ပြည်ပခရီးသွားလာရေးတွေမှာ မရှိမဖြစ် အရေးကြီးတာဟာ နိုင်ငံကူးလက်မှတ် (Passport) ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ Passport ဟာ ယခုနှစ်၊ အောက်တိုဘာလမှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာ့သြဇာအကြီးမားဆုံး Passport ဖြစ်လာခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအဖွဲ့ကနေ ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး Henley Passport Index က စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့တာပါ။
ယခုနှစ်ရဲ့ အစောပိုင်း လတွေမှာ မြန်မာနိုင်ငံကနေ ဗီဇာကင်းလွတ်ခွင့်ပေးခဲ့တာကြောင့် ဂျပန်နိုင်ငံရဲ့ Passport ဟာ နိုင်ငံပေါင်း ၁၉၀ ကို ဗီဇာ မလိုဘဲ သွားရောက်နိုင်ခဲ့ပြီး နံပါတ် ၁ နေရာကနေ ရပ်တည်နေတာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ Passport ဟာဆိုရင်တော့ နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို ဗီဇာမလိုဘဲ သွားရောက်နိုင်ခြင်းကြောင့် ဒုတိယနေရာကနေ ရပ်တည်နေပါတယ်။
ဂျာမနီနိုင်ငံရဲ့ Passport ကတော့ ၂၀၁၈ အစောပိုင်းကာလမှာ နံပါတ် ၁ နေရာကနေ ရပ်တည်ခဲ့ပေမယ့် လက်ရှိမှာတော့ နိုင်ငံပေါင်း ၁၈၈ နိုင်ငံကို ဗီဇာ မလိုဘဲ သွားရောက်နိုင်ခြင်းကြောင့် နံပါတ် ၃ နေရာမှာ တည်ရှိနေပါတယ်။ ဂျပန်နိုင်ငံနဲ့အတူ အောက်တိုဘာလထဲမှာ ဗီဇာကင်းလွတ်ခွင့် ပေးခဲ့တာကြောင့် တောင်ကိုရီးယားနိုင်ငံဟာ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတွေနဲ့အတူ နံပါတ် ၃ နေရာမှာ ပူးတွဲရပ်တည်နေတာလည်း တွေ့ရပါတယ်။
ဒိန်းမတ်၊ အီတလီ၊ ဖင်လန်၊ ဆွီဒင်နဲ့ စပိန်နိုင်ငံတွေကတော့ ဒီစစ်တမ်းကောက်ယူမှုရဲ့ အဆင့် နံပါတ် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ UK နိုင်ငံတွေဟာဆိုရင်တော့ နိုင်ငံပေါင်း ၁၈၆ နိုင်ငံကို ဗီဇာမလိုဘဲ သွားရောက်နိုင်တာကြောင့် နံပါတ် ၅ နေရာကနေ ရပ်တည်နေပါတယ်။
ရုရှားနိုင်ငံကတော့ စက်တင်ဘာလတုန်းက ထိုင်ဝမ်နိုင်ငံကနေ ရုရှားနိုင်ငံသားတွေကို ဗီဇာ ကင်းလွတ်ခွင့်ပေးခြင်းကို ရုတ်သိမ်းခဲ့တဲ့ ကြေညာချက်ကြောင့် အဆင့် ၄၇ အထိကို ထိုးဆင်း ကျသွားခဲ့ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံဟာ အဆင့် ၇၁ နေရာကနေ ရပ်တည်နေပြီး ၂၀၁၇ ခုနှစ်မှာ ၁၄ ဆင့်ခန့် တက်သွားတယ်လို့ သိရပါတယ်။
Henery passport Index ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Christian H. Kalin ကတော့ “ဒီစစ်တမ်းရလဒ်တွေဟာ သာမန်ထက် ပိုမိုထူးခြားတဲ့ ရလဒ်တွေပဲဖြစ်ပြီး တနိုင်ငံနဲ့တနိုင်ငံ လက်တွဲလုပ်ဆောင်နေတယ်လို့ ဖော်ပြနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနဲ့ ယူအေအီးနိုင်ငံ ၂ နိုင်ငံလုံးရဲ့အားထုတ်မှုတွေကတော့ ၂၀၁၇ ခုနှစ်ထက် စာရင် ပိုမိုမြင့်တက်လာတာကို တွေ့ရှိရပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင်ပြုလုပ်နေ တယ်လို့လည်း သုံးသပ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယခုသတင်းသည် CNN Travel တွင် ရေးသားထားသော Henley Index: Japanese passport now world’s most powerful သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။