အာဖရိကနိုင်ငံများအနေဖြင့် အာရှခရီးသွားလုပ်ငန်း တိုးတက်မှု (အထူးသဖြင့် တရုတ်ခရီးသွား လုပ် ငန်း တိုးတက်မှု) မှ ဝင်ငွေ ဒေါ်လာ ဘီလျံပေါင်းများစွာ ရနိုင်မည့် အကျိုးကျေးဇူးကို မခံစားရဘဲ ဖြစ်နေသည့်အတွက် ပြည်ဝင်ခွင့်နှင့် လည် ပတ်ခွင့် ဖြေလျှော့ရန် လိုကြောင်း အစိုးရ အရာရှိများနှင့် ခရီးသွားလုပ်ငန်း ခေါင်းဆောင်များက ပြောသည်။
လွန်ခဲ့သော နှစ်က တရုတ်နိုင်ငံသား ၉၇ သန်းမှာ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ကြသည်ဟု Euromonitor International သုတေသန အုပ်စု၏ အဆိုအရ သိရပြီး မိသားစု ဝင်ငွေများတိုးတက် နေသောကြောင့် ထိုအရေအတွက် သည် ၂၀၃၀ ခုနှစ်တွင် ၂၅၉ သန်းအထိ တိုးလာမည် ဖြစ်သည်။
ထိုသို့ ဖြစ်ပါက တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုကို ဖြတ်ကျော်ပြီး နိုင်ငံတကာ ခရီးသည် များအတွက် ထိပ်ဆုံး မူရင်းနိုင်ငံ ဖြစ်လာမည်ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေတွင် တရုတ်ခရီးသည် အနည်းငယ်သာ အာဖရိကသို့ သွားရောက် လည်ပတ်ကြသေးသည်။
“မနှစ်က ကျနော်တို့ တရုတ်ခရီးသည် ၁ သိန်းတောင်မရဘူး” ဟု တောင်အာဖရိက ခရီးသွားလုပ်ငန်း ဝန်ကြီး ဒါရက် ဟန်နီကွန်က တောင်အာဖရိကနိုင်ငံ စတယ်လန်ဘော့ရှ်တွင် လွန်ခဲ့သော ရက်သတ္တ ပတ်က ကျင်းပသည့် ခရီးသွား လုပ်ငန်းညီလာခံတွင် Reuters သတင်းဌာနသို့ ပြောသည်။
၎င်းက ဆက်လက်ပြီး “ဒီကိန်းဂဏန်းက မများလှဘူး။ ဒါပေမယ့် အရေးကြီးတာက ကြီးထွားမှု အလားအလာက အရမ်းကို ကြီးမားနေတယ်” ဟု ဆိုသည်။
ခရီးသွားလုပ်ငန်းသည် အာဖရိကတွင် အလျင်မြန်ဆုံး ကြီးထွားနေသော ကဏ္ဍတခုဖြစ်ပြီး လွန်ခဲ့သော နှစ်က ခရီးသွား လုပ်ငန်းမှ ဒေါ်လာ ၁၇၈ ဘီလျံရရှိပြီး စုစုပေါင်း အမျိုးသားထုတ်လုပ်မှု (GDP) ၏ ၈ ဒသမ၁ ရာခိုင်နှုန်းရှိသည်ဟု ကမ္ဘာ့ခရီးသွားလုပ်ငန်း ကောင်စီ၏ စာရင်းအရ သိရသည်။
မြောက်အာဖရိက နိုင်ငံများသည် တရုတ်ခရီးသည်များအတွက် ဗီဇာစည်းကမ်းများကို စတင်ဖြေလျှော့ နေပြီး သက်ရောက်မှု မှာ လျင်မြန်သိသာသည်။
ခရီးသွားလုပ်ငန်းအထူးပြု စီးပွားရေးသတင်းလုပ်ငန်း Forward Keys ၏ အဆိုအရ မော်ရိုကိုသည် တရုတ်ခရီးသွားများ အတွက် ဗီဇာလိုအပ်ချက်ကို ၂၀၁၆ ခုနှစ်က ဖျက်သိမ်းခဲ့ပြီးနောက် တရုတ်နိုင်ငံ သားများ လာရောက်လည်ပတ်မှုမှာ ၄၄၀ ရာခိုင်နှုန်း ထိုးတက်သွားခဲ့သည်။ တူနီးရှားသည်လည်း နောက်တနှစ်အကြာတွင် ထိုနမူနာအတိုင်း လိုက်လံ လုပ်ဆောင် ခဲ့ပြီးနောက် တရုတ်ခရီးသည် ဝင်ရောက်ရှိမှု ၂၁၄ ရာခိုင်နှုန်းထိ တိုးတက်ခဲ့သည်။
အိန္ဒိယ သမုဒ္ဒရာ အပန်းဖြေစခန်ကျွန်းဖြစ်သော မောရစ်သျှ နှင့် ဆိုင်ချဲလိစ် တို့သည်လည်း တရုတ်ခရီး သည်များအတွက် ဗီဇာကင်းလွတ်ခွင့် ပေးခဲ့သည်။
သို့သော် ဆာဟာရတောင်ပိုင်း နိုင်ငံများအားလုံးတွင်မူ ဗီဇာလိုအပ်နေဆဲဖြစ်ပြီး အနည်းငယ်မျှသာ ဆိုက်ရောက်ဗီဇာ ခွင့်ပြုထားသည်။
အာဖရိက၏ ထိပ်တန်း ခရီးသွားလည်ပတ်ရာဖြစ်သော တောင်အာဖရိက၏ ခရီးသွားကဏ္ဍသည် လူ ၇ သိန်းခန့်ကို အလုပ် ပေးထားပြီး နိုင်ငံတကာ ခရီးသည်များသည် လွန်ခဲ့သော နှစ်က ဒေါ်လာ ၉ ဒသမ ၂၂ ဘီလျံ သုံးစွဲခဲ့ကြသည်။
သမ္မတ စီရေးလ် ရာမာဖိုဆာသည် သူ၏ စီးပွားရေးပြန်လည်ရှင်သန်ရေးတွင် ခရီးသွားလုပ်ငန်းကို အဓိက ဒေါက်တိုင်အဖြစ် သတ်မှတ်ထားသော်လည်း အစိုးရသည် အာရှဈေးကွက်ကို စွဲဆောင်ရန် လုံလောက်ခြင်းမရှိကြောင်း ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ပါဝင်သူများက ပြောသည်။
“ကျနော်တို့ တရုတ်နိုင်ငံမှာ ပိုမိုလုပ်ဆောင်ဖို့လိုတယ်။ တရုတ်ခရီးသည် ၁ သန်းလောက်ပဲ ရတယ် ထားပါဦး။ အလုပ် အကိုင်တွေ ဘယ်လောက်ဖန်တီးနိုင်မလဲ။ အိန္ဒိယနဲ့ ပတ်သက်ပြီးတော့လည်း အလားတူ လုပ်ဆောင်ရမယ်” ဟု တောင်အာဖရိက ခရီးသွားလုပ်ငန်း ကောင်စီမှ အမှုဆောင်အရာရှိ ချုပ် ရှစ်ဟီဝါ ရှီဗန်ဂဝါ က ဆိုသည်။
ဗီဇာစည်းကမ်းချက်များအတွက် အာရှခရီးသည်များသည် သံရုံးများသို့ လူကိုယ်တိုင် သွားရောက် လျှောက်ထားရန်လိုပြီး ယင်းမှာ အဓိက အတားအဆီး ဖြစ်နေသည်။
“ကြီးမားတဲ့အခွင့်အလမ်းက အရှေ့ဘက်မှာ ရှိနေတယ်။ အိန္ဒိယနဲ့ တရုတ်ပဲ။ အဲဒီနိုင်ငံတွေ နဲ့ပတ်သက် ရင် ဗီဇာအရ အရမ်းကို တင်းကျပ်နေတယ်။ ဒါကို လျှော့ချနိုင်ရင် အမှန်တကယ်ပဲ တိုးတက်မှုကို တွေ့ ရမယ်” ဟု Airbnb ၏ တောင်အာဖရိက မန်နေဂျာ ဗယ်လ်မာ ကော်ကိုရန်က ပြောသည်။
ဗီဇာစည်းကမ်းချက်များသည် အခွင့်အရေး ဆုံးရှုံးမှုဖြစ်စေသည်ဟု Forward Keys မှ ဒုဥက္ကဌ အိုလီဗာ ပွန်တီက ပြောသည်။
၎င်းက “ဒီဈေးကွက်မှာ အာဖရိကက ကိုယ့်ကိုကိုယ် နေရာချမထားနိုင်သမျှ စီးပွားရေးဆုံးရှုံးမှာပဲ” ဟုလည်း ဆိုသည်။
ကနဦး တိုးတက်မှုများရှိနေသည့် အင်ဂိုလာသည် တရုတ်နိုင်ငံသားများအတွက် ဗီဇာလုပ်ငန်း အဆင့် ဆင့်ကို ဇန်နဝါရီလက ရိုးရှင်းလွယ်ကူအောင် လုပ်ဆောင်ခဲ့ပြီး အီသီယိုပီးယားက တရုတ်နိုင်ငံသား များအတွက် အီးဗီဇာ (Electronic Visa) ကို မေလတွင် ခွင့်ပြုခဲ့သည်။
တောင်အာဖရိကသည် စည်းကမ်းချက်များကိုလည်း ဖြေလျော့ရန် ကြိုးစားနေပြီး အမေရိကန် သို့မဟုတ် ဥရောပ ရှန်ကန် ဇုန် ဗီဇာရှိပြီးသော တရုတ်ခရီးသည်များကို ဗီဇာကင်းလွတ်ခွင့်ပေးရန် အလားအလာ ရှိနေသည်။
“ဒီကိစ္စက ဘာမှစဉ်းစားနေစရာမလိုဘူး။ နိုင်ငံထဲကို ဧည့်သည်လာဖို့ လွယ်အောင်လုပ်ရင် ရလဒ်က မြန်ဆန်ပြီး အရမ်းကို ကောင်းမွန်တယ်။ ဒါလုပ်ဖို့လိုတယ်” ဟု ဟန်နီကွမ်က ပြောသည်။
(African countries wooing Chinese tourists အား ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)