ငွေကြေး အဆင်ပြေလို့ပဲ ဖြစ်ဖြစ်၊ ဘတ်ဂျက်ခရီးပဲ ဖြစ်ဖြစ် ခရီးသွားတာဟာ ပျော်စရာပါ။ ကမ္ဘာကိုပတ်ပြီး ခရီးသွားရတာဟာ အတွေ့အကြုံအသစ်၊ စိတ်လှုပ်ရှားစရာအသစ်တွေနဲ့ ကြုံရတာပါပဲ။
ကမ္ဘာပတ်ပြီး ခရီးသွားဖို့ စီစဉ်နေသူတွေအတွက် ရာသီအလိုက် ခရီးသွားလို့ ကောင်းမယ့် နိုင်ငံတွေကို ဖော်ပြ ပေးချင်ပါတယ်။
(၁) Nicaragua ကမ်းရိုးတန်း (ဇန်နဝါရီလ)
နှစ်တနှစ်ရဲ့ ပထမဆုံး လပတ်ဖြစ်တဲ့ ဇန်နဝါရီလမှာ သွားသင့်တဲ့ နေရာကတော့ Nicaragua ကမ်းရိုးတန်း ဖြစ်ပါတယ်။ အမေရိကတိုက်ရဲ့ အလယ်ပိုင်းမှာ ရှိတဲ့ Nicaragua နိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် ဇန်နဝါရီလမှာ သွားသင့်ပါတယ်။
ရာသီဥတုက သာယာပြီး အနားယူဖို့ အကောင်းဆုံးအချိန်လို့ အဲ့ဒီနိုင်ငံသားတွေက လက်ခံထားကြပါတယ်။ ပင်လယ်ကမ်းခြေမှာ အေးဆေးအနားယူဖို့နဲ့ ရေလွှာလျောစီးဖို့ စတင်ကြံစည်နေသူတွေအတွက် အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။
(၂) Venice (ဖေဖော်ဝါရီ)
ဖေဖော်ဝါရီလမှာတော့ အီတလီနိုင်ငံ ဗင်းနစ်မြို့ကို သွားရောက် လည်ပတ်သင့်ပါတယ်။ အဲဒီမြို့မှာ ကျင်းပနေကျဖြစ်တဲ့ ဘာသာရေးပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။ ပွဲတော်ချိန်ဖြစ်လို့ ခရီးသွားလာရောက်မှုများပေမယ့် ကမ္ဘာကျော် ဘရင်ဂျီခရစ်ယာန်တို့ရဲ့ ဝါဝင်ပွဲဖြစ်တာကြောင့် ထူးခြားတဲ့ ရိုးရာဓလေ့ကို တွေ့မြင်နိုင်မှာ အသေအချာပါပဲ။
(၃) Washinton DC (မတ်လ)
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ကိုတော့ မတ်လမှာ သွားရောက်လည်ပတ်သင့်ပါတယ်။ နွေဦးဝင်စဖြစ်လို့ ချယ်ရီပန်းတွေ ကြွေတဲ့ မြင်ကွင်းဟာ သင့်စိတ်ကို ချမ်းမြေ့စေမှာ သေချာပါတယ်။ မိသားစုလိုက် သွားရောက်လည်ပတ်မယ် ဆိုရင်လည်း လည်ပတ်စရာ ပြတိုက်တွေ၊ ပန်းခြံတွေ အများအပြားရှိတာကြောင့် သင့်ကလေးတွေလည်း ပျော်ရွှင်ရမှာ သေချာပါတယ်။
(၄) Kyoto (ဧပြီလ)
မြန်မာနိုင်ငံသားတွေအနေနဲ့ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် ဧပြီလမှာ ကျိုတိုကို လည်ပတ်သင့်ပါတယ်။ ရာသီဥတုဟာ မအေးလွန်း၊ မပူလွန်းဖြစ်ပြီး ကမ္ဘာအနှံ့အပြားက မြို့ကြီးတွေနဲ့ ကွာခြားတဲ့ ဂျပန်နိုင်ငံက မြို့တွေကို လည်ပတ်ရင်း အတွေ့အကြုံအသစ်တွေ အများကြီးကို ခံစားဖို့ တိုက်တွန်းချင်ပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံမှာ ရှိတဲ့ မရေမတွက်နိုင်အောင် များပြားသော ရှေးဟောင်းအဆောက်အဦတွေနဲ့ သဘာဝအလှတွေဟာ သင့်စိတ်ကို ချမ်းမြေ့စေမှာ သေချာပါတယ်။
(၅) Lille (မေလ)
ပြင်သစ်နိုင်ငံ ပါရီမြို့ဟာ လူတော်တော်များများ အမြဲသွားလာနေကျမြို့ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်မြောက်ပိုင်းရဲ့ မြို့တော် Lille ဟာလည်း သမိုင်းဝင်မြို့တမြို့ဖြစ်ပါတယ်။ ဒီမြို့က လမ်းတွေဟာ ရာစုနှစ်ပေါင်းများစွာတည်းက သဘာဝကျောက်ခဲများနဲ့ လမ်းဖြစ်အောင် တည်ဆောက်ထားတဲ့ လမ်းတွေဖြစ်ပါတယ်။
ဒီလမ်းတွေမှာ လျှောက်ရင်း မြို့ရဲ့ အလှအပကို ခံစားရတာဟာ သင့်စိတ်ကို လန်းဆန်းစေမှာပါ။ ဒါ့အပြင် Lille မြို့မှာ ရှိတဲ့ စားသောက်ဆိုင်ငယ်လေးတွေ ရောင်းချတဲ့ ပြင်သစ်ရိုးရာစားသောက်စရာတွေဟာလည်း မြည်းစမ်းကြည့်ချင်စရာပါပဲ။
(၆) Stockholm (ဇွန်လ)
ဆွီဒင်နိုင်ငံရဲ့ မြို့တော် Stockholm ကတော့ လူတိုင်းနှစ်သက်ချင်စရာ ရိုးရာယဉ်ကျေးမှုတွေ ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီမြို့ကို လည်ပတ်မယ်ဆိုရင်တော့ မိုးနည်းတဲ့ ဇွန်လမှာ လည်ပတ်သင့်ပါတယ်။ လေတဖြူးဖြူးတိုက်ခတ်နေတဲ့ အချိန်ဖြစ်လို့ မြို့ထဲကို လမ်းလျှောက်လည်ပတ်လိုသူတွေ အကြိုက်တွေမှာ သေချာပါတယ်။
ဒါ့အပြင် ကော်ဖီဆိုင်တွေမှာ ကော်ဖီသောက်ဖြစ်အောင် သောက်သွားဖို့ ဒေသခံတွေက တိုက်တွန်းလေ့ရှိတယ်လို့ သိရပါတယ်။
Ref; destinations.com