ပင်လယ် သမုဒ္ဒရာအောက်မှာ ညအိပ်ရာ ဝင်တာမျိုးကို စိတ်ကူးယဉ်ဖူးပါသလား။ သင်အိပ်စက်ရာ အခန်းပတ်လည်မှာ သွားလာနေတဲ့ ငါးတွေကို ကြည့်ရင်း သင်ကိုယ်တိုင် ရေအောက်သတ္တဝါ တကောင်လိုမျိုး ခံစားနိုင်မယ့် ဟိုတယ်တခု ဖွင့်လှစ်လိုက်ပါပြီ။ နာမည်ကတော့ “The Muraka” ပါတဲ့။
ဒီဟိုတယ်က Conrad Maldives Rangali ကျွန်းမှာ တည်ရှိပြီး ကမ္ဘာ့ ပထမဦးဆုံးရေအောက် ဟိုတယ်လည်း ဖြစ်ပါတယ်။ ဖန်သားမျက်နှာပြင်နဲ့ နံရံတွေကနေတဆင့် တကယ့်ရေသတ္တဝါတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အခန်းတခန်းမှာ အမိုက်စား အိပ်ရာ၊ ဧည့်ခန်းနဲ့ ရေချိုးခန်း ပါဝင်ပါတယ်။ လုံခြုံစိတ်ချရသလို သင့်စိတ်ကို လန်းဆန်းသွားစေမယ့် ခံစားချက်မျိုးကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ The Muraka ဟာ နှစ်ထပ် အဆောက်အဦဖြစ်ပြီး အပေါ်ထပ်ကတော့ ရေပေါ်ဒီဇိုင်း ဖြစ်ပါတယ်။
အပေါ်ထပ်မှာတော့ နေထွက်တာကို ပင်လယ်ထဲကနေ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုရတဲ့ ခံစားချက်အပြင် လှပတဲ့ ကမ်းခြေနဲ့ အဆုံး မရှိတဲ့ ပင်လယ်ပြင်ကြီးကို မြင်ရမှာပါ။
အပေါ်ထပ်မှာတော့ ဇိမ်ခံ ရေပေါ်တည်းခိုဆောင်တွေရဲ့ အပြင်အဆင်နဲ့ အတူ သာယာစွာ အနားယူနိုင်မှာပါ။ အောက်ထပ်ကိုတော့ ရေအောက်မျက်နှာပြင် ၁၆ ဒဿမ ၄ ပေ အနက်ထိရောက်အောင် တည်ဆောက်ထားပါတယ်။ သန္တာကျောက်တန်းတွေနဲ့ ရေအောက်အလှတွေကို ဖန်သားပြင်ကတဆင့် ကြည့်ရှုခံစားရမှာပါ။
၂၄ နာရီဝန်ဆောင်မှုနဲ့အတူ ဧည့်ဝတ်ကျေပွန်တဲ့ ဝန်ထမ်းတွေနဲ့ ဝန်ဆောင်မှု ပေးထားပါတယ်။ အလွှာ ၂ ခုကို ရှည်လျားတဲ့ ကြောင်လိမ် လှေကားထစ်နဲ့ ဆက်သွယ်ထားပါတယ်။
ဒီဟိုတယ်ရဲ့ဒီဇိုင်းကို နယူးဇီလန်အခြေစိုက်တဲ့ MJ Murphy Ltd ကနေ ရေးဆွဲထားပါတယ်။ ကိုယ်ထည်ကို စင်ကာပူမှ ာတည်ဆောက်ပြီးမှ Maldives ကို ပြောင်းရွှေ့ထားတာဖြစ်ပါတယ်။ အောက်ပိုင်းကို ကြီးမားတဲ့ လှိုင်းလုံးနဲ့ ဒီရေကို ခံနိုင်အောင် အဓိက တည်ဆောက်ထားပါတယ်။
The Muraka ရဲ့အထွေထွေ မန်နေဂျာကတော့ ဒီရေအောက် ဟိုတယ်ဟာ သင့်တသက်မှာ တခါမှ မတွေ့ကြုံဖူးတဲ့ အတွေ့အကြုံအသစ်ကို ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘဝမှာ တခါလောက်တော့ စမ်းကြည့်သင့်ကြောင်းလည်း ပြောထားပါတယ်။
အကောင်းစားဟိုတယ်တွေမှာ ရနိုင်တဲ့ Massage လုပ်ခြင်း၊ Personal Trainer တွေအပြင် အခြားသော ဝန်ဆောင်မှုမျိုးစုံလည်း ရယူနိုင်ပါတယ်။ ဒါ့အပြင် အဲဒီဟိုတယ်မှာ တခါ တည်းမယ်ဆိုရင် ဧည့်သည် ၉ ယောက်သာ တည်းနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားဆန်းသစ်တဲ့အရာတွေနဲ့ စိတ်လှုပ်ရှားစရာတွေကို ပေးနိုင်တဲ့ The Muraka မှာ တည်းမယ်ဆိုရင် တညကို အမေရိကန် ဒေါ်လာ ၅၀၀၀၀ ကုန်ကျမှာပါ။
ကဲ သင်သာ ပိုက်ဆံတွေ အများကြီးရှိရင် The Muraka မှာ သွားတည်းမှာလား။
Ref: www.valuewalk.com