ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အကြီးဆုံး Shopping Mall ဖြစ်သလို၊ အထင်ကရ သင်္ကေတ တခုဖြစ်လာမယ့် ICONSIAM Shopping Mall ကို ပြီးခဲ့တဲ့ ၉၊ ၁၀၊ ၁၁ ရက်နေ့တွေမှာ ဖွင့်ပွဲအခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာ ခရီးသွားတွေရဲ့အကြား နံပါတ် ၁ သွားရောက် အလည်ပတ်ဆုံး ဘန်ကောက်မြို့မှာ ရှိတဲ့အတွက် မြန်မာ လူမျိုးတွေအတွက် သွားရောက် လည်ပတ်စရာနေရာကောင်း တခု ဖြစ်လာမယ်လို့ ပွဲစီစဉ်သူ Index Creative Village ရဲ့ ပူးတွဲအမှုဆောင် အရာရှိချုပ် Mr.Kreingkarn Kanjanapokin က ဆိုပါတယ်။
သုံးရက်ကြာကျင်းပခဲ့တဲ့ အဲဒီ ဖွင့်ပွဲအခမ်းအနားကို ကမ္ဘာ့အဆင့်မီ အခမ်းအနားတခု ဖြစ်အောင် နောက်ဆုံးပေါ် နည်းပညာတွေ၊ တီထွင်ဆန်းသစ်မှုတွေနဲ့ Index Creative Village က တာဝန်ယူ ဆောင်ရွက် ပေးခဲ့တာဖြစ်ပါတယ်။
“ဖွင့်ပွဲ အခမ်းအနားက ထိုင်းနိုင်ငံမှာတင် ပြောစမှတ်တွင်ရုံတင်မက ကမ္ဘာတဝှမ်းကပါ ပြောစမှတ်တွင် ကျန်ရစ် စေမယ့်ပွဲတပွဲ ဖြစ်လာအောင် ရည်ရွယ်ပြီး စီစဉ် ဖန်တီးထားပါတယ်။ ဒီပွဲတခုလုံး အတွက် ထိုင်းလူမျိုးတွေကို အရင်းခံတဲ့ အိုင်ဒီယာနဲ့ ဖန်တီးထားပြီး အခုလို ထိုင်းယဉ်ကျေးမှု၊ ထိုင်းဘာသာစကား၊ အနုပညာတွေ အားလုံးကို အခြေခံပြီး ပွဲဒီဇိုင်းတွေကို ဖန်တီးရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထူးခြားတဲ့ ယဉ်ကျေးမှုရှိတဲ့ နိုင်ငံတိုင်းက ဆွဲဆောင်မှုအပြည့် ရှိကြလို့ပါ” ဟု Mr.Kreingkarn Kanjanapokin က ဆိုပါတယ်။
အမေရိကန်ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံထားတဲ့ အဲဒီ Shopping Mall ဟာ ဘန်ကောက်မြို့ရဲ့ နာမည်ကျော် ‘River of Life’ လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကျောက်ဖရားမြစ်ဘေးမှာ တည်ရှိတာ ဖြစ်ပါတယ်။
ကျောက်ဖရားမြစ်ဟာ မြစ်ကမ်းတလျှောက်မှာ မတူညီတဲ့ လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်လျှက်ရှိပြီး ဒေသ ထွက်ကုန် ပစ္စည်းတွေနဲ့ ယဉ်ကျေးမှုတို့ကို ဖလှယ်တဲ့ နေရာတနေရာ ဖြစ်ပါသည်။ ဒါကြောင့် ဖွင့်ပွဲ အခမ်းအနားကို ကျောက်ဖရားမြစ်ကို အကြောင်းပြုပြီး ဖန်တီး တင်ဆက်ထားတာလို့လည်း သူက ဆိုပါ သေးတယ်။
ဖွင့်ပွဲမှာ ဖျော်ဖြေရေးသမားပေါင်း ၁၀၀၀ ကျော်က တင်ဆက်တဲ့ ထိုင်းအကအလှတွေ၊ အဆိုတွေအပြင် ဒရုန်း အစင်းပေါင်း ၁၅၀၀ ကို အသုံးပြုပြီး ထိုင်းနိုင်ငံရဲ့ ဇာတ်ကြောင်းတွေကို ကျောက်ဖရားမြစ်ရေပြင်ကနေ ကောင်းကင်ကို သယ်ဆောင် ပုံဖော်သွားတဲ့ Drone Show လည်း ပါဝင်ပါတယ်။ အဲဒီအတွက် နည်းပညာကို Index Creative Village က Intel Technology Asia နဲ့ ပူးပေါင်းပြီး နောက်ဆုံး နည်းပညာတွေကို ပြသသွားပါတယ်။
ပြပွဲမှာ အသုံးပြုမယ့် ဒရုန်းအရေအတွက်က တောင်ကိုရီးယားနိုင်ငံ Olympic Winter Games မှာ ပြသ သွားတဲ့ Drone Show မှာ အသုံးပြုထားတဲ့ အရေအတွက်ထက် များပြားပြီး အဲဒီ ဒရုန်းတွေမှာ ထိုင်းနိုင်ငံရဲ့ အလံတွေနဲ့ နတ်သမီး Animate ပုံတွေကို သရုပ်ဖော် ပြသသွားပါတယ်။
“Drone Show ကတော့ ဒီဖွင့်ပွဲကျမှ ထိုင်းနိုင်ငံမှာ စမြင်ခွင့်ရတာဖြစ်ပြီး Show တခုလုံးရဲ့ နည်းပညာ ပိုင်းကလွဲလို့ ကျန်တာက Index Creative Village ရဲ့ တင်ဆက်မှုတွေဖြစ်ပါတယ်” လို့ Mr.Kreingkarn Kanjanapokin က ဆိုပါတယ်။
စတုရန်းမီတာ ၅၂၅၀၀၀ အကျယ်အဝန်း ရှိတဲ့ ကွန်ပေါင်းကြီးထဲမှာ ထိုင်းနဲ့ဂလိုဘယ် အမှတ်တံဆိပ် ၇၀၀၀ လောက်ရှိပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး တရားဝင် Apple Store in Thailand လည်း အပါအဝင် ဖြစ်တဲ့ ICONSIAM ကတော့ မြန်မာလူမျိုးတို့ရဲ့ ဈေးဝယ်ထွက်ဖို့ကောင်းတဲ့ နေရာအသစ်တခု ဖြစ်လာမှာ ဧကန်မလွဲပါပဲ။