ဒီဇင်ဘာလဟာ ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကြောင့် ပျော်ရွှင်စရာလလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲနေနေ၊ ဘယ်အချိန်ဇုန်တွေမှာပဲနေနေ နှစ်သစ်ကူးညကို ပါဝင်ဆင်နွှဲဖို့ ပျော်စရာကောင်းတဲ့ နိုင်ငံတွေဆီကို ခရီးထွက်လေ့ ရှိကြပါတယ်။
အရှေ့တောင်အာရှမှာလည်း နှစ်သစ်ကူးညကို တခမ်းတနား ကျင်းပကြတဲ့နိုင်ငံတွေ၊ မြို့တော်တွေရှိပါတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေမှာတော့ နှစ်သစ်ကူးပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ ရှိပါတယ်။
(၁) ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့
ထိုင်းနိုင်ငံရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်က Apirl လမှာ ဆိုပေမယ့် ဒီဇင်ဘာ ၃၁ ရက်နေ့မှာကျ ရောက်တဲ့ နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်ကိုလည်း ထိုင်းနိုင်ငံသားတွေဟာ တပျော်တပါး ကျင်းပလေ့ ရှိပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ဆိုရင်တော့ ထိုင်းနိုင်ငံသားတွေဟာ လုပ်လက်စ အလုပ်တွေ အကုန်ရပ်ပြီး ပါတီပေးဖို့ ပြင်ကြပါတယ်။
နှစ်သစ်ကူးညကို ဆင်နွှဲဖို့ အကောင်းဆုံးနေရာကတော့ ဘန်ကောက်မြို့ က Chao Phraya မြစ်ကမ်းနံဘေးပါ။ အဲဒီနေရာမှာဆိုရင်တော့ ကောင်းကင်ပေါ်ကို အရောင်စုံစုံလွတ်တင်နေတဲ့ မီးရှူးမီးပန်းပွဲတော်တွေကို မြင်တွေ့ရပါတယ်။ ဒီလို မီးရှူးမီးပန်းတွေကို အပေါ်စီးကမြင်နိုင်ဖို့အတွက် အထပ်မြင့် အဆောက်အဦတွေပေါ်မှာ ဘားတွေလည်း ရှိပါတယ်။ လေဟုန်စီးနေတဲ့ ငှက်တကောင်က ကောင်းကင်ပေါ်ကနေ အောက်မြေပြင်ကို မြင်ရသလိုပါပဲ။ ဘီယာလေးဘာလေးသောက်ရင်း နှစ်သစ်ကူးပွဲ တော်ကို စိမ်ပြေနပြေ ဖြတ်သန်းချင်တယ်ဆိုရင်တော့ Khao San လမ်းကို ရွေးချယ်လိုက်တာက အကောင်းဆုံးပါ။
(၂) ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့
နောက်ထပ်တနေရာကလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ပါ။ ချင်းမိုင်မြို့မှာလည်း နှစ်သစ်ကူးပွဲတော်ကို ကျေကျေနပ်နပ် ဖြတ်သန်းနိုင်တယ်ဆိုတာ သံသယ မရှိပါနဲ့။ နှစ်တိုင်း နှစ်တိုင်းရဲ့ နှစ်သစ်ကူးညတွေမှာ ထောင်သောင်းချီတဲ့ မီးပုံတွေဟာ ချင်းမိုင်လေထုထဲ တရွေ့ ရွေ့ ရွေ့လျားနေကြပါတယ်။ နှစ်သစ်အတွက် ကံကောင်းဖို့ အတိတ်နိမိတ်ပါပဲ။
ဘယ်ဆီမှန်းမသိ ထိုးတက်သွားကြတဲ့ မီးပုံးတွေကိုငေးကြည့်ရင်း ထိုင်းရိုးရာ ဂီတကို နားဆင် နိုင်သလို သီချင်းတပုဒ်စာလောက်ဖြစ်ဖြစ် ဝင်ကလိုက်ချင်လည်း ရပါသေးတယ်။
(၃) Koh Phangan ကမ်းခြေ ၊ ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံက ကမ်းခြေတွေ ကျော်ကြားသလို Koh Phangan ကမ်းခြေ ၊ လပြည့်ညပါတီက လည်း ကျော်ကြားပါတယ်။ နှစ်သစ်ကူးညပါတီကို DJ နဲ့ ဖြတ်သန်းချင်တယ်ဆိုရင်တော့ Koh Phangan ကမ်းခြေဟာ နတ်ဘုံနတ်နန်းတမျှပါပဲ။ အဲဒီညမှာဆိုရင်တော့ ကမ္ဘာအနှံ့က DJ သမားတွေ ရောက်လာတတ်ပါတယ်။ Koh Phangan ကမ်းခြေက နှစ်သစ်ကူးညကို ကြုံပြီးရင်တော့ တသက် မေ့နိုင်တော့မှာ မဟုတ်ပါဘူး။
(၄) ကွာလာလမ်ပူ ၊ မလေးရှား
ကွာလာလမ်ပူမှာပဲ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲချင်တယ်ဆိုရင်တော့ KLCC ပန်းခြံက အကောင်းဆုံးပါ။ မီးအလှဆင်ရေပန်းတွေ ၊ ရေကူးကန်တွေအပြင် မလေးရှားအိုင်ကွန်ဖြစ်တဲ့ Petronas တာဝါကိုပါ မြင်နိုင်ပါသေးတယ်။ ဒီနေရာကတော့ မိသားစုတွေ ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ နှစ်သစ်ကူးညကို ကျော်ဖြတ်ဖို့ အကောင်းဆုံးနေရာပါ။
Changkat Bukit Bintang မှာ တခွက် နှစ်ခွက်လောက်သောက် နိုင်သလို ဒေသခံတွေနဲ့ အတူ ပါတီပွဲတွေ တက်နေရတဲ့အတွက် ပျင်းစရာအချိန်တောင် ရှိလိုက်မှာ မဟုတ်ပါဘူး။
(၅) ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့
Tet လို့ခေါ်တဲ့ ဗီယက်နမ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကိုတော့ ဖေဖော်ဝါရီလရောက်မှသာ ကျင်းပလေ့ရှိပါတယ်။ ဒါပေမယ့် ဒီဇင်ဘာနှစ်သစ်ကူးပွဲတော်ကိုလည်း Saigon လမ်းမပေါ်မှာ တွေ့ နိုင်ပါသေးတယ်။ ဆိုင်ဂုံလမ်းမပေါ်က နှစ်သစ်ကူးပါတီကတော့ တကယ့် ပွဲကြီးပွဲကောင်းပါ။
လူတွေဟာ သူတို့အိမ်တွေဆီကနေ ပျော်စရာကောင်းတဲ့ နိုက်ကလပ်အသီးသီးဆီကို ချီတက်နေကြပါတယ်။ ပါးစပ်ကလည်း “New Year” “New Year” နဲ့ အော်လို့။ ဟိုချီမင်းမှာ ဆိုရင် အပေါ်ဆုံးအထပ်တွေ မှာဖွင့်ထားတဲ့ Rooftop Bar တွေမှာ အေးအေးဆေးဆေး အချိန် ဖြုန်းနိုင်ပါတယ်။
အေးစိမ့်စိမ့်ဆောင်းညကို ဖြတ်သန်းရင်း Skybar တွေကနေ မြို့အလှကို ခံစားနိုင်သလို ကောင်းကင်ထဲက မီးပန်းတွေကိုလည်း ငေးကြည့်နေနိုင်ပါသေးတယ်။ ဒါမှ မဟုတ်လည်း တခုခုသောက်ပြီး DJ နဲ့ မြူးနေနိုင်ပါတယ်။
(၆) Siem Reap ၊ ကမ္ဘောဒီးယား
Siem Reap ရဲ့ နှစ်သစ်ကူးညဟာ ကမ္ဘောဒီးယားရဲ့ ပျော်စရာအကောင်းဆုံးဒေသဆိုတာ သံသယ မရှိကြပါနဲ့။ ကျော်ကြားတဲ့ Pub လမ်းမကြီး တလျှောက်မှာတော့ ဘားတွေက ပြည့်လို့ပါပဲ။ နှစ်သစ်ကူးညကို မီးပုံးပျံလွှတ်မယ့် အချိန်စောင့်ရင်း နိုက်ကလပ်တွေမှာ အချိန်ဖြုန်းနိုင်ပါသေးတယ်။
နှစ်သစ်ကူးညမှာ ကမ္ဘောဒီးယား ရောက်နေတယ်ဆိုရင်တော့ ပျော်စရာဟာ Siem Reap ကလွဲပြီး ကျန်တဲ့နေရာမှာ မရှိပါဘူး။
Ref : theculturetrip