ပြင်သစ်နိုင်ငံက စိတ်ဝင်စားဖွယ် သမိုင်းဝင် အဆောက်အဦများ
ပြင်သစ်ဟာ သမိုင်းဝင် အဆောက်အဦတွေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ထွန်းကားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို သူ့ရဲ့အနုပညာမြောက် အဆောက်အဦ၊ ဖက်ရှင်၊ အလှအပ၊ အစားအသောက်တွေနဲ့ ဆွဲဆောင်ထားနိုင်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ သင်ဟာ ပြင်သစ်ကို အလည်အပတ်သွားဖို့ စီစဉ်နေတယ်ဆိုရင် ဒီလိုနေရာတွေကို မဖြစ်မလည် သွားရောက် လည်ပတ်သင့်ပါတယ်။
(၁) Eiffel Tower
တနှစ်ကို လာရောက် လည်ပတ်သူ ၇ သန်းကျော် ရှိတဲ့ အီဖယ်မျှော်စင်ဟာ ပြင်သစ်သွားသူတိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာ တနေရာပါ။ သူဟာ ကမ္ဘာမှာရှိတဲ့ မျှော်စင်တွေထဲမှာ နာမည်အကြီးဆုံးပါပဲ။
(၂) Arc De Triomphe
Champs-Elysees လမ်းမကြီးမှာ တည်ဆောက်ထားတဲ့ Arc De Triomphe ဟာ ပြင်သစ်သမိုင်းဝင်သူရဲကောင်း နပိုလီယံကို ဂုဏ်ပြုပြီးတည်ဆောက်ထားတယ်လို့ သိရပါတယ်။
(၃) Palais du Louvre
Louvre ပြတိုက်ဟာ ကမ္ဘာမှာအကြီးဆုံးပြတိုက်လို့ သိရပြီး အနုပညာ လက်ရာပေါင်း ၃၈၀၀၀ ကျော်ကို ပြသထားတယ်လို့ သိရပါတယ်။ မြေအောက်ထပ်မှာလည်း အေဒီအလယ်ခေတ်က လက်ရာတွေ ရှိတာကြောင့် မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာတခုပါ။
(၄) Notre Dame
ပဲရစ်က Notre Dame ဘုရားကျောင်းဟာ ဂျာမန် ဗိသုကာလက်ရာ ဒီဇိုင်းတွေကို ကြည့်လိုရမယ့် နေရာတခုဖြစ်ပြီး ဥရောပက အကောင်းဆုံး ဘုရားကျောင်းတွေထဲက တခုပါ။ ပြင်သစ် ဝတ္ထုစာရေးဆရာကြီး Victor Hugo ရဲ့ The Hunchbak of Notre Dame (ခါးကုန်းကြီး) ဝတ္ထုကိုဖတ်ဖူးသူတိုင်းကတော့ Notre Dame ဟာ ဘယ်လိုခမ်းနားတယ်ဆိုတာ သိလောက်မှာပါ။
(၅) Sacre Coeur
ပဲရစ်မြို့ရဲ့ဘယ်ရှုထောင့်ကမဆို ကြည့်လိုရမြင်ရပြီး ၁၈၇၅ ကနေ ၁၉၁၄ အတွင်းက ဆောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ပုံစံက အိန္ဒိယက တာ့ဂျ်မဟာနဲ့တောင် ဆင်တူပါတယ်။ Sacre Coeur ရဲ့အပေါ်ကနေ ပဲရစ်မြို့ကို ကြည့်ရတာလောက် ရင်သပ်ရှုမောဖွယ်ကောင်းတာ မရှိဘူးလို့ ညွှန်းဆိုကြပါတယ်။
(၆) Opera Garnier
Charles Garnier က နပိုလီယံ ၃ အုပ်ချုပ်တဲ့ ၁၈၆၁ ကနေ ၁၈၇၅ အတွင်း တည်ဆောက်ခဲ့ပါတယ်။ အတွင်းပိုင်းမှာ ခမ်းနားတဲ့ မီးဆိုင်းတွေ၊ ပန်းချီကားတွေနဲ့အတူ လှပတဲ့လှေကားတွေက သင့်ကို ထည်ဝါတဲ့ အော်ပရာတခုကို ရောက်သွားတယ်လို့ ခံစားရမှာပါ။ အော်ပရာနဲ့ ဘဲလေးကို ကြည့်ချင်သူတွေကတော့ အွန်လိုင်းကနေ ကြိုပြီး ဘိုကင်လုပ်ဖို့ အကြံပြုထားပါတယ်။
(၇) Palais du Luxembourg
လူဇင်ဘတ်နန်းတော်ကို လှပတဲ့ ပန်းခြံတွေနဲ့ ဝန်းရံထားပါတယ်။ အီတလီမှာ မွေးဖွားတဲ့ ပြင်သစ်ဘုရင်ရဲ့ ကြင်ယာတော် Maria de Medici ဟာ ပြည်သူတွေကို သူမကို အမှတ်ရစေဖို့ စိတ်ကူးနဲ့ ဖန်တီးထားတယ်လို့လည်း သိရပါတယ်။
ဒီနေရာတွေဟာ အမှန်တကယ် လာရောက် လည်ပတ်သူတွေများသလို စိတ်ဝင်စားဖွယ် သမိုင်းကြောင်းတွေလည်း ရှိတာကြောင့် သွားလည်ဖို့ ကောင်းတဲ့နေရာတွေ ဖြစ်ပါတယ်။
Ref ; frenchmoments.eu