ဂျပန်နိုင်ငံရဲ့ အမြင့်ဆုံးမီးတောင်ဖြစ်တဲ့ ဖူဂျီတောင်ကို အလည်အပတ်သွားသူတိုင်း မဖြစ်မနေ နောက်ခံထားပြီး ဓာတ်ပုံရိုက်လေ့ ရှိကြပါတယ်။ အမြင့်ပေပေါင်း ၁၂,၃၈၉ ပေ ရှိပြီး အာရှတိုက်မှာတော့ ဒုတိယအမြင့်ဆုံး မီးတောင်ဖြစ်သလို ကမ္ဘာပေါ်မှာတော့ နံပါတ် ၇ နေရာမှာ ရှိပါတယ်။
မြို့တော် တိုကျိုရဲ့ အနောက်တောင်အရပ်မှာ တည်ရှိပြီး မိုင် ၆၀ ကျော်လောက် ဝေးကွာပါတယ်။ နွေရာသီမှာ တိုကျိုမြို့ကနေ ထင်ထင်ရှားရှား မြင်တွေ့ရပြီး ဆောင်းတွင်းဆိုလည်းမီးတောင်ထိပ်နားမှာ နှင်းတွေ ဖုံးလွှမ်းနေတာမို့ ဂျပန်နဲ့ ဖူဂျီ၊ ဖူဂျီနဲ့ ဂျပန်နိုင်ငံဟာ ခွဲခြားလို့ မရတဲ့ အမှတ်တရနေရာ တခုပါ။
မီးတောင်လို့ သတ်မှတ်ထားဆဲဖြစ်ပြီး နောက်ဆုံးပေါက်ကွဲခဲ့တာကတော့ ၁၇၀၇-၁၇၀၈ ခုနှစ်လောက်ကပါ။ နာမည်ကျော် ဖူဂျီတောင်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ အမှတ်တရပစ္စည်းတွေ နေရာအနှံ့မှာ တွေ့နိုင်သလို လာလည်သူတိုင်းကို ဆွဲဆောင်နေဆဲ ဖူဂျီတောင်နဲ့ ပတ်သက်နေတဲ့ လူသိနည်းသေးတဲ့ အကြောင်းအရာတွေလည်းရှိပါတယ်။
၁၈၆၈ ခုနှစ်ထိ ဖူဂျီတောင်ပေါ်ကို အမျိုးသမီးတက်ရောက်တာကို တားမြစ်ထားပါတယ်။ အကြောင်းကတော့ ဖူဂျီတောင်ကိုစောင့်ရှောက်တဲ့ မီးနတ်ဘုရားမဟာ အနီးအနားပတ်ဝန်းကျင်က တခြားအမျိုးသမီးတွေကို မနာလိုတတ်တာကြောင့်လို့ အဆိုရှိပါတယ်။
ဂျပန်နိုင်ငံက ၁,၀၀၀ တန် ယန်းငွေစက္ကူပေါ်မှာ ဖူဂျီတောင်ပုံကို မြင်တွေ့ရမှာပါ။ ဓာတ်ပုံဆရာ ကိုရိုအိုကာဒါးက မိုတိုဆုရေကန်နောက်ခံပြီး ဖူဂျီတောင်ကို ရိုက်ကူးထားတဲ့မြင်ကွင်းကို ထည့်သွင်း ရိုက်နှိပ်ထားတာပါ။ ဖူဂျီတောင်ရဲ့ အရိပ်က ရေကန်မှာ ပြန်ထင်နေတဲ့ စိတ်ကူးနဲ့ ရိုက်ကူးထားတဲ့ပုံပါ။
ဒုတိယကမ္ဘာစစ်တုန်းက CIA အဖွဲ့ဟာ ဖူဂျီတောင်ကို အနီရောင်အဖြစ် ပြောင်းလဲဖို့ စိတ်ကူးခဲ့ဖူးတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ အနီရောင်ဆေးဘူးတွေ သယ်ပြီး ဖူဂျီတောင်ပေါ် ပျံသန်းကာ လောင်းချဖို့ စိတ်ကူးခဲ့တာပါ။ ဒီစိတ်ကူးသာ အမှန်ဆိုရင် အနည်းဆုံး ဆေးဘူး ၁၂ တန်လောက် လိုခဲ့လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက တွက်ချက်ခဲ့ကြဖူးပါတယ်။
၁၉၆၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စာရေးဆရာ စီချို မက်ဆုမိုတိုရဲ့ Tower of Waves ဝတ္ထုဟာ အမျိုးသမီးတဦးနဲ့ ရှေ့နေတယောက်ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို စိတ်ကူးပုံဖော်ထားတာပါ။ အကြောင်းကိစ္စတွေကြောင့် နောက်ဆုံးမှာတော့ နှစ်ယောက်လုံး ဖူဂျီတောင်ပေါ်မှာရှိတဲ့ အအိုကီဂါဟာရာ သစ်တောအုပ်ထဲ ကိုယ့်ကိုယ်ကို သတ်သေခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
စာအုပ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် ၁၉၇၄ ခုနှစ်မှာ ဒီတောအုပ်ထဲမှာပဲ အမျိုးသမီးတဦး အမှန်တကယ် ဒီစာအုပ်ကို ကိုင်ပြီး ကြိုးဆွဲချသေဆုံးမှုတွေ ရှိခဲ့ပါတယ်။
၁၉၆၀ ခုနှစ်မှာ ဖူဂျီတောင်ရဲ့ တောင်ဘက်ကနေ အနောက်ဘက်ကို ကေဘယ်လ် ကားလမ်းဖောက်ဖို့ စဉ်းစားခဲ့ကြပါသေးတယ်။ ဒါပေမယ့်လည်း ဒီအစီအစဉ်ဟာ မဖြစ်နိုင်တာမို့ နောက်ပိုင်း ဖျက်သိမ်းလိုက်ကြပါတယ်။
Ref: Japan Insides