ယခုနှစ်အတွင်း အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ခရီးသည် ဝင်ရောက်မှုမှာ ၂.၈ သန်းရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ကြေညာသောကြောင့် ယခင်နှစ် ယခုအချိန်ထက် ခရီးသည် ဝင်ရောက်မှု အနည်းငယ် မြင့်တက်လာသည်။
အထက်ပါ ဝန်ကြီးဌာန၏ နောက်ဆုံးစာရင်းများအရ ခရီးသည် ၂၈၄၄၅၀၈ ဦး ဝင်ရောက်ခဲ့သောကြောင့် ယခုနှစ် ဆယ်လအတွင်း ၂၀၁၇ ခုနှစ်ကထက် ၁.၂ ရာခိုင်နှုန်း တိုးတက်လာသည်။
အနောက်နိုင်ငံများမှ ခရီးသည်ဝင်ရောက်မှုမှာမူ ကျဆင်းနေသည်။ အနောက်နိုင်ငံများနှင့် အရှေ့ဥရောပမှ လာရောက်မှုသည် ၂၆.၂ နှင့် ၁၃.၆ ရာခိုင်နှုန်း အသီးသီးကျဆင်းသည်။ မြောက်အမေရိကမှ လာရောက်မှုမှာ ၁၄.၆ ရာခိုင်နှုန်း ကျဆင်းသည်။
တဖက်တွင်မူ အာရှနိုင်ငံများမှ လာရောက်မှုသည် ခုန်တက်လာပြီး ဗီဇာဖြင့် ဆိုက်ရောက်ခြင်း၏ ၇၇ ရာခိုင်နှုန်း ရှိလာသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အကျပ်အတည်းကြောင့် အချို့ ခရီးသွားလုပ်ငန်းများသည် မြန်မာနိုင်ငံကို ရှောင်ကျဉ်လာသောကြောင့် အနောက်တိုင်း ခရီးသွားအများအပြားသည် ကြိုတင်မှာကြားမှုများကို ပယ်ဖျက်ကြသကဲ့သို့ပြည်တွင်း ခရီးသွားလုပ်ငန်းများအနေဖြင့်လည်း အနောက်တိုင်းမှ လာရောက်လည်ပတ်မှု ကျဆင်းမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။
အောက်တိုဘာလက ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် မက္ကာအိုမှ ခရီးသည်များကို ဗီဇာ လိုအပ်ချက် ဖြေလျှော့ခဲ့သည့် တလတာအတွင်း ထိုနေရာများမှ ခရီးသည် အရေအတွက် ရုတ်တရက်မြင့်တက်လာသည်ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးသက်လွင်တိုးက ပြောသည်။
သို့သော် ထိုခရီးသည်များအနေဖြင့် ပြည်တွင်းတွင် ငွေပိုသုံးလာစေရေး အားပေးမြှင့်တင်ရန် အစိုးရက မူဝါဒ ဖော်ထုတ် ချမှတ် လုပ်ဆောင်သင့်ကြောင်း သူက တိုက်တွန်းသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် ခရီးသွား ၃.၄၄ သန်းရရှိခဲ့သည်။ ၂၀၁၈ ခုနှစ်ကုန်တွင် ခရီးသည် ၄ သန်းရရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။
(Foreign Visitor Numbers Up Despite Dip in Western Tourists ကို ဘာသာပြန်ဆိုသည်။)