ဂျပန်နိုင်ငံဟာ ကမ္ဘာ့အလှပဆုံး နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်သလို သွားရောက်လည်ပတ်သင့်တဲ့ နေရာများစွာလည်း နိုင်ငံတဝှမ်းမှာ တည်ရှိနေတာဖြစ်ပေမယ့် အခုဖော်ပြပေးမယ့် နေရာကတော့ ဂျပန်နိုင်ငံရဲ့ ကြောက်စရာကောင်းတဲ့နေရာတွေ အကြောင်းပဲဖြစ်ပါတယ်။
(၁) Hokkaido ရဲ့ စွန့်ပစ်ကျောင်း
ပထမဦးဆုံးနေရာတခုကတော့ Hokkaido ရဲ့နှင်းမြူတွေအောက်မှာ တည်ရှိတဲ့ စွန့်ပစ်ထားတဲ့ ကျေးလက်တောရွာကျောင်း ကလေးတကျောင်းပဲ ဖြစ်ပါတယ်။ ကျောက်မီးသွေးတူးဖော်တဲ့ မြို့တမြို့ဖြစ်တဲ့ Bibai အနီးအနားမှာ ၁၉၆၀ ခုနှစ် နှောင်းပိုင်းကာလက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ကျောက်မီးသွေးတွင်းလုပ်ငန်းကို ရပ်ဆိုင်းလိုက်တဲ့အခါမှာ Bibai မြို့ကိုရော ကျောင်းကိုပါ စွန့်ခွာခဲ့ကြပါတယ်။
လူသူအရောက်အပေါက် နည်းတဲ့ နေရာတခုဖြစ်တဲ့အပြင် သွားရောက် လည်ပတ်ခဲ့ဖူးသူတွေရဲ့ အတွေ့အကြုံအရ ကျောင်းထဲကနေ ကြောက်ကြောက်လန့်လန့် ထွက်ခွာလာခဲ့ဲကြရတယ်ဆိုတာတွေချည်းပဲ ဖြစ်ပါတယ်။
(၂) Yamanashi ရဲ့ သတ်သေခြင်းတောအုပ်
Aokigahara ကတော့ လူသိနည်းလှတဲ့ ကိုယ့်ကိုယ်ကို သတ်သေလေ့ ရှိကြတဲ့ တောအုပ်တခုဖြစ်ပြီး တိုကျိုမြို့ အပြင်ဘက်မှာ တည်ရှိပါတယ်။ စာရေးဆရာ Seicho Matsumoto ရဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ Kuroi Jukai မှာတော့ သူ့ဇာတ်ကောင်တွေရဲ့ အဲဒီတောအုပ်မှာ သတ်သေပုံတွေနဲ့ ချိတ်ဆက် ပြထားခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်ကနေ နှစ်ပေါင်းကြာမြင့်လာတဲ့အခါမှာတော့ ရဲတွေအနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေမှုတွေလျော့နည်းသွားအောင် ထိန်းချုပ်ဖို့ အနိဋ္ဌာရုံတွေနဲ့ ပတ်သက်တဲ့ သတိပေး ဆိုင်းဘုတ်တွေကို အသုံးပြုထားခဲ့ကြတာလည်း ဖြစ်ပါတယ်။
(၃) Yamanashi ရဲ့ သရဲအိမ်
Yamanashi မြို့ရဲ့ Fuji-Q ကုန်းမြင့်ပိုင်းမှာ တည်ရှိတဲ့ သရဲအိမ်ကတော့ စွန့်ပစ်ဆေးရုံဟောင်းတခုရဲ့နေရာကို အသုံးချပြီး အပန်းဖြေဥယျာဉ်အဖြစ် တည်ဆောက်ခဲ့ပါတယ်။
Fuji-Q ရဲ့ပိုင်ဆိုင်သူတွေကတောင် လည်ပတ်သူတွေအနေနဲ့ သရဲအိမ်ထဲကို တယောက်ထဲဝင်ခြင်းကို တားမြစ်ထားခဲ့ရပြီး နောက်ပိုင်းမှာ ထူးခြားတဲ့ခြောက်လန့်မှုတွေကြောင့် ဥယျာဉ်ရဲ့ အလုပ်သမားတော်တော်များများ အလုပ်ထွက်တဲ့အထိကို ဖြစ်ခဲ့ရတဲ့ နေရာတခုလည်းဖြစ်ပါတယ်။
(၄) Fukuoka ၊ Inukane အကြောင်း ရိုးရာပုံပြင်များ
Fukuoka မြို့မှာတည်ရှိတဲ့ Inukane လှိုဏ်ခေါင်းကတော့ လူသိနည်းတဲ့ Kyushu ဒေသရဲ့ ထိတ်လန့်ဖွယ်နေရာ တခုပဲဖြစ်ပါတယ်။ သွားရောက်လည်ပတ်သူတွေရဲ့ အတွေ့အကြုံအရတော့ သူတို့ လှိုဏ်ခေါင်းထဲ မဝင်ခင်မှာ အထဲကနေ ဝင်မလာဖို့ တားဆီးနေသံတွေကြားရတယ်ဆိုတဲ့ အကြောင်းပဲဖြစ်ပြီး ဒီလှိုဏ်ခေါင်းနဲ့ပတ်သက်လို့ ရိုးရာပုံပြင်တွေ အများအပြားရှိခဲ့ပါတယ်။
ပုံပြင်တပုဒ်ကတော့ လှိုဏ်ခေါင်းထဲမှာ တစုံတယောက်ဟာ အသတ်ခံခဲ့ရတာဖြစ်ပြီး သူမ မကျွတ်မလွတ်သေးခင်အချိန်ထိ ခြောက်လန့်နေဦးမယ် ဆိုတာပဲ ဖြစ်ပါတယ်။ နောက်ထပ်ပုံပြင် တပုဒ်ကတော့ ကိုရီးယားအမျိုးသမီးတဦးဟာ စစ်မဖြစ်ခင်အချိန်က လှိုဏ်ခေါင်းနားမှာ နေထိုင်ခဲ့ပြီး စစ်အတွင်းကာလမှာ လူမဆန်စွာ သတ်ဖြတ်ခံခဲ့ရတာကြောင့် အဲဒီလှိုဏ်ခေါင်းနဲ့ အနီးတဝိုက်ကို ဘယ်သူမှ မလာအောင် ခြောက်လန့်နေတယ်ဆိုတာပါပဲ။
(၅) Okinawa ရဲ့ ပျောက်ဆုံးသွားခဲ့သူများ
Okinawa မှာရှိတဲ့ SSS ကွေ့ဟာ ဒုတိယကမ္ဘာစစ်အတွင်း ပျောက်ဆုံးသူ အများအပြားရှိတဲ့ နေရာတခုဖြစ်ပြီး စိတ်ချောက်ချားဖွယ်တွေလည်း ပြည့်နှက်နေပါတယ်။
အချို့သူတွေကတော့ ဂျပန်စစ်သားတွေဟာ အဲဒီနေရာမှာ သေဆုံးခဲ့ကြတာဖြစ်ပြီး မကျွတ်မလွတ်သေးနိုင်ဘဲ ခြောက်လန့်နေတာဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သွားရောက်လည်ပတ်သူတွေရဲ့ အတွေ့အကြုံအရတော့ အဲဒီနေရာမှာ ထင်ယောင်ထင်မှားဖြစ်တာတွေ ၊ မူးဝေတာတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့လည်း သိရှိရပါတယ်။
Ref: japancheap.com