ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၁၇၉ မှာရှိနေတဲ့ မိုးနဲမြို့ဟာ တောင်ကြီးမြို့နဲ့ မိုင်တရာ ကျော်ဝေးပြီး “ရှမ်းပြည်ပုဂံ”လို့ တင်စားခေါ်ဝေါ်ခြင်း ခံရတဲ့ မြို့ကလေးတမြို့ပါ။
မိုးနဲမြို့ဟာ အပူပိုင်းဆန်တဲ့ ရာသီဥတု ရှိပြီး ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းက ရှမ်းစော်ဘွား အုပ်ချုပ် မြို့လေးတမြို့ ဖြစ်ပါတယ်။
၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်တွေက မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပါတယ်။ မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်ပြီးတဲ့ နောက် မှာတော့ အင်္ဂလိပ်တွေရဲ့သစ္စာကိုခံယူခဲ့ကြသူ ပြည်နယ်စော်ဘွားတွေထဲမှာ မိုးနဲစော်ဘွားက ပထမဦးဆုံးသော စော်ဘွားပါ။
မိုးနဲစော်ဘွားဟာ တခြားစော်ဘွားတွေကိုလည်း အင်္ဂလိပ်တွေရဲ့သစ္စာခံကြဖို့ ဦးဆောင်စည်းရုံး ပေးခဲ့ ပါတယ်။ ဒါကြောင့်လည်း အင်္ဂလိပ်အစိုးရက မိုးနဲစော်ဘွားနဲ့ သူ့အရိုက်အရာဆက်ခံတွေကို အခွင့် အရေးတခုပေးခဲ့ပါတယ်။
အဲဒါကတော့ အင်္ဂလိပ် ယူနီယံဂျက်အလံကို အမြဲလွှင့်ထူထားနိုင်ခွင့်ပါပဲ။ ဒါကြောင့်ပဲ မိုးနဲမြို့ဟာ အင်္ဂလိပ် ယူနီယံဂျက် အလံကို ပထမဆုံးလွှင့်ထုူခွင့်ရခဲ့တဲ့ ရှမ်းပြည်နယ်က စော်ဘွားမြိူ့အဖြစ် သမိုင်းမှာ မှတ်တမ်းဝင် လာခဲ့ပါတယ်။
မိုးနဲမြို့ကို ဝင် လာတာနဲ့ ပထဆုံးမြင်ရမှာကတော့ စော်ဘွားတွေခေတ်ကတည်းက မြို့ဧရိယာအဖြစ် သတ်မှတ်ထားတဲ့ ကြာဖူးသဏ္ဍန် မြို့ဧရိယာတိုင်တွေပါ။ ကြာဖူးဧရိယာတိုင်တွေဟာ ဘယ်ညာတဖက် တချက်မှာ တခုဆီရှိနေပြီး အဲဒီလို ကြာဖူးဧရိယာတိုင်တွေဆိုက်ထားတာ နေရာ ၂ နေရာရှိပါတယ်။
မိုးနဲမြို့ထဲ ဝင်သွားတာနဲ့ ပထမဆုံးမြင်ရမယ့် မြင်ကွင်းတွေကတော့ ပြိုပျက်ဟောင်းနွမ်း သွားကြပြီ ဖြစ်တဲ့ ရှေးဟောင်း စေတီပုထိုးတွေနဲ့ ခေတ်သစ်ဟန်တွေနဲ့ တည်ဆောက်ထားတဲ့ ရွှေရောင်ဝင်းပသော စေတီပုထိုးများပါပဲ။ မိုးနဲဟာ ခေတ်ဟောင်းနဲ့ ခေတ်သစ်ပဋိပက္ခတွေကြားမှာ ဗျာများခဲ့ဖူးသူလိုပါ။
ရှေးဟောင်းအုတ်ချပ်တွေရဲ့ ကြားမှာ အတိတ်ရဲ့အရိပ်တွေဆီ မှန်းဆကြည့်နေမိတုန်း ကျနော် ရောက် နေခဲ့တာကတော့ ဆင်တောင်ပါ။ ဆင်တောင်ဟာ မိုးနဲကို မြင်ကြည့်ချင်စရာ အကောင်းဆုံး View point ပါပဲ။ ဆင်တောင်ပေါ်ကနေ ခပ် ဝေးဝေးကို လှမ်းကြည့်တဲ့အခါမှာတော့ သွပ်မိုးနီနီ လူနေအိမ်များ ၊ ကျယ်ပြန့်သော လယ်ကွင်းများ ၊ ကောင်းကင်ပြာပြာ များ ၊ ဆင်တောင်အောက်ခြေက စေတီတော်အဟောင်းများ ၊ အပျက်အစီးများ မြင်တွေ့ရပါတယ်။
မိုးနဲမြို့ဟာ နေရာသုံးနေရာလောက်ရွှေ့ပြောင်းခဲ့ပြီးမှ အခုလက်ရှိနေရာမှာ ရှိနေခဲ့ရတာဖြစ်ပြီး ပထမမိုးနဲကတော့ အခုလက်ရှိမိုးနဲမြို့ရဲ့ အရှေ့မြောက်အရပ်ဘက် ၁၈ မိုင်အကွာမှာတည်ရှိခဲ့ပါတယ်။ နောင်လိုင်ကျေးရွာ အရှေ့ဘက် နမ့်တာပူ ဆိုတာဟာ ပထမမိုးနဲတည်နေရာပါ။
ဒုတိယမိုးနဲကတော့ လက်ရှိမိုးနဲမြို့ရဲ့ အရှေ့မြောက်ဘက် ၄ မိုင်အကွာလောက်မှာရှိခဲ့ပါတယ်။ တတိယမိုးနဲကတော့ အခုလက်ရှိမိုးနဲမြို့ ဖြစ်ပြီး သက္ကရာဇ် ၉၁၁ ခုနှစ်မှာ စော်ဘွား စဝ်ပိတ်ဟုန်ဖက တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုးနဲကိုရောက်တဲ့အခါ အသွားချင်ဆုံးနေရာကတော့ စော်ဘွားတွေနေထိုင်ခဲ့ဖူးရာ ဟော်နန်းပါ။ အခုလက်ရှိဟော်နန်းက တော့ ၁၉၅၁ ခုနှစ်ရောက်မှ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ဟော်နန်းဖြစ်ပြီး မူလဟော်နန်းနေရာကတော့ နောင် မိုကန်ရဲ့ တောင်ဘက်မှာလို့ သိရပါတယ်။
အဲဒီဟော်နန်းကို ၁၈၅၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပေမယ့် ၁၈၉၈ ခုနှစ်မှာ မီးလောင်ပျက်စီး သွားခဲ့ရပါ တယ်။ ဒါကြောင့် ၁၉၃၃ ခုနှစ်မှာ ပြန်တည်ဆောက်ခဲ့ပေမယ့် ၁၉၄၅ ခုနှစ် မှာ အင်္ဂလိပ်ကိုစစ်ရှုံးပြီးထွက်ပြေးခဲ့တဲ့ ဂျပန်စစ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ကြပြန်ပါတယ်။ ဒါကြောင့် အခု လက်ရှိနေရာမှာ ပြန်လည်တည်ဆောက်ခဲ့ပြန်ပါတယ်။
စော်ဘွားတွေ အခြေချနေထိုင်ခဲ့ရာ ဟော်ဝင်းကြီးဟာ အခုဆိုရင်တော့လည်း အစိုးရရုံးစိုက်ရာ အဆောက်အဦတွေ ဖြစ်သွားခဲ့ပြီး ရှေးဟောင်းအအနံ့အသက်ကို ခံစားကြည့်စရာဆိုလို့ ဟော်နန်းရှေ့က မာလိန်တိုင်တွေနဲ့ ဟော်ဝင်းကြီး ထဲက ကြေးနွားလားဥဿဖရုပ်တုကြီးပါ။
ရှမ်းစော်ဘွားတွေအကြောင်းရေးခဲ့တဲ့ မောရစ်ကောလစ်ရဲ့ နေဝင်ဘုရင်များစာအုပ်ထဲမှာလည်း ဒီ ကြေးနွားလားဥဿဖ ရုပ်တုအကြောင်း ဖော်ပြထားပါတယ်။ ကောလစ်ကတော့ ဒီ ကြေးနွားလားဥဿဖရုပ်တုကြီး ဘယ်ကရောက်လာသလဲလို့ သူ မိုးနဲဟော်ကိုရောက်တုန်းက မေးခဲ့ပေမယ့် တိတိကျကျပြောနိုင်တဲ့သူ မရှိဘူးလို့ ရေးခဲ့ပါတယ်။
ဒါပေမယ့်လည်း ဒေသခံတွေကတော့ ကျိုင်းတုံစော်ဘွားဆီက လက်ဆောင်ရခဲ့တယ်လို့ ယူဆထားကြပါတယ်။ မိုးနဲမြို့ဟာ ရှေးစေတီပုထိုးများရဲ့ မြို့တော်ဖြစ်တော့ လည်ပတ်စရာနေရာတွေကလည်း အများကြီးပါပဲ။
မိဖုရားဆယ့်နှစ်ပါးဂူ ၊ ဆင်တောင် ၊ လူတောင် ၊ ရန်ပြေဘုရား ၊ အရိပ်မကျ နှစ်ကျိပ်ရှစ်ဆူဘုရား ၊ နတ်ရေကန် ၊ စက်တော် ၊ နှီးဘုရား နဲ့ သက်တမ်း ၁၀၀ ကျော်နေပြီဖြစ်တဲ့ ရှေးဘုန်းတော်ကြီးကျောင်း စတာတွေပါ။
ဒေဝီဆယ့်နှစ်ပါးဂူကတော့ ဘုရင်က မိဖုရားတွေကိုအထင်လွဲပြီး သွားရောက်စွန့်ပစ်ခဲ့တဲ့ ဂူလို့ သိရပါ တယ်။ တောင်ထိပ် ပေါ်တက်တော့မယ်ဆိုတာနဲ့ မိဖုရားဆယ့်နှစ်ပါးအကြောင်းရေးဆွဲထားတဲ့ ပန်းချီကားတွေကိုမြင်ရပါလိမ့်မယ်။
ဂူပေါက်တွေအနေနဲ့ကတော့ အတော်ကျဉ်းမြောင်းတာ တွေ့ရပြီး မိဖုရားတွေဟာ ဂူတဂူထဲ စုပြုံနေ ခဲ့ကြတာမျိုး မဟုတ်ဘဲ ပြန့်ကျဲနေထိုင်ခဲ့ကြပုံပါပဲ။ တောင်ထိပ်ကနေလှမ်းကြည့်ရင် မြင်ရမယ့်မြင်ကွင်း ကတော့ ပန်းပင်တွေနဲ့ဝေဆာနေတဲ့ ရှေး ကျောင်းတော်ကြီးပါ။
လူရုပ်တောင်အကြောင်းတွေးတဲ့အခါ နေဝင်ဘုရင်များထဲက ဂရီယာကို သတိရမိပါတယ်။ ဂရီယာဟာ အိန္ဒိယ ပဋိညာဉ်ခံ ဝန်ထမ်းတယောက်ဖြစ်ခဲ့ပြီး မိုးနဲမြို့မှာ တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သူပါ။
ဂရီယာဟာ ရှမ်း တို့ရဲ့အကျိုးစီးပွားကို လိုလားခဲ့သူဖြစ်ရုံမက မိုးနဲစော်ဘွားရဲ့ အချစ်ဆုံး မိတ်ဆွေ တဦးပါပဲ။ ၁၉၁၅ မှာ ဂရီယာကွယ်လွန်တော့ မိုးနဲစော်ဘွားက ပြည်နယ်ဈာပန အနေနဲ့ တခမ်းတနား သြင်္ဂိုဟ်ပေးခဲ့ပါတယ်။
ဂရီယာရုပ်တုကိုလည်း ဂရီယာ အကြောင်းကောင်းကောင်းသိတဲ့ ဒေသခံတိုင်းရင်းသားတဦးကို ထုလုပ်စေခဲ့ပါတယ်။ မိုးနဲမြို့ပေါ်က တောင်တတောင်မှာ မိုးနဲကိုမျက်နှာမူပြီး ဂရီယာရုပ်တု ကိုထုလုပ်ခဲ့ပေမယ့် နောက်ပိုင်း မြို့ သူမြို့ သားတွေ နာမကျန်းဖြစ်လာကြတဲ့အခါ ဂရီယာရုပ်တုကို တောင်ပေါ်က ဖယ်ရှားပေးဖို့ စော်ဘွားကြီးကို တောင်းဆိုခဲ့ကြပါတယ်။
အချစ်ရဆုံးမိတ်ဆွေရုပ်တုနဲ့ ဒေသခံတွေကြား ဗျာများခဲ့ရတဲ့စော်ဘွားကြီးဟာ နောက်ဆုံးမှာတော့ ဂရီယာရုပ်တုကို မိုးနဲမြို့ ကိုကျောခိုင်းပြီးထားဖို့ သဘောတူခဲ့ရပါတယ်။
မိုးနဲမြို့ကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ ရန်ကုန် တောင်ကြီးကားစီးပြီး သွားနိုင်သလို ရန်ကုန် နမ့်စန် ကားစီးပြီးလည်း လည်ပတ်နိုင်ပါတယ်။ မိုးနဲအထိရောက်ဖို့ဆိုရင်တော့ ကားဆက်စီးရဦးမှာဖြစ်ပြီး လမ်းခုလတ်မှာလည်း ဟိုပုံးထမ်ဆမ်းဂူ ၊ ရွှေတိဂုံစေတီတော်ပုံတူ နဲ့ နမ့်စန်မြို့ မှာယိုးဒယားဟန်နဲ့ တည်ထားတဲ့ မတ်ကျန်းဒေသက လွယ်မုံမွန်းစေတီကိုလည်း ဖူးမြော်နိုင်ပါသေးတယ်။
ရှေးဟောင်းအငွေ့အသက်တွေ ထုံမွှမ်းနေတဲ့ မိုးနဲမြို့ ဟာ အင်္ဂလိပ်ယူနီယံဂျက် အလံကို အမြဲလွှင့် ထူခွင့်ရခဲ့တဲ့ ပထမဆုံးသော စော်ဘွားမြို့ ဖြစ်တဲ့အပြင် ခေတ်ဟောင်း ၊ ခေတ်သစ်ဟန်တွေနဲ့ တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ ပေါများရာ မြို့တမြို့ ဖြစ်လို့နေပါတော့တယ်။ ။