ပူပြင်းတဲ့ နွေရာသီနဲ့ စိုစွတ်တဲ့ မိုးရာသီကို ကျော်လွန်ပြီးတဲ့နောက် အေးချမ်းတဲ့ ဆောင်းရာသီကို ရောက်ရှိလာပါပြီ။ မကြာခင် ခရစ်စမတ်ကို ရောက်ပါတော့မယ်။ ခရီးထွက်ဖို့ စဉ်းစားကြည့်တဲ့အခါ အကျိုးလည်းရှိတဲ့ ခရီးမျိုးလည်းဖြစ်ရမယ်။ သူငယ်ချင်းတွေနဲ့လည်း တွေ့ရမယ်။ ပျော်ဖို့လည်းကောင်းရမယ်။ ဘယ်သွားရမလဲလို့ စဉ်းစားကြည့်တဲ့အခါ ကျနော် တကယ်သွားချင်နေတဲ့ ဒေသတခုကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒါကတော့ မွန်ပြည်နယ်ထဲက သိမ်ဇရပ်မြို့ပါ။ သိမ်ဇရပ်ကို စာရေးသူအနေနဲ့ သွားချင်ရတဲ့ အကြောင်းရင်းကတော့ “အိပ်မက်သစ်” စာကြည့်တိုက်ကို လေ့လာချင်လို့ပါ။ နည်း ယူချင်လို့ပါ။ သူတို့တွေ ဘယ်လိုစနစ်နဲ့ သွားနေလို့ ဒီစာကြည့်တိုက်က ဒီလောက် အောင်မြင်နေရတာလဲဆိုတာ သိချင်လို့ပါ။
မြန်မာနိုင်ငံက မအောင်မြင်ခဲ့တဲ့ စာကြည့်တိုက်ပေါင်း သောင်းခြောက်ထောင်တွေကြားမှာ ဒီ စာကြည့်တိုက် အောင်မြင်နေတာ ဘာကြောင့်လဲဆိုတာ သိချင်တဲ့အတွက်ကြောင့် ဒီခရီးစဉ်ကို ရွေးချယ်ခဲ့ပါတယ်။
ရန်ကုန်ကနေ သိမ်ဇရပ်ကိုသွားဖို့ဆို လမ်းဟောင်းက မောင်းတဲ့ ကားလိုင်းကို စီးမှ ရောက်ပါမယ်။ လမ်းသစ်ကနေ မောင်းတဲ့ ကားတွေက သိမ်ဇရပ်ကို မဝင်ကြပါဘူး။ ပဲခူးနဲ့ မွန်ပြည်နယ်ကို ပိုင်းခြားထားတဲ့ စစ်တောင်းတံတားကို ကျော်လိုက်တယ်ဆိုင်ပဲ မွန်ပြည်နယ်အစမြို့ ဖြစ်တဲ့ သိမ်ဇရပ်မြို့လေးကို ရောက်ပါပြီ။
ကားအို ကားဟောင်းကြီးတွေရဲ့ ဒရိုင်ဘာတွေက တလမ်းလုံး လိုက်သမျှလူ အကုန်တင်စနစ်နဲ့ တွေ့တဲ့အခါ ခန့်မှန်းထားချိန်ထက် ၂ နာရီလောက် နောက်ကျပြီးမှ သိမ်ဇရပ်ကို ရောက်ပါတယ်။ ဗိုက်ကလည်း အတော်ဆာနေပါပြီ။ သူငယ်ချင်းအိမ်မှာ စားသောက်ပြီးတဲ့နောက် စာကြည့်တိုက်ကို အရင်မသွားခင် ကျိုက်ထီးရိုးကို အရင်သွားကြပါတယ်။ နောက်ရက်မှသာ စာကြည့်တိုက်ကို ရောက်ပါတော့တယ်။
မလည်ပတ်တော့တဲ့ စစ်တောင်း စက္ကူစက်ရုံကြီးကို ခပ်လှမ်းလှမ်းက ငေးကြည့်ရုံပဲ ငေးကြည့်ခဲ့ပါတယ်။ စာကြည့်တိုက်ကိုရောက်တော့ ကလေး ကစားကွင်းနဲ့ ကွန်ပျူတာခန်းပါ တွဲထားတာ တွေ့ရပါတယ်။ ကလေးတွေက စာအုပ်စင်တွေ ရှင်းလင်းနေကြတာ တွေ့ရပါတယ်။ ကျနော် ရောက်သွားချိန်က စာကြည့်တိုက်ကို တိုးချဲ့နေတဲ့အချိန်ပါပဲ။ ဒါကြောင့် ကလေးတွေက ပုဆိုးစိမ်း၊ အင်္ကျီ ဖြူလေးတွေနဲ့ လာရောက် လုပ်အားပေးနေကြတာကို တွေ့ခဲ့ရပါတယ်။
ဒီကလေးတွေကို အခုလို လုပ်အားလာပေးဖို့ ဘယ်သူတွေကမှ မတိုက်တွန်းခဲ့ပါဘူး။ သူတို့ အသိစိတ် ဓာတ်နဲ့သူတို့ လာလုပ်ပေးနေကြတာပါ။ ကျနော့်တသက် မြင်ခဲ့ရတဲ့ မြင်ကွင်းပေါင်းများစွာမှာ ဒီမြင်ကွင်းက စိတ်ကို ပသာဒအဖြစ်စေဆုံးပါပဲ။ ကလေးတွေမှာ တာဝန်ယူတတ်ရမယ်ဆိုတဲ့ သဘောတရားကိန်းအောင်း လာနေကြတာဟာ မင်္ဂလာတပါးပါ။
စာကြည့်တိုက်ထဲ ဝင်သွားတဲ့အခါ စာအုပ်တွေရဲ့ရနံ့ကို ခံစားရပါတယ်။ စာအုပ်တွေရဲ့အနံ့ဟာ တကယ်တော့ ခုံမင်နှစ်သက်စရာကောင်းတယ်ဆိုတာ စာဖတ်သူတိုင်း သိကြပါတယ်။ စာကြည့်တိုက်ထဲက “ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၊ ဆရာကြီးရွှေဥဒေါင်း ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဒေါက်တာသန်းထွန်း”စတဲ့ အကျော်အမော်ကြီးတွေရဲ့ဓာတ်ပုံတွေကို ချိတ်ထားတာ တွေ့ရပါတယ်။
ဒီစာကြည့်တိုက်ဟာ သာမန်စာဖတ်ခန်းကနေ စတင်ခဲ့တာပါ။ စာကြည့်အဖြစ် စတင်လာချိန်မှာတော့ စာအုပ်တွေကို အဓိကလှူဒါန်းပေးခဲ့သူကတော့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းဖြစ်ပြီး စာအုပ်ပေါင်း ၂၀၀၀ ကျော် လှူပေးခဲ့ပါတယ်။ “ဆရာ့အိမ် တအိမ်လုံးကလည်း စာအုပ်တွေချည်းပဲ”လို့ စာအုပ်တွေကို သွားရောက် အလှူခံခဲ့တဲ့သူက ပြောပြပါတယ်။ ဒါကြောင့်လည်း ဆရာကြီး ဒေါက်တာသန်းထွန်းဟာ သူမတူအောင် ထူးချွန်တာပါပဲ။
အိပ်မက်သစ်စာကြည့်တိုက်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ ပြီး မြို့သူ မြို့သားတွေရဲ့ လစဉ် လှူဒါန်းငွေ ၂ သိန်းကျော်နဲ့ လည်ပတ်လာခဲ့တယ်လို့ သိရပါတယ်။ စာကြည့်တိုက်ကို ဦးဆောင်နေသူတွေရဲ့ အပြောကတော့ စာကြည့်တိုက် တတိုက်မှာ အရေးကြီးတာက လစဉ် ပုံမှန်ဝင်ငွေဖြစ်ပြီး အဲဒီငွေတွေကမှတဆင့် စာအုပ်တွေကို ပြန်ဝယ်ဖြည့်ပေးနိုင်မယ်လို့ ပြောပါတယ်။
“စာအုပ်တွေ အသစ် ထပ်မဖြည့်နိုင်တော့တဲ့ စာကြည့်တိုက်တွေဟာ ကျဆုံးသွားဖို့ များပါတယ်” တဲ့။ကျနော်တို့ စကားပြောနေတုန်းမှာကိုပဲ ကလေးတွေ တစထက်တစ များလာပါတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် စာကြည့်တိုက် ဝေယျာဝစ္စကို ဆောင်ရွက်နေကြပါတယ်။ တချို့ က ချွေးတွေရွှဲလို့၊ တချို့က သနပ်ခါးရနံ့လေး မပြယ့်တပြယ်။
စာကြည့်တိုက်ရဲ့ တည်နေရာကလည်း “နဝရတ်” မူလတန်းလွန်ကျောင်းနဲ့ သိမ်ဇရပ် အ.ထ.က ကျောင်းကြီးရှေ့ဆိုတော့ ကလေးတွေ စိတ်ကြိုက်ပါပဲ။ ကစားစရာ ကစားကွင်းကလည်း ရှိသေးတယ်။ မောလို့ ခဏ နားတဲ့အခါ စာဖတ်မယ်။ စာအမျိုးအစားကလည်း စုံတယ်။ ကာတွန်းတွေဖတ်ကြမယ်။ အခုဆို စာကြည့်တိုက်မှာ စာကြည့်တိုက်မှူး ၂ ယောက်အထိ ခန့်ထားနိုင်ခဲ့ပါပြီ။
စာကြည့်တိုက်မှာအရေးကြီးဆုံး နောက်တချက်ကတော့ စာကြည့်တိုက်မှူးပါပဲ။ စာမဖတ်တဲ့ စာကြည့်တိုက်မှူးတွေက ကမ္ဘာမှာ စိတ်အပျက်စရာ အကောင်းဆုံးပါ။ စာအုပ် လာငှားသူကို ဘာအကြံမှလည်း မပေးနိုင်သလို ဘယ်စာအုပ်က ဘယ်နေရာမှာရှိမှန်းလည်း မသိကြတာ များပါတယ်။
အိပ်မက်သစ်စာကြည့်တိုက်မှာ ကွန်ပျူတာသင်တန်းကိုလည်း တွဲဖက် သင်ကြားပေးနေပါတယ်။ သူတို့တွေနဲ့ စကားပြောရင်း ကျနော် သဘောပေါက်လာတာ တခုရှိပါတယ်။ အဲဒါကတော့ ပရဟိတအလုပ်ဆိုတာ တော်ရုံ စိတ်ဓာတ်နဲ့တော့ မအောင်မြင်နိုင်ဘူးဆိုတာပါ။ နောက်တော့ ရွေ့လျားစာကြည့်တိုက်တွေ အောင်မြင်မှု ရှိနိုင်၊ မရှိနိုင် ဆွေးနွေးကြပါတယ်။ ဆွေးနွေးတယ်ဆိုတာထက် ကျနော်ကတော့ နားထောင်သူ သက်သက်ပါ။
“အိပ်မက်သစ်” စာကြည့်တိုက်ကို နေ့စဉ် မနက် ၇ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်ပေးထားပြီး စာအုပ်ပေါင်း ၁၃၀၀၀ ကျော်ရှိပါတယ်။ စာကြည့်တိုက်နဲ့ပတ်သက်လို့ ဆုံးဖြတ်စရာတခုခု ကြုံလာခဲ့ရင်တော့ ဦးဆောင်နေကြသူတွေက မဲပေးဆုံးဖြတ်တဲ့စနစ်ကို သုံးပါတယ်။ ရှိပြီးသား စာအုပ်တွေကိုလည်း ကဏ္ဍ ခွဲနိုင်ခဲ့သလို ဘားကုဒ်စနစ်နဲ့ စနစ်တကျ ကွန်ပျူတာစာရင်း သွင်းထားနိုင်ခဲ့ပါတယ်။
အိပ်မက်သစ် စာကြည့်တိုက်ဟာ ၂၀၁၇ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ မှာတော့ MBAPF ကပေးအပ်တဲ့ မြန်မာနိုင်ငံရဲ့ “အတိုးတက်ဆုံး စာကြည့်တိုက်ဆု”ကို ရခဲ့ပါတယ်။ စာပေဟောပြောပွဲတွေ ကျင်းပပေးနိုင်ခဲ့သလို တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဆုချီးမြှင့်ပွဲတွေလည်း ကျင်းပပေးခဲ့ပါတယ်။
အခုဆို အသက်မွေးဝမ်းကျောင်းပညာဖြစ်တဲ့ ပန်းအလှ ပြင်သင်တန်းတွေပါ လုပ်လာနိုင်ခဲ့ပါပြီ။ အိပ်မက်သစ် စာကြည့်တိုက်ဟာ ကျိုက်ထီးရိုး ဘုရားကနေအပြန်မှာတင် သွားလေ့လာလို့ ရပါတယ်။ စရိတ်စက အနေနဲ့လည်း ပိုကုန်စရာ မရှိပါဘူး။ ရန်ကုန်ဘက် အပြန်မှာ လမ်းသစ်ကနေ မပြန်ဘဲ လမ်းဟောင်းကပြန်ရုံပါပဲ။
သိမ်ဇရပ်မှာဆင်းပြီး မေးလိုက်တာနဲ့ လိုက်ပို့ကြပါလိမ့်မယ်။ စာကြည့်တိုက် တည်နေရာကတော့ နဝရတ် မူလတန်းလွန်ကျောင်းနဲ့ သိမ်ဇရပ် အ.ထ.က ကျောင်းရှေ့ပါ။ အိပ်မက်သစ် စာကြည့်တိုက်ရဲ့ အဓိက ပစ်မှတ်ကတော့ ကျောင်းသားလူငယ်တွေဖြစ်တဲ့အတွက် အဲဒီပတ်ဝန်းကျင်ကို ရွေးချယ်ရခြင်း ဖြစ်ပါသတဲ့။ ။