ကမ္ဘာ့ရှေးအကျဆုံး ဟိုတယ်က ဂျပန်နိုင်ငံမှာ ရှိတယ်ဆိုတာ အံ့သြစရာပါပဲ။ ဟုတ်ပါတယ်။ ဂျပန်က ရှေးအကျဆုံး ဟိုတယ်ကို ၇၀၅ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ရှေးအကျဆုံး ဟိုတယ်သာမကဘဲ ရှေးဟောင်း အဆောက်အဦတွေလည်း အများကြီး ရှိပါတယ်။ဒါကြောင့် ကမ္ဘာ့ရှေးအကျဆုံး ဟိုတယ်တွေက ဘယ်နိုင်ငံတွေမှာရှိလဲ ဆိုတာ လေ့လာကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
(၁) Nishiyama Onsen Keiunkan (ဂျပန်- ၇၀၅ ခုနှစ်)
အပေါ်မှာ မိတ်ဆက်ခဲ့တဲ့ ဟိုတယ်ကို ဂျပန်နိုင်ငံ Yamanashi မြို့မှာ ၇၀၅ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ခေတ်အဆက်ဆက်ကို မိသားစု တခုက ဘိုးဘွားပိုင်အမွေအဖြစ် ထိန်းသိမ်းခဲ့လို့ ဒီဟိုတယ်ဟာ ကမ္ဘာ့ရှေးအကျဆုံး ဟိုတယ်အဖြစ် ဂင်းရင်းနစ် စံချိန်တင်ခဲ့ပါတယ်။ ဟိုတယ်ဟာ Akaishi တောင်ခြေမှာ တည်ရှိပြီး ဟိုတယ်အတွင်းမှာ သဘာဝရေပူစမ်းလည်း တည်ရှိတာကြောင့် လာရောက်လည်ပတ်သူ များပြားတယ်လို့ သိရပါတယ်။
(၂) Hotel Pod Roza (ပိုလန်- ၁၇ ရာစု)
ဒီဟိုတယ်ကိုတော့ ၁၇ ရာစုအတောအတွင်းမှာ တည်ဆောက်ခဲ့ပါတယ်။ ပိုလန်နိုင်ငံ Krakow မြို့မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ ဟိုတယ်ဖြစ်လို့ သမိုင်းဆိုင်ရာ အမှတ်တရတွေအများကြီးရှိတဲ့ ဟိုတယ်တခုလည်း ဖြစ်ပါတယ်။ ဘုရင်ပေါင်းများစွာ တည်းခိုခဲ့ဖူးပြီး ကမ္ဘာကျော်ပုဂ္ဂိုလ် အမြောက်အများ တည်းခိုခဲ့ဖူးတဲ့ ဒီဟိုတယ်ကို အခုဆိုရင်တော့ အနည်းငယ် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။
(၃) The Olde Bell Coaching Inn (အင်္ဂလန်- ၁၁၃၅ ခုနှစ်)
အင်္ဂလန်နိုင်ငံ၊ Berkshire မြို့က ဟိုတယ်ဟာ ယခင်က ခရစ်ယာန်ဘုန်းတော်ကြီးတွေ စတင်ဖွင့်လှစ်ခဲ့တဲ့ ဟိုတယ် ဖြစ်ပါတယ်။ ဘုန်းတော်ကြီးတွေဟာ သူတို့ဆီ လာရောက်တဲ့ ဧည့်သည်တွေကို တည်းခိုဖို့ ပြုလုပ်ပေးရင်း တဖြည်းဖြည်း သီးသန့် တည်းခိုစရာ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဟိုတယ်က ရှုပ်ထွေးပူလောင်လှတဲ့ လန်ဒန်မြို့ကနေ မိနစ်လေးဆယ်ကွာဝေးပြီး ယခုဆိုရင် ကြင်စဦးမောင်နှံတွေရဲ့ အမှတ်တရခရီး ထွက်ရာနေ ရာဖြစ်နေပါပြီ။
(၄) Orso GriGio (အီတလီ- ၁၃၀၀ ခုနှစ်)
ယခင်က အီတလီနိုင်ငံကို လာရောက် ကုန်သွယ်သူတွေနဲ့ စာရေးဆရာတွေ ညဖက်တည်းခိုဖို့ ရည်ရွယ်ချက်နဲ့ Grauer Bär ကို ဖွင့်လှစ်ခဲ့ရာမှ ယနေ့ခေတ်မှာတော့ သမိုင်းဝင် ဟိုတယ်ကြီးအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ နွေဦး အချိန်တွေမှာ တည်းခိုသူတွေဟာ မြင်းစီးခြင်း၊ ဂေါက်ရိုက်ခြင်းနဲ့ အီတလီနိုင်ငံရဲ့ အလှအပကို ခံစားခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။ ဆောင်းရာသီကို ရောက်တဲ့အခါ အကောင်းဆုံးဝိုင်တွေကို ရောင်းချပေးပြီး ဆေးလိပ်သောက်စရာ သီးသန့်အခန်းများကို ပြုလုပ်ပေးလေ့ ရှိပါတယ်။
(၅) Zum Roten Baren (ဂျာမနီ-၁၁၂၀ ခုနှစ်)
ဂျာမနီနိုင်ငံ Freiburg မြို့မှာ တည်ရှိတဲ့ ဒီဟိုတယ်ဟာ ဥရောပတိုက်ရဲ့ ရှေးအကျဆုံးဟိုတယ် ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ နာမည်ကို မြန်မာလို “အနီရောင်ဝက်ဝံ”လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး ဟိုတယ် တည်ရှိရာမြို့ကို မြို့လို့ မသတ်မှတ်ခင်တည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဟိုတယ်ဟာ လူတန်းစားမျိုးစုံကို လက်ခံတယ်လို့လည်း သိရပါတယ်။
ဒီဟိုတယ် အားလုံးဟာ စုန်းများကို နှိမ်နင်းခဲ့တဲ့ အမှောင်ခေတ်၊ ကမ္ဘာစစ်များ၊ စက်မှုတော်လှန်ရေး၊ ပုလိပ်၊ ကပ်ဆိုးတွေ ဖြစ်ပျက်ခဲ့ပြီးတဲ့ နောက်မှာတောင် ဆက်လက် ရပ်တည်နိုင်ခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး ဟိုတယ်တွေပဲ ဖြစ်ပါတယ်။
Ref ; destinations.com