တတိယအကြိမ်မြောက် စင်ကာပူပွဲတော်ကို နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရန်ကုန်မြို့လယ်ရှိ ဘိုကလေးဈေလမ်းတွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်ပွဲတော်တွင် စိတ်လှုပ်ရှားစရာ အစီအစဉ်သစ်များ ထည့်သွင်းထားသည်ဟု သိရသည်။
စင်ကာပူ ခရီးသွားလုပ်ငန်းအဖွဲ့ (STB) က ကျင်းပသော ထိုသုံးရက်ကြာ ပွဲတော်တွင် ရန်ကုန်မြို့တွင် နေထိုင်သူများ အနေဖြင့် ကြွယ်ဝသော စင်ကာပူယဉ်ကျေးမှုကို အစားအစာ၊ မြို့ပြဒီဇိုင်း၊ ပန်းချီ၊ ဂီတ၊ ရုပ်ရှင် တို့မှ တဆင့် တွေ့ကြုံခံစားနိုင်ရန် ရည်ရွယ်ကြောင်း STB ၏ နိုင်ငံတကာ အုပ်စုမှ အမှုဆောင်ဒါရိုက်တာ ဂျွန် ဂရီဂေါရီ ကွန်စေကာအိုက ပြောသည်။
“ဒီ နှစ်စဉ်ကျင်းပတဲ့ ပွဲတော်ဟာ မြန်မာနဲ့ စင်ကာပူရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ဂုဏ်ပြုတဲ့ပွဲတော် ဖြစ်ပါတယ်။ ဒီနှစ်ပွဲတော်မှာ စင်ကာပူရဲ့ “ဆန္ဒပြင်းပြ အောင်ပွဲရ” ခရီးစဉ် ကုန်အမှတ်တံဆိပ်ရဲ့ သက်ဝင်ရှင်သန်တဲ့ အတွေ့အကြုံကို စားသုံးသူတွေကို ပေးဖို့ ရည်ရွယ်ပါတယ်” ဟုလည်း သူက ဆိုသည်။
စင်ကာပူပွဲတော်ကို ရန်ကုန်တွင် ၂၀၁၆ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပခဲ့သည်။ လွန်ခဲ့သော နှစ်နှစ်က ပွဲတော်များတွင် လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက ခရီးစဉ်များကို အထူး ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြသည်။
“ဒီတကြိမ်မှာတော့ ကျနော်တို့က အရင်နှစ်တွေနဲ့မတူ၊ တမူထူးခြားတာမျိုး လုပ်ချင်တယ်။ လေယာဉ် လက်မှတ်တို့၊ ခရီးသွားအစီအစဉ်တို့ကို အွန်လိုင်းကနေပဲ လုပ်ခွင့်ပြုမယ်။ စမ်းသပ် အစီအစဉ်သစ်တွေနဲ့ ကျနော်တို့ရဲ့ လမ်းဘေး အစားအသောက်တွေကို ပြသချင်တယ်။ မြန်မာပြည်သူတွေက စင်ကာပူ အစားအသောက် တချို့နဲ့ ရင်းနှီးပြီးသားပါ။ တချို့ မြန်မာ လမ်းဘေး အစားအသောက်နဲ့ စင်ကာပူ လမ်းဘေး အစားအသောက်တွေက ဆင်ဆင်တူတာတွေ ရှိတယ်။ ပွဲတော်မှာ နှစ်မျိုးစလုံးကို မြည်းစမ်းလို့ ရနိုင်ပါတယ်” ဟု ပြီးခဲ့သည့်အပတ် သတင်းစာရှင်းလင်းပွဲတွင် သူက ပြောသည်။
ပွဲတော်သည် မြန်မာပြည်သူများအတွက် ဆက်စပ်မှုနှင့် အဓိပ္ပာယ်ပြည့်ဝစေရန် STB က ဒို့အိမ် အပါအဝင် ပြည်တွင်း လုပ်ဖော်ကိုင်ဘက် ၁၈ ဖွဲ့ကျော်နှင့် ပူးပေါင်း ဆောင်ရွက်နေသည်။
“ဘိုကလေးဈေးလမ်းမှာ ကျင်းပခွင့်ရဖို့ ရန်ကုန် အာဏာပိုင်တွေဆီက ခွင့်ပြုချက် ယူရတယ်။ ဒို့အိမ်က ရန်ကုန် အာဏာပိုင်တွေရဲ့ လုပ်ငန်းအဆင့်ဆင့်ကို အကျွမ်းတဝင်ရှိပြီးသား။ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ရန်ကုန် အာဏာပိုင်တွေရဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ရရှိပါတယ်။ ဒါမျိုးအရင်က မလုပ်ဖူးဘူး။ ရန်ကုန်မှာ ဒါမျိုးအခုမှ လုပ်ဖူးတာ” ဟုလည်း သူက ပြောသည်။
“စင်ကာပူကို လာလည်ဖို့ မြန်မာတွေ စိတ်ဝင်စားမှုကို ဖန်တီးပေးလိုတယ်။ မြန်မာပြည်သူတွေအတွက် စင်ကာပူကို ဆွဲဆောင်နိုင်အောင် လုပ်ရမှာက ကျနော်တို့ အလုပ်ပဲ။ ဒါပေမယ့် အရေးကြီးတာက နှစ်နိုင်ငံ ပြည်သူချင်း ဆက်ဆံရေး တည်ဆောက်ဖို့ပါ” ဟုလည်း သူက ဆိုသည်။
သုံးရက်ကြာ ပွဲတော်အတွင်း လာရောက် လည်ပတ်သူများသည် ရုပ်ရှင်များ၊ ၅၀၀ ကျပ်တန် အစားအသောက်များ၊ စင်ကာပူ ပန်းချီပြပွဲနှင့် Installations များ၊ ကလေးသူငယ် အလုပ်ရုံ၊ ကစားကွင်းနှင့် တခြား အစီအစဉ် အများအပြားကို တွေ့ကြုံခံစားနိုင်မည် ဖြစ်သည်။
“စင်ကာပူပွဲတော် (၂၀၁၈) ကို မြန်မာနိုင်ငံမှာ ပုံစံချပြီး မြန်မာတွေနဲ့ စီစဉ်ထားလို့ မြန်မာတွေအတွက် ပွဲဖြစ်ရမယ်။ အစီအစဉ် အများစုကတော့ ဆန္ဒပြင်းပြ အောင်ပွဲရ ဆိုတဲ့ အနှစ်သာရကိုပြပြီး အိပ်မက်တွေကို အကောင်အထည် ဖော်ဖို့၊ လူထုကို စိတ်တက်ကြွလာအောင် လုပ်ဖို့ မြန်မာပြည်သူတွေအနေနဲ့ စင်ကာပူရဲ့ အတွေ့အကြုံ အရသာကို ခံစားနိုင်ဖို့ပဲ” ဟု သူက ရှင်းပြသည်။
သူ၏အဆိုအရ လွန်ခဲ့သော နှစ်က မြန်မာခရီးသည် ၁၄၆၀၀၀ ဦးကျော် စင်ကာပူကို လည်ပတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်း တိုးတက်လာသည်။
“၂၀၁၈ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာခရီးသည် ၇၄၀၀၀ စင်ကာပူကို လာရောက် လည်ပတ်တယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားရာသီက အခုမှ စတာ။ ဒါကြောင့် ဒုတိယနှစ်ဝက် ထဲမှာ ခရီးသည်တွေ ပိုရောက် လာမယ်လို့ မျှော်လင့်တယ်” ဟုလည်း သူက ပြောသည်။
မြန်မာနိုင်ငံမှ ခရီးသည်အများစုမှာ မိသားစုလိုက် အပမ်းဖြေခရီးသွားသူ များနှင့် စီးပွားရေး လုပ်ငန်းအတွက် ခရီးသွား သူများ ဖြစ်ကြောင်းလည်း သူက ပြောပြသည်။
“စင်ကာပူမှာ မိသားစုတွေ၊ ကလေးတွေအတွက် လုပ်စရာတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ မိသားစု အပမ်းဖြေ ခရီးသည်တွေက ကျနော်တို့ဆီမှာ ထိပ်ဆုံးက ဖြစ်နေတယ်။ ညဘက် လည်ပတ်မှုတို့၊ ပါတီတို့ကို လာလေ့လာတဲ့ မြန်မာ လူငယ် အုပ်စုတွေလည်း ရှိတယ်” ဟု သူက ရှင်းပြသည်။
ပွဲတော်၏ အဓိက အစီအစဉ်များတွင် လာရောက် လည်ပတ်သူများအနေဖြင့် စင်ကာပူ၏ မူပိုင် 50 Cents Fest (၅၀၀ ကျပ်တန်) အစားအသောက်များ၊ စင်္ကာပူနှင့် မြန်မာ့ရိုးရာ ခေတ်သစ် အစားအစာများတို့ကို တပွဲ ၅၀၀ ကျပ်ဖြင့် အစားအသောက်ဆိုင်ခန်း ၂၀ တွင် စားသုံးနိုင်မည် ဖြစ်သည်။
စင်ကာပူနိုင်ငံ၏ ခရီးသည် စွဲဆောင်သော နေရာများဖြစ်သည့် Sentosa Island, Gardens by the Bay, Resorts World Sentosa, နှင့် Wildlife Reserves Singapore တို့ကို interactive stations များမှ တဆင့် တွေ့ကြုံ ခံစားနိုင်မည်ဖြစ်သည်။
“စင်ကာပူပွဲတော် (၂၀၁၈) က တဆင့် မြန်မာပြည်သူတွေဟာ အားလပ်ရက် လည်ပတ်တဲ့ နေရာတခု အဖြစ်သာမက ရှာဖွေတွေ့ရှိမှုတွေ ရနိုင်မယ့်၊ သူတို့ရဲ့ စိတ်ဆန္ဒတွေ ပြင်းပြင်းပြပြ ခံစားနိုင်မယ့် နေရာအဖြစ်နဲ့ပါ စင်ကာပူနဲ့ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆက်စပ် လာမယ်လို့ ကျနော်တို့ မျှော်လင့်တယ်” ဟု သူက ပြောသည်။
(Explore Lion City’s Food and Arts at 3rd Singapore Festival ကို ဆီလျော်အောင် ဘာသာပြန်သည်။)