ဟိုတယ်နဲ့ ကမ်းခြေတွေဟာ ဆိုရှယ်မီဒီယာတွေနဲ့ အများကြီး ပတ်သက်မှု ရှိရပါတယ်။ လူနေထိုင်မှုစနစ်တွေ ပြောင်းလဲခဲ့တော့ ဟိုတယ်တခုခုမှာ တည်းခိုမယ်ဆိုရင်တောင် wifi ရတဲ့ ဟိုတယ်ကိုပဲ ဦးစားပေးရွေးချယ်လေ့ ရှိတတ်ပါတယ်။
ဟိုတယ်တွေကလည်း တည်းခိုသူတွေ စိတ်တိုင်းကျအသုံးပြုနိုင်တဲ့ wifi ချိတ်ဆက်ပေးထားတတ်ပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီကမ်းခြေမှာရှိတဲ့ Ayana အပန်းဖြေစခန်းကတော့ စမတ်ဖုန်းနဲ့ အခြား လျှပ်စစ်ပစ္စည်းအသုံးပြုတာတွေကို တားမြစ်လိုက်ပါတယ်။ နေ့စဉ် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ တားမြစ်ထားတာဖြစ်ပါတယ်။
ဒီအပန်းဖြေစခန်းမှာတော့ စမတ်ဖုန်းတမျိုးတည်းကို တားမြစ်ထားတာ မဟုတ်ဘဲ အိုင်ပက် ၊ ဒစ်ဂျစ်တယ် ကင်မရာ ၊ တက်ဘလက်နဲ့ အခြားလျှပ်စစ်ပစ္စည်းအားလုံးကို တားမြစ်လိုက်တာပါ။
“ဒီအပန်းဖြေစခန်းကို လာတဲ့လူတွေ စိတ်အေး လက်အေး အနားယူစေချင်တဲ့အတွက် ဒီတားမြစ်ချက်ကို ပြဌာန်းရတာပါ ” လို့ Ayana အပန်းဖြေစခန်းရဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒီလိုစည်းကမ်းချက် ထုတ်လိုက်တဲ့အတွက် လျှပ်စစ်ပစ္စည်း တားမြစ်ဇုန်ထဲရောက်လာတဲ့လူတွေအနေနဲ့ စာအုပ်တအုပ်အုပ် ဒါမှမဟုတ် မဂ္ဂဇင်း တအုပ်အုပ်ကို ဖတ်နေဖို့ အခွင့်အရေးပိုရသွားပါတယ်။ ဒါမှမဟုတ်လည်း နေပူဆာ ကောင်းကောင်းလှုံနေနိုင်ပါတယ်။
တချို့ခရီးသည်တွေကတော့ လျှပ်စစ်ပစ္စည်းကင်းမဲ့ဇုန်ကိုပဲ ရည်ရွယ်ပြီးသွားလေ့ ရှိကြပေမယ့် လူတိုင်းအတွက်ကတော့ မလွယ်ကူပါဘူး။
၂၀၁၈ ခုနှစ်မှာတင်ပဲ အေမေရိကန်နိုင်ငံက ခရီးသွား ၅၃ ရာခိုင်နှုန်းဟာ ခရီးသွားနေရင်တောင် သူတို့ဖုန်းတွေကို ပိတ်ထားလေ့ မရှိပါဘူး။ ဒါကိုတော့ ဖုန်းအဆက်အသွယ်ပြတ်တောက်မှာ ကြောက်တဲ့ရောဂါ nomophobia လို့ ခေါ်လေ့ရှိပါတယ်။
ဒါပေမယ့် ခရီးသွားရင်းဖုန်းသုံးတာက တခြားအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ စားသောက်ဆိုင် မီနူးတွေကို ဘာသာပြန်ပေးထားတဲ့ App တွေကိုအသုံးပြုတာဖြစ်နိုင်သလို ကိုယ်ရောက်နေတဲ့ နေရာကိုသိရဖို့နဲ့ ကြိုတင်အခန်းမှာတာမျိုးတွေမှာ အသုံးပြုတာမျိုးလည်း ရှိပါသေးတယ်။
ခရီးသွားသူ ၂၀ ရာခိုင်နှုန်းဟာ ခရီးသွားနေတုန်းမှာပဲ တနာရီတခါတော့ ကိုယ့်ဖုန်းကိုယ်စစ်လေ့ရှိကြပါတယ်။ ၁၄ ရာခိုင်နှုန်းလောက်ကတော့ တနာရီနှစ်ခါလောက် စစ်လေ့ရှိပါတယ်။
ဘာလီကျွန်းကိုသွားဖို့ အကြောင်းအချက်တွေအများကြီးရှိသလို တချို့ကတော့ ဘာလီကျွန်း ကော့တေးသောက်ဖို့ သွားလေ့ ရှိပါတယ်။ ဘာလီကျွန်းပေါ်က Ayana အပန်းဖြေကမ်းခြေက ကော့တေးကတော့ နာမည်ကြီးပါပဲ။ DigitalDetox ကော့တေးလို့ လည်းခေါ်ပါတယ်။
ဒစ်ဂျစ်တယ်အသုံးပြုတာကို တားမြစ်ထားတဲ့ ဒီအချိန်တွေအတွက်ဖျော်စပ်ထားတဲ့ ကော့တေးမှာဗော့ဒ်ကာ ၊ အရည်ရွှန်းတဲ့ yuzu သီး ၊ ပျားရည် နဲ့ ခရမ်းချဉ်သီးဖျော်ရည်တို့ ပါဝင်ပါတယ်။ ဘာလီကျွန်းကို ခရီးထွက်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ဖုန်းပိတ်ထားဖို့ လိုပါတယ်။
Ref ; cnn travel