ခရီးတွေ ထွက်တဲ့အခါ အထူးသဖြင့် လေယာဉ်နဲ့ ခရီးသွားတဲ့ အခါမျိုးမှာတောင် သက်သောင့်သက်သာရှိတယ် ဆိုပေမယ့် စိတ်ဖိစီးမှုတွေ ရတတ်ပါတယ်။ လေယာဉ်ချိန် ကြန့်ကြာတာမျိုး၊ အဆက်အသွယ် ပြတ်တောက်သွားတာမျိုး၊ ခရီးဆောင်အိတ် ပျောက်တာမျိုးတွေပေါ့။ နောက်တကြိမ် ခရီးထွက်တဲ့အခါ ဒီပြဿနာတွေကြောင့် စိတ်မညစ်ရအောင် ခရီးသွားကျွမ်းကျင်သူတွေက နည်းလမ်းတွေ ဝေမျှပေးထားပါတယ်။
ခရီးထွက်မယ်ဆို အရင်ဆုံး သက်သောင့်သက်သာရှိတဲ့ အဝတ်အစား ဝတ်ပါ။ ခရီးတိုပဲဖြစ်ဖြစ်၊ ခရီးအရှည်ကြီးပဲ ဖြစ်ဖြစ် ကိုယ်ပေါ်မှာ ပေါ့ပေါ့ပါးပါးနဲ့ ချောင်ချောင်ချိချိဖြစ်နေဖို့ လိုပါတယ်။ အင်္ကျီအကျပ်တွေက ခန္ဓာကိုယ်ကို ကြပ်ထုပ်စီးထားသလိုဖြစ်နေလို့ သွေးလည်ပတ်မှုကို နှေးကွေးစေပါတယ်။ ခရီးသွားတဲ့အခါ ချွတ်လို့ လွယ်တဲ့ ဖိနပ်ကိုလည်း စီးသင့်ပါတယ်။ လမ်းမှာ ခြေထောက်လေဝင်လေထွက်ဖြစ်အောင် ချွတ်လို့လွယ်တဲ့ ဖိနပ်မျိုးစီးပါ။
ခရီးစဉ်တလျှောက် စိတ်ဖိစီးမှုနဲ့ အလောတကြီး မဖြစ်ဖို့ဆိုရင် သတ်မှတ်ထားတဲ့ လေယာဉ်ချိန်နဲ့ခွာပြီး ကြိုတင် ပြင်ဆင်ပါ။ အနီးကပ်မှလုပ်ရင် ကိုယ်တိုင်လည်း စိတ်ပူရသလို စေ့စပ်သေချာအောင်မလုပ်နိုင်လို့ စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် ခရီးထွက်တဲ့အခါ အချိန်ကို စီမံခန့်ခွဲတတ်ဖို့လည်း အရေးကြီးပါတယ်။
လေယာဉ်ချိန်က ရာသီဥတုကြောင့် (သို့မဟုတ်) တခြားအကြောင်းအရာ အမျိုးမျိုးကြောင့် ကြန့်ကြာမယ်အကြောင်း ကြားခဲ့ရင်တောင် သင့်ဘက်က ပုံမှန်အတိုင်း အချိန်မီရောက်အောင် သွားပါ။ တချို့လေယာဉ်တွေက ပုံမှန်အချိန်ထက် နောက်ကျမယ်ဆိုပြီး အကြောင်းကြားထားပေမယ့် တခါတလေ ပုံမှန်ထက် မဆိုစလောက်လေးဘဲ နောက်ကျတတ်လို့ သင့်ဘက်ကတော့ ပုံမှန်အချိန်အတိုင်း ရောက်နေဖို့လိုပါတယ်။
လေယာဉ်ပေါ်ရောက်တဲ့အထိ ဖြတ်သွားရမယ့် လုံခြုံရေးဂိတ်တွေမှာ မလိုအပ်ဘဲ ကြန့်ကြာမနေအောင် ဆောင်ရန်၊ ရှောင်ရန်တွေကို လေ့လာပါ။
ကိုယ်နဲ့ တပါတည်း သယ်ခွင့်ရမယ့်အိတ်ထဲမှာ မထည့်ရမယ့်ပစ္စည်းတွေ မထည့်မိအောင်၊ လေယာဉ်ပေါ်တင်ခွင့် ကန့်သတ်ထားတဲ့ အန္တရာယ်ရှိပစ္စည်းတွေ သယ်မလာမိအောင်၊ ကိုယ်ပေါ်မှာ သတ္တုနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ မဝတ်မိအောင် အစတည်းက ဂရုစိုက်သွားပါ။ ကန့်သတ်ထားတဲ့ပစ္စည်း တွေဟာ တနေရာနဲ့တနေရာ အနည်းငယ်ကွဲပြားနိုင်တာမို့ ခရီးမသွားခင် အရင်လေ့လာထားမှ လေဆိပ်မှာ အချိန့်မကြာဘဲ ဖြတ်သန်းနိုင်မှာပါ။
လေဆိပ်ဆိုက်တာနဲ့ ကိုယ့်ခရီးဆောင်အိတ်ကို အမြန်ဆုံးနဲ့ အလွယ်ကူဆုံး ရှာတွေ့ဖို့ဆိုရင် ငယ်ငယ်က အမေတွေ သင်ပေးထားသလို အိတ်ကို တခြားအိတ်တွေထက် ပေါ်လွင်နေအောင်၊ ထူးခြားအောင် ဖဲပြားကြိုး တပ်ထားတာဖြစ်ဖြစ်၊ တခြားပုံစံတူ အများကြားထဲ ကြည့်လိုက်တာနဲ့ ထင်းကနဲ ဖြစ်နေစေမယ့် အရာလေးတခု တပ်ထားပါ။
ကောင်တာမှာ check in ဝင်တဲ့အခါ အရင်ဆုံးအလျင်စလို မဝင်လိုက်ပါနဲ့။ အရင်ဆုံးဝင်လိုက်တဲ့အခါ ကိုယ် မရောက်သေးခင် အိတ်က အရင်ထွက်သွားတဲ့အခါမျိုးမှာ နောက်တခါ ပြန်လည်လာဖို့ အကြာကြီး စောင့်ရတတ်ပါတယ်။
ခရီးလမ်းကြောင်း အရှည်ကြီး စီးရတဲ့အခါမျိုးမှာ လေယာဉ်မူးတာက ရှောင်လွဲလို့မရတဲ့ အခြေအနေပါ။ ဒီကိစ္စကြောင့် သင့်အားလပ်ရက် အပန်းဖြေခရီးကို မထိခိုက်အောင် လေယာဉ်မူးလာတယ်ဆိုပြီး ဟိုတယ်ရောက်တာနဲ့ တန်းအနားမယူလိုက်ပါနဲ့။
ခန္ဓာကိုယ် သက်သောင့်သက်သာ မဖြစ်တဲ့အခါမျိုးမှာ တတ်နိုင်သလောက် နေရောင်ခြည် ထိဖို့လိုအပ်ပါတယ်။ ဒါကြောင့် လေယာဉ်စီးလို့ ပင်ပန်းလာတယ်ဆိုပြီး အခန်းမအောင်းဘဲ အပြင်ထွက်ပေးပါလို့ ခရီးသွားကျွမ်းကျင်သူက အကြံပေးထားပါတယ်။
Ref: The Culture Trip