ခရီးသွားတယ်ဆိုတာ လူတိုင်းအတွက် ကောင်းမွန်တဲ့ အနားယူအပန်းဖြေနည်း ဖြစ်ပါတယ်။ Plus Size ဖြစ်နေပေမယ့် သက်သောင့်သက်သာ ခရီးသွားနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ခန္ဓာကိုယ် အဝလွန်တဲ့လူတွေဟာ ပိုမိုပင်ပန်းတဲ့အတွက် ခရီးဝေးတွေသွားဖို့ ငြင်းဆန်လေ့ ရှိကြပါတယ်။
ဒီတခါ ဖော်ပြပေးချင်တဲ့ အကြောင်းအရာတွေကတော့ ဒီလို ဝဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ပိုင်ရှင်တွေ ခရီးသွားတဲ့အခါ သက်သောင့်သက်သာ ဖြစ်စေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
(၁) လေယာဉ်လိုင်းကို သေချာရွေးပါ
လေယာဉ်နဲ့ ခရီးသွားတာက ဝတဲ့ လူတွေအတွက် အဆင်အပြေဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ လေယာဉ်လိုင်းကို သေချာ ရွေးချယ်သင့်ပါတယ်။ တချို့လေကြောင်းလိုင်းတွေမှာ ထိုင်ခုံတွေက ကျဉ်းပြီး ထိုင်လို့ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် လက်မှတ်ဝယ်တဲ့ အချိန်မှာ ထိုင်ခုံကို သေချာကြည့်ပြီးမှ ဝယ်သင့်ပါတယ်။
ခန္ဓာကိုယ် ဝတဲ့အတွက် တခြား သူစိမ်းနှစ်ယောက်ရဲ့ အလယ်မှာ ထိုင်ရတယ်ဆိုရင် အပေါ့အပါးသွားဖို့ အညောင်းပြေ အညာပြေ ခြေလက်ဆန့်ဖို့ ခက်ခဲပါလိမ့်မယ်။ ငွေကြေးအဆင်ပြေမယ်ဆိုရင် ၂ ယောက်စာ ထိုင်ခုံကို သင်တယောက်ထဲအတွက် ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။
(၂) သွားရောက် လည်ပတ်မယ့် နေရာကို သေချာရွေးပါ
မြန်မာပြည်တွင်းမှာ သင်သွားရောက် လည်ပတ်မယ်ဆိုရင် ပုပ္ပါးတောင်ကို သွားရောက်လည်ပတ်မယ့် အစား ပုဂံကို သွားရောက်လည်ပတ်သင့်ပါတယ်။ သင်ကြိုက်တဲ့ နေရာကို သွားခွင့်ရှိတယ် ဆိုပေမယ့် သင့်ကို ပိုပင်ပန်းစေမယ့် ခရီးစဉ်တွေကို ရှောင်ကြဉ်ဖို့ပါပဲ။
ပြည်ပမှာဆိုရင် ခန္ဓာကိုယ် အရွယ်အစားအစုံကို ဖော်ရွေစွာ ကြိုဆိုတဲ့ နိုင်ငံတွေကို ရွေးချယ်ပြီး သွားသင့်ပါတယ်။ ဒါမှသာ သင့်ခရီးစဉ်တလျှောက် အခက်အခဲမရှိ အဆင်ပြေမှာဖြစ်ပါတယ်။
(၃) ဟိုတယ်ကောင်းကောင်း ရွေးချယ်ပါ
အခုဆိုရင် ကမ္ဘာအနှံ့အပြားမှာ Plus Size Traveller တွေအတွက် Plus Size ဟိုတယ်တွေကို စတင်ဖွင့်လှစ်နေကြပါပြီ။ ရိုးရိုးဟိုတယ်တွေမှာ Plus Size တွေအတွက် အကျိုးခံစားခွင့်ဟာ မရှိသလောက် နည်းပါးပါတယ်။ အမေရိကန်နိုင်ငံသား တယောက်ဟာ သူရဲ့ ခန္ဓာကိုယ်ကြောင့် ဟိုတယ်က ခုံတခုံမှာ ထိုင်နေရင်းနဲ့ ခုံကျိုးသွားခဲ့ပါတယ်။ ဒီအတွက် ဟိုတယ်က သူ့ကို ဟိုတယ်ပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၅၀ ကောက်ခံခဲ့ပါတယ်။
ဒါကို မကျေနပ်တဲ့ အဆိုပါ အမေရိကန်နိုင်ငံသားဟာ ခန္ဓာကိုယ်ဝတဲ့ လူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဟိုတယ်တခုကို စဖွင့်ရာက ကမ္ဘာအနှံ့မှာ Plus Size ဟိုတယ်တွေ ရှိလာခဲ့ပါတယ်။ ဟိုတယ်ရဲ့ ဆောင်ပုဒ်ကတော့ “Bigger Is Better” ဖြစ်ပါတယ်။
(၄) ကိုယ်ပိုင် အသုံးအဆောင်တွေ ယူသွားပါ
တကယ်လို့ သင်သွားလည်တဲ့ နေရာမှာ Plus Size ဟိုတယ်တွေ မရှိရင်တော့ သင့်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ထည့်သွားဖို့ မမေ့ပါနဲ့။ သင့်ရဲ့ ပျော်ရွှင်စရာ အားလပ်ရက်ခရီးကို ဟိုတယ်မှာ ပေးထားတဲ့ အသုံးအဆောင်တွေကို သုံးလို့မရတာ တခုတည်း အတွက်နဲ့ ပျက်စီးမခံပါနဲ့။
(၅) အခြား လိုက်နာစရာများ
ခရီးသွားချိန်မှာ သင့်ကို သက်သောင့်သက်သာ ဖြစ်စေမယ့် အဝတ်အစားကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ ခရီးမသွားခင် (လေယာဉ်ပေါ် မတက်ခင်)မှာ အပေါ့အပါး ကိစ္စတွေကိုလည်း တခါတည်း လုပ်ဆောင်ထားဖို့ အကြံပေးချင်ပါတယ်။ ခရီးသွားမယ့်ရက်ကို ရွေးချယ်ရာမှာလည်း အစိုးရရုံးပိတ်ရက်တွေကို ရှောင်ကြဉ်သင့်ပါတယ်။ လူအများနဲ့ တိုးဝှေ့ပြီး သွားရတာဟာ သင့်စိတ်ကို အနှောင့်အယှက် ဖြစ်စေမှာ သေချာလို့ ခရီးသွားမယ့် နေ့ရက်ကို ဂရုစိုက်ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။
Ref ; destinations.com