အိန္ဒိယနိုင်ငံမှာ ကဗျာဆရာတွေရဲ့ ဖွဲ့နွဲ့ခြင်းကို အမြဲခံရတဲ့ နေရာတခုက Taj Mahal ပါ။ ၁၉၆၁ ခုနှစ်မှာ အိန္ဒိယဘုရင်တပါးဖြစ်တဲ့ Shan Jahan က သူရဲ့ ကလေးကို မွေးဖွားပေးရင်း သေဆုံးသွားတဲ့ မိဖုရားအတွက် အမှတ်တရအနေနဲ့ တည်ဆောက်ခဲ့တာပါ။
အိန္ဒိယ ဘုရင်က သူ့ရဲ့အချစ်ကို သက်သေပြဖို့ တည်ဆောက်ခဲ့တဲ့ နေရာဖြစ်လို့ ယနေ့ခေတ်အထိ စုံတွဲတော်တော်များများရဲ့ အချစ်သက်သေ နေရာတခုအဖြစ် သွားရောက်လည်ပတ်စရာ ဖြစ်နေပါတယ်။ အခုဆိုရင် Taj Mahal ဟာ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ နေရာတခု ဖြစ်သွားပါပြီ။
(၁) ဝင်ရောက် လည်ပတ်ခွင့်ဆိုင်ရာ အချက်အလက်များ
Taj Mahal ကို လည်ပတ်မယ်ဆိုရင် ဂရုပြုရမှာတွေ ရှိပါတယ်။ သောကြာနေ့တိုင်း Taj Mahal ကို ပိတ်ပါတယ်။ လာရောက်လည်ပတ်သူတွေဟာ အရှေ့ဘက်၊အနောက်ဘက်နဲ့ တောင်ဖက် မုခ်တွေကနေ ဝင်ရောက်နိုင်ပါတယ်။ အုပ်စုလိုက် စုပေါင်းလာကြသူတွေက အရှေ့ဘက်နဲ့ အနောက်ဘက် မုခ်တို့က ဝင်လေ့ရှိပြီး သီးခြားလာရောက်လည်ပတ်သူတွေက တောင်ဖက်မုခ်ကို အသုံးပြုကြပါတယ်။ အဓိက ဝင်ပေါက်ကတော့ ငွေကြေးကုန်ကျမှုအနည်းငယ် ပိုများတယ်လို့ သိရပါတယ်။
(၂) တားမြစ်ထားခြင်းများ
ဓာတ်ပုံနဲ့ ဗီဒီယို ကင်မရာတွေကို ယူသွားခွင့် ရှိပေမယ့် ဗလီအတွင်းမှာတော့ ဓာတ်ပုံရိုက်ကူးခြင်းကို ခွင့်မပြုပါဘူး။ ဓာတ်ပုံရိုက်ရတဲ့ နေရာတွေ ရှိပေမယ့်လည်း ကန့်သတ်မှုတွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးခြင်းကို နေရာတော်တော်များများမှာ ကန့်သတ်ထားပြီး Tripods ကိုတော့ သယ်ဆောင်ခွင့် မပြုပါဘူး။
ဝင်ခွင့် လက်မှတ်ဝယ်ပြီးသွားရင် ရေသန့် တဘူး လက်ဆောင်ပေးပြီး စီးလာတဲ့ ဖိနပ်အပေါ်က ထပ်စီးဖို့ ဖိနပ်အိတ်တွေကို ပေးပါတယ်။ ပိုက်ဆံအိတ်ထက် ပိုကြီးတဲ့ အိတ်တွေကို သယ်ဆောင်ခွင့် ပိတ်ထားပြီး အနောက်ဘက်မုခ်မှာ အိတ်ထားဖို့ နေရာကို ပြုလုပ်ထားပေးပါတယ်။ အရက် ဆေးလိပ်နဲ့ အစားအသောက်တွေကို သယ်ဆောင်ခွင့် ပိတ်ပင်ထားပါတယ်။
(၃) လည်ပတ်စရာများ
အလှအပ အဆင်တန်ဆာတွေ ဆင်မြန်းထားတဲ့ ပန်းခြံ ရှိပြီး ရင်ပြင်မှာ ရေပန်းတွေနဲ့ အလှဆင်ထားပါတယ်။ ရင်ပြင်က ရေပန်းက ရေမဖွင့်ထားတဲ့ အချိန်မျိုးတွေမှာ ခမ်းနားလှပတဲ့ ဗလီရဲ့ အရိပ်က ရေပြင်မှာ ထင်ဟပ်နေတာကို မြင်တွေရမှာပါ။ အရှေ့ဘက်မှာ ရေပန်းတွေနဲ့ အလှဆင်ထားသလို အနောက်ဘက်အခြမ်းမှာလည်း မြစ်ကြီး တခု စီးဆင်းနေတာကို တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဗလီရဲ့ အဓိက အဆောက်အဦကို အဖြူရောက် စကျင်ကျောက်တွေနဲ့ တည်ဆောက်ထားပြီး အနုအရွ ပန်းကနုတ်တွေနဲ့ တန်ဆာဆင်ထားပါတယ်။
အချိုးညီညီ တည်ဆောက်ထားတဲ့ ဗလီရဲ့ ပုံစံက အနုလက်ရာမှာလည်း စံပြုစရာကောင်းလောက်အောင် လှပါတယ်။ ကိုရမ်ကျမ်းဂန်ပါ သမိုင်းလက်ရာတွေကိုပါ ထည့်သွင်းတည်ဆောက်ထားပြီး အပေါ်မှာ ဥလုံးပုံစံနဲ့ တည်ဆောက်ထားပါတယ်။ ထောင်ပေါင်းများစွာသော အစ္စလာမ်ဘာသာဝင်တွေဟာ Eid နေ့မှာ Taj Mahal မှာ သွားရောက် ဝတ်ပြုလေ့ရှိတယ်လို့ သိရပါတယ်။ မြေအောက်ခန်းမှာတော့ ဘုရင်နဲ့ မိဖုရားတို့ရဲ့ ရုပ်အလောင်းတွေကို ဂူသွင်းထားပြီး လာရောက်လည်ပတ်သူတွေကို ကြည့်ရှုခွင့် ပိတ်ထားပါတယ်။
Ref ; lonelynet.com