Travel

သရေခေတ္တရာကို အရောက်သွားစို့

Want create site? Find Free WordPress Themes and plugins.

မရေမရာ ဖြစ်နေသည့် UNESCO ၏ ကမ္ဘာ့အမွေ အနှစ် စာရင်းဝင်ဖြစ်ရန် ပုဂံ၏ လျှောက်ထားမှုနှင့် ပတ်သက်၍ ယခုနှစ် အတွင်း အလေး ပေးနေကြသည့် အချိန်တွင် မြန်မာနိုင်ငံ၌ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတခု ရှိနေပြီး ဖြစ်ကြောင်း မေ့မထားသင့်ကြပါ။

ရှေးဟောင်းမြို့တော်များဖြစ်သည့် ဗိဿနိုးနှင့် ဟန်လင်းတို့နှင့် အတူ သရေခေတ္တရာက မြန်မာနိုင်ငံ မှ အင်အားကြီးသော ပျူဘုရင့်နိုင်ငံတော် တည်ရှိခဲ့သော နေရာများဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် UNESCO ၏ ကမ္ဘာ့အမွေအနှစ် စာရင်းသို့ ထည့်သွင်းခြင်းခံခဲ့ရသည်။

ပျူဘုရင့်နိုင်ငံသည် ဘီစီ၂၀၀ မှ အေဒီ ၉၀၀ အတွင်းတွင် စည်ပင်ထွန်းကားခဲ့သည်။ ယနေ့ အချိန်တွင် ခရီးသည်အများစုက ကြီးကျယ်ခန်းနားသည့် သရေခေတ္တရာ ပျူမြို့ဟောင်းနေရာများကို လေ့လာ လည်ပတ်ရန် ပဲခူးတိုင်း ပြည်မြို့နယ်သို့ လာရောက်ကြသည်။

မော်တော်ဆိုင်ကယ်တစီး သို့မဟုတ် တုတ်တုတ်(၃ ဘီးဆိုင်ကယ်)တစီး ငှားရမ်း၍ ဖြစ်စေ ကိုယ်ပိုင်ကားနှင့် ဖြစ်စေ နေ့တဝက်ခန့် အချိန်ယူ၍ အဆိုပါနေရာများသို့ သွားရောက်နိုင်ပါသည်။ သရေခေတ္တရာတွင် လမ်းလျှောက်၍ သို့မဟုတ် စက်ဘီးနှင့် သွားလာရန် တနေရာမှ တနေရာက အလှမ်းကွာလွန်းပါသည်။

မြို့ပြ အချက်အချာဖြစ်သည့် ပြည်မြို့မှ ထွက်ခွာလာခဲ့ပြီးနောက် သရေခေတ္တရာ၏ အပြင်ဘက်နယ်နိမိတ်သို့ နဂါးတွန့် တံခါးတွင် ရောက်ရှိမည် ဖြစ်သည်။ နဂါးတွန့် တံခါးသည် ရှေးဟောင်းမြို့တော်ကို တချိန်က ကာကွယ်ထားသော တံခါး ၉ ခု အနက်မှ တခုဖြစ်ပါသည်။ ယနေ့ခေတ်တွင် ကြွင်းကျန်သမျှမှာ အနီရောင် အုတ်နံရံ အပျက်အစီးများ ဖြစ်ပါသည်။ ကြီးမားသည့် အဖြူရောင် UNESCO ကမ္ဘာ့အမွေအနှစ် ကျောက်တိုင်အမှတ်အသားက ဤနေရာသည် သမိုင်းဝင် ထူးခြားသော နေရာတခု၏ ဝင်ပေါက်ဖြစ်ကြောင်း သတိပေးနေသည်။

ရဟန္တာ ဂူဘုရားက တံခါး ပိတ်ထားသော်လည်း မူလ ကျောက်ဆစ်လက်ရာဖြစ်သည့် ဗုဒ္ဓရုပ်ပွားတော်များကို တံခါးများကို ဖြတ်၍ လှမ်းမြင်နိုင်ပါသည်/ Marie Starr

နောက်ထပ် ရပ်နားရမည့် နေရာက ပြတိုက်ဖြစ်ပါသည်။ (ဝင်ကြေးက နိုင်ငံခြားသား တဦးလျှင် ၅၀၀၀ ကျပ်ပေးရပြီး အများ ပြည်သူ ရုံးပိတ်ရက်များတွင် ပြတိုက်ပိတ်ပါသည်။) ပြတိုက်တွင် ပိုမို၍ တန်ဘိုးကြီး၍ ထူးခြားသော သရေခေတ္တရာမှ ရှေးဟောင်းသုတေသန တွေ့ရှိမှုများကို ပြသထားပြီး သင်မြင်တွေ့ရတော့မည့် အရာများအတွက် နောက်ခံ အကြောင်း အချက်အလက်များပေးပါသည်။ နိုင်ငံခြားသားများအတွက် သရေခေတ္တရာ ဇုန်ဝင်ကြေး ၅၀၀၀ ကျပ်ပေးရန် သင်၏ ယာဉ်မောင်းက ခေါ်သွားမည့် နေရာဖြစ်ပါသည်။

နန်းတော် ဟောင်းနေရာ၌ ဘုရင့်နိုင်ငံတော်တွင် နေထိုင်သူများထဲမှ အရေးအပါဆုံးသူများကို ကာကွယ်ရန် ပျူခေတ် အတွင်း ဆောက်လုပ်ခဲ့သည့် တချိန်က ထူထဲ၍ တောင့်တင်းခိုင်မာခဲ့သည့် တံတိုင်းတခု၏ အကြွင်းအကျန်များကို မြင်ရ လိမ့်မည် ဖြစ်သည်။ ထိုနေရာတွင် ရှာဖွေတူးဖော်မှုများ ပြုလုပ်သည့်အခါ သံထည်ပစ္စည်းများ၊ အုတ်ကြွပ်အမိုးများ၊ အဖိုးတန် ကျောက်မျက်များဖြင့် ပြုလုပ်ထားသည့် ဆံထိုးများနှင့် စာရေးထားသည့် အုတ်များ တွေ့ရှိခဲ့ရသည်။ ယနေ့အချိန်တွင် တံတိုင်း အပြိုအပျက်များသာ ကျန်နေပြီး ဆိတ်တအုပ်က ၎င်းတို့ကြားတွင် ပြေးလွှားကစားနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ထို့နောက် သစ်ပင်များ ဝိုင်းရံထားသည့် ထင်ထင်ရှားရှား မရှိလှသည့် ရေကန်တခုဖြစ်ပြီး ဘောဘောကြီး ဘုရားကို နောက် ခံတွင် မြင်နေရသော ရဟန္တာကန်က ဗုဒ္ဓဘာသာ ရဟန်းများ ဉာဏ်အလင်းကို ရရှိပြီးနောက် ရေချိုးကြသည့် နေရာဖြစ်သည်ဟု ဆိုကြသည်။ အနီးအနားရှိ တောင်ကုန်းများမှ ရေကို ပတ်ဝန်းကျင် ဧရိယာသို့ တနှစ်ပတ်လုံး ရေပေးသည့် ရှေးဟောင်း ဘုရင့်နိုင်ငံ၏ ခေတ်မီသော ဟိုက်ဒရောလစ် ကွန်ရက်၏ သင်္ကေတလည်း ဖြစ်သည်။ အနားရှိ ရဟန္တာ ဂူဘုရားက တံခါး ပိတ်ထားသော်လည်း မူလ ကျောက်ဆစ်လက်ရာဖြစ်သည့် ဗုဒ္ဓရုပ်ပွားတော်များကို တံခါးများကို ဖြတ်၍ လှမ်းမြင်နိုင်ပါသည်။

စပါးခင်းများ၊ ပြောင်းခင်းများနှင့် ပဲပင်များအတွက် စင်ထောင်နေကြသည့် လယ်သမားများကို ကျော်ဖြတ်ခဲ့ပြီးနောက် နာမည်အကြီးဆုံး ထုထည်အကြီးမားဆုံး ပျူခေတ်စေတီများထဲတွင် တခု အပါအဝင် ဖြစ်သည့် ဘောဘောကြီး ဘုရားသို့ ရောက်မည် ဖြစ်သည်။ ကြီးမားသည့် ဆလင်ဒါပုံ စေတီက အမြင့် ၄၇ မီတာ ခန့်မြင့်မားပြီး အသေးစိတ် မွမ်းမံဆင်ယင် ထားခြင်း မရှိခြင်းက ဤစေတီက မည်မျှရှေးကျသည်ကို ဖော်ပြနေသည့် သင်္ကေတ တခုဖြစ်သည်။ ပတ်ဝန်းကျင်ကို တူး ဖော်ရှာဖွေမှုများ ပြုလုပ်ရာတွင် အေဒီ ၆ရာစုအတွင်းက ပျူစာများ ရေးထိုးထားသည့် ကျောက်တုံးများကို တွေ့ရှိခဲ့ရသည်။ ဘောဘောကြီး ဘုရားသည် မြန်မာနိုင်ငံမှ သက်တမ်းအရင့်ဆုံး ဘုရားပုထိုးများထဲတွင် တခုအပါအဝင် ဖြစ်သည်ဟု ဆိုကြပြီး လပြည့်နေ့တွင် ဒေသခံများက ပန်းများဖြင့် တန်ဆာဆင်ထားသည့် ဘုရားသို့ လာရောက်၍ ရှိခိုးဆုတောင်းကြသည်။ သစ်သီးများ ကပ်လှူကြသည်။ ထိုအချိန်တွင် သီချင်းများကို အသံချဲ့စက်ဖြင့် ဖွင့်ထားပြီး လာရောက်သူများ အားလုံး ကို အစားအစာများ အခမဲ့ ကျွေးမွေးသည်။

ဘုရားမာ က နောက်ထပ် ကြီးမားသောစေတီတဆူ ဖြစ်ပြီး ၄၂ မီတာမြင့်သည်/ Marie Starr

နောက်တနေရာ ဖြစ်သည့် ဗိဿနိုး ဘုရင်မ၏ သင်းချိုင်းတွင် ကြီးမားသော ကျောက်ပန်းအိုး ၆ ခုက မြေကြီးထဲတွင် တပိုင်းတစ နစ်မြုပ်နေသည်။ တန်ခိုးကြီးသည့် ပျူဘုရင်မနှင့် သူ၏ ဆွေမျိုးများကို ထိုနေရာတွင် မြှုပ်နှံထားသည်ဟု ဒေသခံတို့က အစဉ်အဆက် ယုံကြည်ခဲ့ကြသည်။

ဘုရားမာ က နောက်ထပ် ကြီးမားသောစေတီတဆူ ဖြစ်သည်။ ယခုအချိန်တွင် ဥပုံသဏ္ဍန်ရှိ၍ ၄၂ မီတာမြင့်သည်။ အတွင်းက အခေါင်းပွဖြစ်ပြီး ဗုဒ္ဓ၏ ဓာတ်တော်များကို ဌာပနာထားသည်ဟု ပြောကြသည်။ သီတင်းကျွတ် လပြည်နေ့တွင့် ဘုရား ပရဝုဏ် အတွင်း၌ ပွဲတော်ငယ်တခု ပြုလုပ်လေ့ရှိပါသည်။ အမျိုးသားများက ကြိုးများကို အသုံးပြု၍ စေတီပေါ်သို့ တွယ်တက်ကြပြီး အုတ်များကြားတွင် တနှစ်ပတ်လုံး ပေါက်ရောက်နေခဲ့သော မြက်များ အပင်များကို ရှင်းလင်းပေးကြပါသည်။

ဘုရားကြီးက ပြည်မြို့ အပြင်ဘက်တွင်တည်ရှိသည့် နောက်ထပ် ဘုရားတဆူ ဖြစ်ပါသည်။ စိမ်းစိုသည့် စိုက်ပျိုးမြေများ ကြားထဲမှ မြင့်မြင့်မားမား ထိုးထွက်နေသည့် ဘုရားကြီးက ကျန်ဘုရားများလောက် ထင်ရှားခြင်းမရှိသော်လည်း ဗုဒ္ဓ၏ ညာ ဘက်ခြေမှ ခြေသည်းကို ဌာပနာထားသည်ဟု ဒေသခံများက ယုံကြည်ထားကြသည်။

ပြည်မြို့က လည်စရာများ

ပြည်မြို့က ပုံမှန် ကမ္ဘာလှည့်ခရီးစဉ် လမ်းကြောင်းများတွင် မပါဝင်ပါ။ ထို့ကြောင့် စစ်မှန်သည့် ဒေသ အတွေ့အကြုံနှင့် ကြိုဆိုမှုများ ပေးပါသည်။ ပြည်နှင့် ပတ်သက်သည်အားလုံးကို လေ့လာရန် ၂ ရက် ဆိုလျှင် လုံလောက်ပါသည်။

ခရီးသည်များ အနေဖြင့် သရေခေတ္တရာ သို့သွားရောက်သလို ပြည်မြို့မှ ၂ နာရီ ခရီးအကွာတွင်ရှိသော အကောက်တောင် သို့လည်း သွားရောက်သင့်ပါသည်။ မြစ်ကမ်းတလျှောက်မှ တောင်ကမ်းပါးမှ ကျောက်သားမျက်နှာ ပြင်တွင် ဒါဇင်နှင့်ချီ သော ဗုဒ္ဓဆင်းတုများ ထုလုပ်ထားသည်။ ရွှေဆံတော် ဘုရားက မြို့လယ်တွင် တည်ရှိသော အထင်ကရ ဘုရားတဆူ ဖြစ် ပြီး နေဝင်ချိန်ဝန်းကျင်တွင် သွားရောက်သင့်ပါသည်။ သုံးပန်လှကျောင်းက ပြည်မြို့မှ မိနစ်၃၀ ခရီးအကွာ သို့မဟုတ် ဗိဿ နိုး ဘုရင်မ သင်းချိုင်းမှ ၁၀ မိနစ် ခရီးအကွာတွင် ရှိပြီး လှပသည့် အစွန့်ပစ်ခံ ဘုန်းတော်ကြီးကျောင်းတခု ဖြစ်ပါသည်။ ယခု အခါ ဓာတ်ပုံဆရာများနှင့် မော်ဒယ်များအတွက် ပျောက်ဆုံးနေသည့် ဘုရင့်နိုင်ငံတော် အငွေ့အသက်များပေးသည့်ရေပန်း စားသောနေရာတခု ဖြစ်လာသည်။

ပြည်မြို့မှ ၂ နာရီ ခရီးအကွာတွင်ရှိသော အကောက်တောင်တွင် မြစ်ကမ်းတလျှောက်မှ တောင်ကမ်းပါးမှ ကျောက်သားမျက်နှာ ပြင်၌ ဒါဇင်နှင့်ချီ သော ဗုဒ္ဓဆင်းတုများ ထုလုပ်ထားသည်/ Marie Starr

ပြည်မြို့တွင် ညစာစားရန် အတွက် မြစ်ကမ်းပါးတွင်တည်ရှိသော ကမ်းနားလမ်းမှ Wish စားသောက်ဆိုင်က အလွန်လူ ကြိုက်များပါသည်။ ရှုခင်းကောင်းပြီး အစားအစာလည်း ကောင်းသည်။ သက်ဝင်လှုပ်ရှားနေသော ညဈေးက စာတိုက် ဟောင်းလမ်းတွင် မှောင်ရီပျိုးသည့် အချိန်၌ စတင်ရောင်းချ၍ ညစာအတွက် အရသာရှိပြီး ဈေးနှုန်း ချိုသာသော ရွေး ချယ်စရာ အများအပြားကို ပေးပါသည်။ ညဈေးတန်း၏ အဆုံးတွင် ဗေဒါရီ Food Village က လမ်းဘေး အစားအစာများကို ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချသည့် ခေတ်မီစားသောက်ဆိုင်တခု ဖြစ်ပါသည်။ လမ်းဘေးတွင် ခင်းထားသည့် ခုံများကြောင့် ညနေခင်းတွင် ဘီယာသောက်ရင်း ငေးချင်သူများအတွက် အကောင်းဆုံး နေရာတခု ဖြစ်သည်။

တည်းခိုရေးအတွက် ရွေးချယ်စရာများထဲတွင် အလယ်ဗဟိုကျ၍ အပြင်ဖက်တွင် ရေကူးကန်ငယ်တခုလည်း ပါဝင်သော Lucky Dragon ဟိုတယ်(ဒေါ်လာ ၄၀) နှင့် မြို့နှင့် ဝေးသည့် နေရာတွင် တည်ရှိသော်လည်း သရေခေတ္တရာနှင့် နီးသည့် ဟိုတယ်သစ် Ksetra( ၂၅ ဒေါ်လာ) တို့ ပါဝင်သည်။

ပြည်မြို့သို့ ရန်ကုန်မှ ဘတ်စ်ကားဖြင့် သွားလျှင် ၇ နာရီ ဝန်းကျင်ခန့် ကြာမြင့်ပြီး ကားများက တနေ့လုံး ပုံမှန်ထွက် နေပါ သည်။ ပြည် အဝေးပြေးကားဂိတ်က မြို့လယ်မှ တုတ်တုတ်နှင့် ၁၀ မိနစ်ခန့်သွားရသည့် နေရာတွင် ရှိပါသည်။ ရထားဖြင့် သွားမည်ဆိုလျှင် ရထားက ရန်ကုန် ဘူတာကြီးမှ နေ့လည် ၁ နာရီတွင်ထွက်ပြီး ပြည်သို့ ည ၉နာရီ၃၀ မိနစ် ဝန်းကျင်တွင် ရောက်ပါသည်။ ကိုယ်ပိုင်ကားဖြင့် သွားမည်ဆိုပါက ၆ နာရီ သို့မဟုတ် ထိုထက် နည်းနိုင်ပါသည်။

(Sri Ksetra: UNESCO Treasure to Discover on a Short Break from Yangon ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading