ခရီးသွားကြတဲ့အခါ အများအားဖြင့် သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိဘဆွေမျိုးတွေနဲ့ ပထမဦးဆုံး တိုင်ပင် အဖော်စပ်လေ့ရှိကြပါတယ်။ မြန်မာနိုင်ငံမှာတော့ တကိုယ်တော်ခရီးထွက်ခြင်းဟာ သိပ်ရေပန်းမစားလှပေမယ့် နိုင်ငံတကာမှာတော့ တကိုယ်တည်း ခရီးထွက်တယ်ဆိုတာဟာ အဆန်းတကြယ်တော့ မဟုတ်ပါဘူး။
ဒါကြောင့်မလို့ သင့်အနေနဲ့ ခရီးတွေ သွားနိုင်နေတဲ့ အသက်အရွယ်အပိုင်းအခြားမှာ တသက်မှာတခါဆိုသလိုပဲ တကိုယ်တော်ခရီးထွက်ကြည့်ဖို့တော့ ကြိုးစားကြည့်သင့်ပါတယ်။
(၁) မိမိကိုယ်ကို ယုံကြည်မှုရှိစေမယ်
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မိဘဆွေမျိုးတွေမပါဘဲ တကိုယ်တော်ခရီးသွားတဲ့အခါ ဘယ်အရာမဆို မိမိကိုယ်တိုင်သာ ပြုလုပ်ရတဲ့အပြင် ကိုယ့်ကိုယ်ကို အားကိုးရတဲ့အတွက်ကြောင့် မိမိကိုယ်ကို ယုံကြည်မှုကို ပိုမိုမြင့်တက်လာစေနိုင်ပါတယ်။
(၂) လွတ်လွတ်လပ်လပ်ရှိစေမယ်
တယောက်တည်းခရီးထွက်တဲ့အခါ မိမိရောက်ရှိတဲ့ နေရာဒေသသစ်မှာ အပေါင်းအသင်းတွေနဲ့ အဖော်ညှိစရာမလိုဘဲ မိမိစိတ်ကြိုက် လွတ်လွတ်လပ်လပ်သွားလာလည်ပတ်နိုင်တဲ့အပြင် ဒေသအစားအစာတွေနဲ့ အတွေ့အကြုံသစ်တွေကို လွတ်လွတ်လပ်လပ် ခံစားနိုင်မှာပဲ ဖြစ်ပါတယ်.
(၃) တာဝန်ယူစိတ် ပြည့်ဝလာစေမယ်
သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မိဘဆွေမျိုးတွေနဲ့ ခရီးထွက်တဲ့အခါ သူတို့က သင့်ရဲ့အထုပ်အပိုးတွေနဲ့ သင့်ကိစ္စတွေကို ရံဖန်ရံခါအားဖြင့် ကူညီလုပ်ကိုင်ပေးနိုင်ပေမယ့် သင်တဦးတည်း ခရီးထွက်ချိန်မှာတော့ သင်ကိုယ်တိုင်ပြုလုပ် လုပ်ကိုင်ရမှာဖြစ်တာကြောင့် ကိုယ့်ကိုယ်ကို တာဝန်ယူစိတ်တွေ ပြည့်ဝလာစေနိုင်ပါတယ်။
(၄) ကိုယ်ပိုင်အချိန်တွေ ရရှိလာစေမယ်
နေ့စဉ်နဲ့အမျှ လုပ်ငန်းခွင်မှာရော၊ အိမ်မှာပါ လူတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အတွက်ကြောင့် ကိုယ်ပိုင်အချိန်ဆိုတာဟာ မရှိသလောက်ကို နည်းပါးလှပါတယ်။ တကိုယ်တော်ခရီးထွက်ခြင်းဟာ သင့်ရဲ့ကိုယ်ပိုင်အချိန်တွေကို နေရာဒေသသစ်မှာ အေးချမ်းစွာ ကုန်ဆုံးစေမှာဖြစ်သလို သင့်ကိုယ်သင်လည်း ပြန်လည်သုံးသပ်ဆင်ခြင်နိုင်ဖို့အတွက် ကိုယ်ပိုင်အချိန်ကောင်း တွေကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။
(၅) ခရီးသွားခြင်းရဲ့အရသာကို ပိုမိုခံစားတတ်လာမယ်
တယောက်တည်းခရီးသွားရမှာ ဖြစ်တဲ့အတွက် အစစအရာရာမှာ လုံခြုံမှုရှိအောင် ခရီးစဉ်အစကနေ အဆုံးအထိ မိမိသွားမယ့်နေရာဒေသအလိုက် အစီအစဉ်တွေကို ကိုယ်တိုင်ဆုံးဖြတ်စီစဉ်ရမှာ ဖြစ်တာကြောင့် ခရီးသွားခြင်းရဲ့ အရသာကို ပိုမိုခံစားတတ်လာမှာပဲ ဖြစ်ပါတယ်။
Ref. www.wonderslist.com