ဂျာမေကာ (Jamaica) နိုင်ငံဟာ ခရီးသွားတွေအတွက် အနားယူလို့ အကောင်းဆုံး နိုင်ငံတွေထဲက တနိုင်ငံပါ။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်နီးပါး အသုံးပြုကြပြီး ဂျာမေကာက ထွက်တဲ့ ဆေးခြောက်က ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ သတ်မှတ်ထားပါတယ်။
ရပ်ဂေးဂီတ တိုးတက်တဲ့ နေရာတခုဖြစ်ပြီး လည်ပတ်စရာနေရာတွေ အများကြီးရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဂျာမေကာကို ရောက်ရင် ကမ္ဘာကျော် ရပ်ဂေးအဆိုတော် Bob Marley ရဲ့ ပြတိုက်ကို သွားရောက် လည်ပတ်နိုင်ပါတယ်။ အပူပိုင်းဒေသရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ ဂျာမေကာ နိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင် ရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) တယောက်တည်း အပြင် မထွက်ပါနဲ့
ကမ်းခြေ အပန်းဖြေစခန်းတွေ ရှိတဲ့ နေရာမျိုးမှာတောင် တယောက်တည်း အပြင်လျှောက်မသွားတာ ကောင်းပါတယ်။ လည်ပတ်လို့ ကောင်းတယ် ဆိုပေမယ့် လည်ပတ်သူတွေရဲ့ လိင်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိတာကြောင့် လည်ပတ်မယ်ဆိုရင် လုံခြုံရေးကောင်းမွန်တဲ့ ဟိုတယ်တွေမှာသာ တည်းခိုသင့်ပါတယ်။
(၂) လိုင်းကားတွေကို အရမ်း အားမကိုးပါနဲ့
ဂျာမေကာဟာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံဖြစ်တာကြောင့် လိုင်းကားတွေဟာ အရမ်းအကောင်းကြီး မဖြစ်သေးပါဘူး။ မတော်တဆ လိုင်းကားပေါ်မှာ အိပ်ပျော်သွားတာမျိုးတွေ ဖြစ်ခဲ့ရင်တော့ သင့်လုံခြုံရေးကို စိတ်ချလို့ မရပါဘူး။ စိတ်ဝင်တစား ပတ်ဝန်းကျင်ကို လေ့လာချင်တယ်ဆိုရင်တော့ လိုင်းကားစီးတာက ကောင်းပါတယ်။ အရေးကြီးတာက သင် သတိလက်လွတ်မနေဖို့ ပါပဲ။
(၃) အေးဆေးနေပါ
ကမ္ဘာအနှံ့က အခြားနိုင်ငံတွေမှာ လည်ပတ်တဲ့အခါ အလျင်အမြန် သွားလာရတာတွေ ရှိပေမယ့် ဂျာမေကာ နိုင်ငံကတော့ အရမ်းကို အေးဆေးတဲ့ နိုင်ငံတခုပါ။ သင်က အားလပ်ရက်ရှည် ခရီးထွက်ချင်တဲ့သူဖြစ်မှသာ ဂျာမေကာကို လည်ပတ်တာ ကောင်းပါတယ်။ သင်က ဆေးခြောက် သောက်တတ်သူဆိုရင်တော့ ဂျာမေကာဟာ သင့်အတွက် နတ်ဘုံနတ်နန်း တခုလို ဖြစ်နေမှာ သေချာပါတယ်။
(၄) ဈေးသည်တွေနဲ့ အကြည့်ချင်း မဆုံပါစေနဲ့
ဂျာမေကာမှာ ဈေးသည်နဲ့ အကြည့်ချင်း ဆုံလိုက်ပြီဆိုရင် သူတို့ သင်အနေနဲ့ ပိုက်ဆံကို သုံးတော့မယ်လို့ ခံယူထားကြပါတယ်။ ဈေးတွေဟာလည်း တဝက်နီးပါး ပိုပြီးတင်ထားတဲ့ အတွက် ဈေးဝယ်ဖို့ စဉ်းစားထားရင်တော့ စကားများများပြောဖို့ လိုအပ်ပါတယ်။ တကယ်မြို့ကြီးတွေမှာ လည်ပတ်ရတာက သင့်အတွက် လုံခြုံမှုရှိပေမယ့် နယ်ဖက်တွေကို သွားရောက် လည်ပတ်မယ်ဆိုရင်တော့ သိပ်အဆင်မပြေပါဘူး။
(၅) သူစိမ်းတွေကို မယုံပါနဲ့
ခရီးသွားတဲ့အခါ တချို့နိုင်ငံတွေက ဖော်ရွေပေမယ့် တချို့နိုင်ငံတွေမှာတော့ သူစိမ်းတွေကို ရှောင်တာကောင်းပါတယ်။ ဂျာမေကာဟာ ဒုတိယတမျိုးထဲမှာ ပါဝင်နေပါတယ်။ ခရီးသွားရင်းတွေ့တဲ့ အခြားခရီးသွားကိုတောင် မယုံကြည်ဖို့ အရေးကြီးပါတယ်။ ဆင်းရဲတဲ့ နိုင်ငံဖြစ်တာကြောင့် ဓားပြတိုက်တာတွေ လုယက်တာတွေ မကြာခဏ ပြုလုပ်လေ့ ရှိကြပါတယ်။
ဆေးခြောက်ဝယ်တဲ့ အခါမှာလည်း သတိထားဖို့ လိုပါတယ်။ ဆေးခြောက်ကို အရမ်းသောက်တဲ့ နိုင်ငံဖြစ်ပေမယ့် ကန့်သတ်ထားတာတွေ ရှိသေးတာကြောင့် သင့်ကို ငွေကြေး အကျပ်ကိုင်တာတွေလည်း ရှိနေနိုင်ပါတယ်။
Ref : mnn.com