ကိုယ်တိုင်ကားမောင်းပြီး ခရီးဝေးကို သွားရတာဟာ ပျော်စရာတခုပါ။ သင်ကြိုက်တဲ့ နေရာကို ကြိုက်သလို ဝင်လည်လို့ ရပြီး ခရီးစဉ်တခုလုံးဟာ သင့်လက်ထဲမှာပဲ ရှိနေတာမျိုးပါ။ ဒါပေမဲ့ အရေးကြီးတာ တခုကတော့ ခရီးစဉ်တလျှောက်မှာ ကားမောင်းတဲ့သူ အိပ်မငိုက်သွားဖို့ပါပဲ။ ကားမောင်းသူ အိပ်ငိုက်သွားလို့ အသက်အန္တရာယ် မဖြစ်ရအောင် ဂရုစိုက်ရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အိပ်ရေးဝအောင် အိပ်ထားပါ
ဒါက နံပါတ် ၁ အရေးကြီးဆုံး အချက်ပါပဲ။ မနက်ဖက် ခရီးသွားမယ်ဆို မသွားခင်ညမှာ အိပ်ရေးဝအောင် အိပ်ထားဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကောက်ယူထားတဲ့ စစ်တမ်းအရ ကားမောင်းသူ အိပ်ငိုက်လို့ သေဆုံးရတဲ့ လူဦးရေ တနှစ်မှာ အယောက် ခြောက်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း ထို့အတူပါပဲ။ အမြန်လမ်းမှာ ကားမှောက်ရတဲ့ အဓိကအကြောင်းအရင်းတွေက မောင်းသူ ငိုက်လို့ ဖြစ်ရတာပါ။ အိပ်ရေးဝအောင် အိပ်ထားခြင်းကတော့ သမားရိုးကျ နည်းလမ်းပဲ ဖြစ်ပါတယ်။
(၂) ရေဓာတ် လုံလောက်ပါစေ
ရေဓာတ် မလုံလောက်ခြင်းဟာလည်း အိပ်ငိုက်စေပါတယ်။ ဒါကြောင့် သင်ကားမောင်းနေစဉ် ရေကို မကြာခဏ သောက်ပေးဖို့ လိုပါတယ်။ ချွေးထွက်ပြီး ကုန်ခမ်းသွားတဲ့ အားအင်တွေကို ရေက ပြန်လည် ဖြည့်တင်းပေးတာကြောင့် ပင်ပန်းတာကို သက်သာစေမှာပါ။ ရေများများ သောက်တာကြောင့် မကြာခဏ အပေါ့သွားနေရလို့ ကိုယ်လက်လှုပ်ရှားမှုလည်း ပိုပြီး ရှိနိုင်ပါတယ်။
(၃) သီချင်းဆိုပါ
ဒါကလည်း အရေးကြီးပါတယ်။ ခရီးစဉ်မှာ သူငယ်ချင်းတွေ မိသားစုတွေ ပါနေရင် သိပ်ပျင်းစရာမကောင်းပေမယ့် တယောက်တည်းသွားတဲ့အခါ ပျင်းနိုင်ပါတယ်။ ပျင်းပြီး အိပ်ငိုက်သွားတာမျိုး မဖြစ်ရအောင် သီချင်းအော်ဆိုဖို့ တိုက်တွန်းချင်ပါတယ်။ အရေးကြီးတာ တခုကတော့ သီချင်းဆိုဖို့ သီချင်းဖွင့်မယ်ဆိုရင် စပီကာ အကျယ်ကြီး မဖွင့်ဖို့ပါပဲ။ နောက်က ဟွန်းတီးတာတွေ မကြားရရင် အန္တရာယ် ရှိနိုင်ပါတယ်။
(၄) အိပ်ပါ
သီချင်းဆိုတာတွေအပြင် အပေါင်းအသင်း မိတ်ဆွေတွေနဲ့ တူတူသွားတဲ့အခါ စကားပြောတာ၊ ကတာ ဂိမ်းဆော့တာ စတဲ့ ပျော်ရွှင်စရာလေးတွေက သင့်ကို အိပ်မငိုက်အောင် လုပ်ပေးပါလိမ့်မယ်။ အခုပြောခဲ့တဲ့ အရာတွေ လုပ်နေတာတောင်မှ သင်အိပ်ငိုက်နေသေးတယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ နေရာမှာ ကားထိုးပြီးသာ အိပ်လိုက်ပါ။ အရမ်း ပင်ပန်းနေတဲ့ အချိန်မှာ ၁၅ မိနစ် နာရီဝက်လောက် အိပ်လိုက်ရရင်ပဲ အားအင်တွေ ပြည့်ပြီး ကားဆက်မောင်းဖို့ အဆင်ပြေသွားပါလိမ့်မယ်။
Ref;mmn.com