီပဲ ဖြစ်ပါတော့တယ်။ ။
Ref: www.cnn.com