လူ တဆယ့် နှစ်ယောက်စီး အန်စာတုံးကားလေးက ဘန်ကောက်မြို့ပေါ်မှ မြို့တော်ဟောင်း အယုဒ္ဓယ သို့ သွားရာ လမ်းပေါ်၌ ပြေးနေသည်။ ကားမောင်းသူက မြို့ဟောင်းရှိ ဘုရားများ အကြောင်းရှင်းပြ ရင်း ထိုဘုရားများက ဘယ် လောက် ရှေးကျကြောင်း ဂုဏ်ယူစွာပြောကြားနေ၏။
ပြီးခဲ့သည့် ရက်က မိသားစုအပန်းဖြေခရီး အဖြစ် ထိုင်းနိုင်ငံသို့ ရက်ပိုင်းခန့်သွားရောက်လည်ပတ်ခဲ့ရာ အယုဒ္ဓယမြို့ဟောင်း သို့ မရောက်ဖူးသေးသည့် မိဘများက ထိုမြို့အား လည်ပတ်လေ့လာရန် အထူး စိတ်ဝင်စားနေကြသည်။
ခရီးသွားတိုင်း သမိုင်း အချက်အလက် များနှင့် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အမြဲတစေ စိတ်ဝင်စားသည့် ဖခင် က ထိုမြို့နှင့် ပတ်သက်ပြီး မည်သို့ မည်ပုံ ဖြစ်ပျက်ခဲ့သည်ကို လေ့လာချင်သည့် စိတ်အပြည့်ရှိနေ၏။
ကားပေါင်းစုံ လူပေါင်းစုံ ရှုပ်ထွေးနေသည့် မြို့တော်ဘန်ကောက်မှ ကီလိုမီတာ ၈၀ နီးပါး (မိုင် ၅၀ခန့်) ဝေးပြီး တနာရီ ကျော် ကားစီးပြီးသောအခါ အယုဒ္ဓယမြို့ဟောင်းထဲသို့ ရောက်လာ၏။
အထပ်မြင့်တိုက်ပေါင်းမြောက်များစွာနှင့် ဘန်ကောက်မြို့ကို ညည်းငွေ့လာသည့် ဖခင်က မြို့ဟောင်း ထဲသို့ စဝင်ကတည်း က စိတ်လှုပ်ရှားနေသည်။ သူက မကြာခဏ ပုဂံမြို့ဟောင်းကို သွားလည်ပတ် လေ့လာနေကျသူဖြစ်ရာ မြို့ဟောင်းဆိုသည် နှင့်ပင် ဘာတွေရှိနေမလဲဟု လိုက်ကြည့်တော့သည်။
အယုဒ္ဓယမြို့ဟောင်းနှင့် ပတ်သက်လျှင် လူမျိုးရေးတွေ ပါလာ တတ်သည်ကြောင့် အပြောအဆိုက အစသတိထား နေရင်း ကပင် တခါတခါ၌ မြို့ဟောင်း ပျက်စီးရခြင်း အကြောင်းအရင်းများကို အင်္ဂလိပ်လို တလုံးစ နှစ်လုံးစ ထွက်သွားသည့် အခါ တိုင်း အိမ်ရှင်နိုင်ငံကို အားနာရသည်များလည်း ရှိခဲ့ရသည်။
သို့သော် စစ်ကပေးသော သင်ခန်းစာများက လူမျိုးတမျိုးကို အရာအားလုံးပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင် သည် ကို တွေ့ရသည်။
မြို့ဟောင်းထဲသို့ ရောက်ကတည်းက လူနေအဆောက်အဦးများ လမ်းမကျယ်ကြီးများနှင် (ဘန်ကောက်မြို့လောက် မကြီး ကျယ်ပေမယ့် ဖွံဖြိုးမှုကတော့ အားကောင်းပြီးသားဖြစ်နေပါပြီ) မြို့ဟောင်းရှိ ရှေးဟောင်းအဆောက် အဦနေရာများ ရော ထွေးမှု ရှိနေသည်ကို မြင်တွေ့နေရသည်။
“အဲဒီမြို့ဟောင်းထဲမှာ ရှေးဘုရားတွေအများကြီးရှိတယ်။ တရက်တည်းနဲ့ လေ့လာလို့ ကုန်မှာမဟုတ် ဘူး” ယာဉ်မောင်းက ဆက်လက်ပြော၏။
၁၃ ရာစုကတည်းက ဖွံဖြိုးခဲ့သည့် မြို့ဟောင်းသည် ၁၈ ရာစု၌ ကျုူးကျော်သူ ဆင်ဖြူရှင်မင်း တပ် များကြောင့် ပျက်စီးခဲ့ပြီး နောက် ထိုအချိန်က အနေအထားအတိုင်း မပြုမပြင်ပဲ မူလအတိုင်း ထားခဲ့ရာ ယခုဆိုရင် UNESCO အသိ အမှတ်ပြု ရှေးဟောင်းဒေသဖြစ်လာပြီး နိုင်ငံခြားသားများကို ဆွဲဆောင် နိုင်သည့်နေရာအဖြစ် နိုင်ငံအတွက် ဝင်ငွေ ကောင်းကောင်း ရှာပေးနိုင်သည့် နေရာ ဖြစ်နေပါပြီ။
အယုဒ္ဓယမြို့ဟောင်းထဲက နာမည်ကျော် ရှေးဟောင်းနေရာ ၃၊ ၄ နေရာခန့်ကို လှည့်ပတ်ကြည့် ရှုဖြစ်ခဲ့ သည်။
ထိုအထဲကမှ Wat MahaThet ဘုရားဆိုလျှင် နိုင်ငံခြားသားများ လူချင်း ဝင်တိုက်လုမတတ် ရှောင် ရှားပြီး လေ့လာရ လောက်အောင် လာရောက်နေကြသည်ကိုတွေ့ရသည်။ ဘာကြောင့်လဲ စဉ်းစားမိ၏။

ဤနေရာ၌ ဘုရားပြို ဘုရားပျက်တွေကို ပြိုကျနေပြီဆိုပြီး အင်္ဂတေကိုင်မထား၊ ခေါင်းတခြား ကိုယ်တခြား ဖြစ်နေပြီဆို၍ ပြန်မဆက်ထား၊ အရောင်တွေမှိန်နေပြီဆိုကာ ရွှေဆေးချမထား၊ ထီးတော်မြေခနေပြီ ဆိုပြီး ထီးသစ်ပြန်မတင် မထားပေ။
မြန်မာတပ်များ ဖျက်စီးခဲ့သည့် သမိုင်းထဲက အတိုင်း ခေါင်းတခြား ကိုယ်တခြား၊ မီးလောင်ဒဏ်ရာ တွေပါ ရှိနေသည်ဟု ယူဆရသည် ထိုင်တော်မူ ဘုရားပေါင်းများစွာသည် အုတ်ပုံတွေကြား၌ ပဲ့ရွဲ့ကာ ကျနေသည့် အတိုင်း တည်ရှိနေသည်ကို မြင်ရမည်။
တိတိရိရိ ဖြတ်ထားသည့် ခေါင်းနှင့် ကိုယ်တခြားစီ ဖြစ်နေသည့် ဘုရားများသည် ၁၈ ရာစု၏ သမိုင်း ကို ကောင်းကောင်း ဖော်ပြနေပြီး မြန်မာတဦးအတွက်မူ ယူကြုံးမရစိတ်နှင့် အားနာစိတ်ကိုပင် ဝင်မိစေ သလို ထိုင်းလူမျိူးတဦး အတွက်ဆိုလျှင် လည်း မျိုးချစ်စိတ်ဓာတ် နှိုးဆော်ပေးနေသည့် နေရာဟု ခံစားရပါသည်။ ထိုနေရာများကို ဧည့်သည်များ တဖွဲဖွဲ ဝင်ရောက်လေ့လာနေကြခြင်းဖြစ်သည်။
တဆက်တည်းမှာ ပိုမိုခံစားရသည်က ကိုယ်လို မြန်မာလူမျိုးတိုင်း အယုဒ္ဓယ ရောက်ပြီးလျှင် ဖြစ်ကိုဖြစ် လာမည့် အတွေးက မြန်မာနိုင်ငံက သမိုင်းအမွေအနှစ်တွေ အပြည့်နှင့် ပုဂံကိုပင်ဖြစ်ပေသည်။
ပုဂံက ၁၁ရာစု အမွေအနှစ် လက်ရာများ အပြည့်နှင့် အယုဒ္ဓယထက်လည်း သက်တမ်းကြာ၊ နေရာ အားဖြင့်လည်း ကျယ် ဝန်း၊ လည်ပတ်စရာ နေရာများလည်း ပေါများ၊ အနုသုခုမ လက်ရာတွေ လက်ညိုးထိုးမလွဲရှိသည့် ပုဂံသည် ကံအကြောင်း မလှစွာနှင့် မျက်နှာငယ်နေရသည်မှာ မြန်မာလူမျိုး တဦးအတွက် စိတ်မကောင်းစွာ ခံစားရသည့် ခံစားချက်ဖြစ်ပါသည်။
ရှေးဟောင်းဘုရားတွေကြားက အုတ်နီရောင် တောက်တောက်တွေနှင့် စေတီသစ်ကလေးများသည် သူတို့ကို တရားခံဟု စွပ်စွဲပါက စိတ်ကောင်းကြလိမ့်မည်မဟုတ်။ သို့သော် အဖြစ်မှန်သည်က အဖြစ်မှန်သာဖြစ်သည်။
စီမံအုပ်ချုပ်သူများ၏ အတွေးအခေါ်မှာ အင်မတန်အရေးကြီးလှသည်ကို ထိုရှေးဟောင်းနေရာ နှစ်ခု အား နှိုင်းယှဉ် ကြည့်ရင်း စိတ်မကောင်းစွာ ခံစားရသည်။
ပုဂံသည် တမြို့တည်း၌ပင် ဂူပုထိုးစေတီပေါင်း ၂၀၀၀ ကျော်လေ့လာနိုင်သည်။ အသေးစိတ် ချယ်မှုန်း ထားသော ရှေးနံရံ ဆေးရေး ပန်းချီလက်ရာများ၊ ပန်းပြောက်ပန်းခက်၊ ဗိသုကာ လက်ရာများကို အရသာရှိရှိ ခံစားရနိုင်သည်။ နေရာကျယ်ဝန်း သောကြောင့် စိတ်မရှုပ်ရပဲ ကြိုက်သည့်နေရာတွင် လေ့လာရေး လုပ်နိုင်သည်။
အယုဒ္ဓယတွင် ကျန်ရှိနေသေးသော ရှေးဟောင်းအမွေအဆောက်အဦများက ပုဂံနှင့် ယှဉ်လျှင် များစွာ သိမ်ငယ်လွန်း သည်။ သို့သော် ကွာခြားသည် သူတို့သည် မူရင်းအရသာကို ပေးစွမ်းနိုင်၏။
ပုဂံကဲ့သို့ ဆေးရောင်အသစ်၊ အုတ်သစ်တွေနှင့် စေတီအသစ်များမရှိ။ အဟောင်းကို အဟောင်းအတိုင်း အရသာပေးသည်။ ပြိုနေသည်ကို ပြိုနေသလိုထား၍ အရောင်ပျက်နေသည်ကို ပျက်နေသလိုထား သည်။ ထိုအရာများသည် သမိုင်းစစ်၏ တန်ဖိုးသာဖြစ်နေသည်။
ထိုနေရာနှစ်ခု နှိုင်းယှဉ်ရာတွင် စည်းကမ်းဆိုသည့် အရာကိုလည်း ပြောပြချင်သေးသည်။ အယုဒ္ဓယ တွင် Wat Maha Thet ဘုရားဝင်းအတွင်းရှိ ညောင်ပင်ကြီး၏ အတွင်း ဘုရားဦးခေါင်းမြှပ်နေသည့် နေရာဖြစ်သည်။

ထိုနေရာသည် ကမ္ဘာကျော်နေရာ တခုဖြစ်သလို၊ ညောင်ပင်ထဲမှ ဘုရားခေါင်းပြတ်ပုံသည်လည်း မြင်ဖူး သူများပါလိမ့်မည်။ ဓာတ်ပုံရိုက်ကူးသူများ အလွန်များပြားသည့်နေရာလည်းဖြစ်ပြီး၊ ထိုနေရာတွင် ပြောချင်သည်က စည်းကမ်းဖြစ်သည်။
လူမျိုးပေါင်းများစွာ လာရောက် လည်ပတ်သူများစွာ ရှိနေသည့်နေရာဖြစ်သဖြင့် စည်းကမ်းတင်းကြပ် ထားပြီး ထိုစည်းကမ်း ကို ဖောက်ဖျက်သူကိုလည်း စည်းကမ်းလိုက်နာရန် တိကျစွာ ပြောဆိုမှုများက အားကျစရာဖြစ်သည်။
ထိုဘုရားဦးခေါင်းပြတ် ရှိသည့်နေရာတွင် ဓာတ်ပုံရိုက်ချင်သူများသည် ထိုင်၍သာ ဓာတ်ပုံရိုက်နိင်ပြီး ဦးခေါင်းတော်ကို ကျော်၍ ဓာတ်ပုံရိုက်ခွင့် မရှိကြောင်း စာကပ်ထားသည်။
ထိုနေ့က ကိုရီးယားဧည့်များဟု ယူဆရသည့် အဖွဲ့မှ တဦးသည် ဘုရားရှေ့တွင် မတ်တပ်ရပ် ဓာတ်ပုံ ရိုက်လိုက်သည်ကို အစောင့်ဖြစ် သူမြင်သွားကာ ချက်ခြင်းသွား၍ ကင်မရာထဲမှ ပုံအားလုံးကို စစ်ဆေး ကာ ဖျက်ခိုင်းသည်။ ထိုသူရှေ့မှာတွင် ပင် ဧည့်သည်က ပုံအကုန် ဖျက်ပေးလိုက်ရသည်ကို မြင်ခဲ့ရ သည်။
ငါသည် နိုင်ငံခြားသား ဧည့်သည်ဆိုပြီး စည်းကမ်းဖောက်လို့မရ။ သူတပါးတိုင်းပြည်တွင် ထိုစည်း ကမ်း အတိုင်း လိုက်နာ ရန်လိုအပ်သည်။ ထို စည်းကမ်းလိုက်နာရန်လည်း အိမ်ရှင်နိုင်ငံက တိတိကျ ကျ လုပ်ဆောင်သည်။
ထိုအမူအကျင့်များက သဘောကျဖွယ်ဖြစ်သည်၊ မိမိတို့ နိုင်ငံတွင်ရော၊ ကိုယ်ထုတ်ထားသည့် စည်းကမ်းကို ကိုယ်တိုင် စည်းကြပ်ရဲ့လားဆိုသည်က မေးခွန်းထုတ်စရာ။
ပုဂံရှိ ဘုရားပုထိုးများပေါ်တွင် မဖွယ်မရာပြုနေမှုများ၊ ရှေးဟောင်း နံရံဆေးရေး ပန်းချီများကို ဖလက်ရှ်မီးများ ဖွင့်ပြီး ဓာတ်ပုံ ရိုက်နေသူများ၊ တက်ခွင့်မပြုသည့် စေတီများပေါ်တွင် တက်ထိုင်နေ သူများ စသည့် အချက်များကို ထောက်ရှု့ပါက စည်း ကမ်းချမှတ်သည့်နေရာ၊ စည်းကြပ်မတ်သည့် ကိစ္စများကို တင်းတင်း ကြပ်ကြပ် ကိုင်တွယ်ဖို့လည်း လိုအပ်နေပြီဟု ထင်သည်။
ဆင်းရဲသည့် နိုင်ငံဖြစ်သည့် အတွက် မလေးမစား လုပ်ခံရသည့် အဖြစ်မျိုး မဖြစ်စေလို။ အများ လက်ခံ ရမည့် စည်းကမ်း များကို ကိုယ်တိုင်လည်း လိုက်နာချမှတ်သင့်သည်ဟု ထင်မိသည်။
ထပ်မံ လေ့လာရသည်မှာ ရှေးဟောင်းဇုန်များ၌ ကောက်ခံသည့်ငွေကြေးဖြစ်ပြီး ပုဂံတွင် နိင်ငံခြားသား တစ်ဦးကို ကောက် ခံသည့် ငွေသည် အမေရိကန်ဒေါ်လာ ၂၀ ထက်မပိုဘဲ၊ ဘုရားပေါင်း ၂၀၀၀ ကျော်ရှိသည့် ဇုန်တခုလုံး ကြိုက်သရွေ့ လည် ပတ်နိုင်သည်။
အပင်ပန်းခံ လည်ပတ်နိုင်ပါက ပို၍ တန်သည်ဟု ဆိုရမည်၊ သို့သော် ထိုငွေကိုလည်း အတိအကျ ကောက်ခံနိုင်ပါရဲ့လား ဆိုသည်ကတော့ မေးစရာ တွေးစရာပင်။
အယုဒ္ဓယတွင် ဝင်သမျှဘုရားတိုင်း၊ နေရာတိုင်းအတွက် ဇုန်ကြေး တဦးလျှင် ဘတ် ၃၀ (မြန်မာငွေ ၁၅၀၀ ကျပ်ခန့်) ပေးရသည်။ နိုင်ငံအတွက် ဝင်ငွေများ တိကျစွာကောက်ခံရရှိသည်။ တခုကောင်း သည်မှာ ထိုနေရာများတွင် နိုင်ငံခြားသား မလို့ ပို၍ ပေးရသည်တော့မရှိ။
အယုဒ္ဓယမြို့အတွင်းရှိ အမှတ်တရ အရောင်းဆိုင်လေး များကလည်း ဧည့်သည်များကို မဝယ်ဝယ်ချင် အောင် ဆွဲဆောင်သည်။
နိုင်ငံခြားသားဖြစ်၍ ဈေးပိုတင်သည်ဟု မရှိ။ လက်ရာမြောက်သလို ဈေးကလည်း သာမန်ဧည့်သည်ပင် များများစားစား ဝယ်ယူနိုင်သည့် ပမာဏမျိုး၊ လက်ရာလှ၊ ဈေးသင့်တော်ပြီး ဆစ်လျှင်ဆစ် သလိုရ သည့် ဈေးတန်းများက နေရာတိုင်း တွင်ရှိသည်။

ပုဂံတွင်လည်း ထိုသို့ ဈေးတန်းမျိုး ရှိစေချင်သည်။ ကျပ် ၂၀၀၀တန် ပစ္စည်းတခုကို ဘာကြောင့် ကျပ် သောင်းချီ ဈေးခေါ်ပြီး ဧည့်သည် စိတ်ပျက်အောင်၊ တခါတည်းနှင့် လန်သွားအောင် လုပ်မည်နည်း။
ဆွဲဆောင်မှုရှိသော အနုအလှလက်ရာများ သူတို့လောက် ဘာကြောင့် မဖန်တီးနိုင်ရမည်နည်း။ မကြာခဏ လာချင်အောင်၊ ဈေးဝယ်ချင်လာအောင် ဘာကြောင့် မဆွဲဆောင်နိုင်ရမည်နည်းဟု စိတ်တွင် ဖြစ်လာသော မျိုးချစ်စိတ်များက ထိုနည်းများ သာ ဖြစ်ပါသည်။
အယုဒ္ဓယတွင် လိုက်ပို့သည့် ကားမောင်းသူက ဂုဏ်ယူစွာဖြင့် ပြောပြသည်က သူတို့တွင် တနိုင်ငံ လုံးအတိုင်းအတာအရ စေတီပေါင်း ၁၀၀၀ ကျော်ရှိသည်ဟု ဆိုရာ ရယ်ချင်စိတ်ပင်ဖြစ်မိသည်၊ ပုဂံသည် တမြို့တည်းပင် စေတီပေါင်း ၂ ထောင် ကျော်ရှိ ရာ တနိုင်ငံလုံး အတိုင်းအတာနှင့် ဆိုလျှင်တော့ ပြောဖွယ်မရှိ၊ နိုင်ငံအနှံ ရှေးဟောင်းဇုန်များကလည်း များစွာ ရှိသည်။
ယူနက်စကို အသိမှတ်ပြု ပျူမြိုဟောင်း သုံးမြို့ဆိုလျှင် တန်ဖိုးရှိသည့် ခရီးသွားလုပ်ငန်း အထောက်အကူပြုနေရာတွေ ဖြစ်လာသည်။
ထို့အတွက် ယူနက်စကို၏ အသိအမှတ်ပြု စာရင်းမဝင်သေးည့် ပုဂံကို ထိန်းသိမ်းစောင့်ရှောက်ရင်း အသိအမှတ်ပြုခံပြီးသား သရေခေတ္တရာ၊ ဟန်လင်းနှင့် ဗိဿနိုးမြို့ဟောင်းတို့သို့ ပြည်တွင်းပြည်ပ ခရီးသွားများ သက်သောင့်သက်သာ ရှိရှိ လာ ရောက် လည်ပတ်နိုင်ဖို့ အစိုးရအနေဖြင့် ကြိုးပမ်း အားထုတ်သင့်သည်ဟု ထင်သည်။
မြို့တော် ဘန်ကောက်မှ အယုဒ္ဓယမြို့ဟောင်းသို့ သွားရာ၌ ကုန်ကျစရိတ်မှာ တနေ့တာ အတွက် ၁၂ယောက်စီး ကားစင်း လုံး ငှားရမ်းပါက ဘတ် ၃၅၀၀( မြန်မာကျပ်ငွေ ၁သိန်း ၇သောင်းခန့်)၊ ဝင်ရောက်လိုသည့် နေရာများအတွက်မူ ဝင်ကြေး မှာ ဘတ် ၃၀၊ စားစရိတ်မှာ လူတဦးလျှင် ဘတ် ၁၀၀(မြန်မာကျပ် ၅ထောင်ခန့်) ဆိုလျှင် ၀၀လင်လင် စားနိုင်သလို၊ ညအိပ်မည် ဆိုပါက တည်းခိုစရိတ် မှာ များစွာ မကြီးလှဘဲ၊ မြန်မာကျပ် ၃၅၀၀၀ မှ ကျပ် ၅သောင်းအကြားဆိုလျှင် ကြယ် ၃ပွင့် ထက် အဆင့်မနိမ့်သည် ဟိုတယ်များတွင် တည်းနိုင်သည်။
ပုဂံသို့ လာရောက် လည်ပတ်မည်ဆိုပါက ကုန်ကျစရိတ်မည်မျှရှိမည်နည်း။ ပြည်တွင်း ပြည်ပခရီးသွား တွေအတွက် စရိတ် အမြဲကွာခြားနေမှုက သူတို့ကို ပျော်စေပါသလား။
တကိုယ်စာ အသုံးစရိတ် ဘတ်ဂျက်ဖြင့် လာရောက် လည်ပတ်သူများက ကုန်ကျစရိတ် များပြားနေ သည့် နေရာကို လာလည်ချင်ပါ့မလား။ ဘာကြောင့် ပုဂံထက် အယုဒ္ဓယတွင် လူပိုစည်နေရပါသနည်း ဆိုသည်က စဉ်းစား စရာပင်။
ယခုဆိုရင် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များက Enchanted Myanmar ဆိုတဲ့ဆောင်ပုဒ်နှင့် အညီ ကြည်နူးစရာ၊ ချစ်ခင်နှစ်လိုဖွယ် ကောင်းသော မြန်မာနိုင်ငံရဲ့ အလှအပ အငွေ့အသက်တွေကို ပြည်ပခရီးသွားတွေကြား ပြန်ပြီး ပြန့်နှံ့လာရန် လုပ်ဆောင်နေပြီ ဖြစ်သည်။
ဤသို့ လုပ်ဆောင်ရာတွင် လက်ရှိ ပြည်တွင်း ပြဿနာများကြောင့် နာမည်ကျဆင်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ဂုဏ်သတင်းကို ပြန်လည် ဦးမော့လာစေရန် ကြိုးပမ်းနေသည်နှင့် တပြိုက်နက် အကောင်းဆုံးသော အတွေ့အကြုံများကိုလည်း အိမ်နီး ချင်းနိုင်ငံများထံမှ လက်ဆင့်ကမ်း လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်သည်။
ယခုအခါ မြန်မာများ ပုဂံမှသည် အယုဒယဆီသို့ သွားနေကြသလို အယုဒ္ဒယမှလည်း ပုဂံဆီသို့ ပြည်ပခရီးသွားများ ယခုထက် ပိုမိုလာရောက်ဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အပါအဝင် အားလုံး ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုနေပြီဟု ထင်မြင်မိပြီး၊ မြန်မာ့ခရီးသွားလုပ်ငန်း ဦးမော့လာစေရန် အစိုးရ အနေဖြင့် မည်သို့ နည်းဗျူဟာများ ထပ်မံချမှတ်၍ လုပ်ဆောင်မည်ဆိုသည်ကိုမူ ဆက်လက်စောင့်ကြည့်ရ မည်ဖြစ်သည်။