မြန်မာနိုင်ငံတွင် ကယားပြည်နယ်သည် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးမှုများတွင် အနောက်ကျဆုံး ပြည်နယ်များအနက် တစ်ခုဖြစ်သည်။
လက်တလောတွင် ကယားပြည်နယ်၏ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှု အရိပ်အယောင်များ တွေ့မြင်နေရပြီး အဆိုပါဖွံ့ဖြိုးတိုးတက်မှုနောက်ကွယ်တွင် နယ်သာလန်နိုင်ငံမှ ရန်ပုံငွေပံ့ပိုးပေးလျက်သည့် နိုင်ငံတကာကုန်သွယ်မှုဗဟို စီမံကိန်း၏ ပံ့ပိုးမှုကလည်း အဓိကကျနေသည်။
သို့ဖြစ်ရာအဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာကုန်သွယ်မှုစင်တာ (ITC) မှ စီမံကိန်း(ကယားပြည်နယ်) ညှိနှိုင်းရေးမှူး မဝင်နီအား ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ အခုဒီကယားပြည်နယ်မှာလုပ်နေတဲ့ စီမံကိန်းအကြောင်းရှင်းပြပေးပါလား။
ဖြေ ။ ။ Project (စီမံကိန်း) ခေါင်းစဉ်ကတော့ Inclusive Tourism Project (အားလုံးပါဝင်နိုင်သော ခရီးသွားလုပ်ငန်း စီမံကိန်း) လို့ ခေါ်ပါတယ်။ Inclusive Tourism Project လို့ ပြောတဲ့အခါမှာ ရပ်ရွာအခြေပြု CBT ပါတယ်။ ပြီးရင် လွိုင်ကော်မြို့က ဝက်အူချောင်း အတွေ့အကြုံတွေ ပါတယ်။ ချည်သဘာဝဆိုးဆေးတွေ ပါတယ်။ ခရီးစဉ်အသစ်တွေ ဖြစ်လာတာကို ကျမတို့က လွိုင်ကော်အခြေစိုက် ခရီးသွား ကုမ္ပဏီတွေ၊ ဧည်လမ်းညွှန်တွေနဲ့ ချိတ်ဆက်ပေးတယ်။ အဲဒီကနေတဆင့် ရန်ကုန်အခြေစိုက် ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးတော့ ဥရောပဈေးကွက်ကို မြှင့်တင်ပေးတယ် ကျမတို့ ဒီကွင်းဆက်တခုလုံးကို လုပ်ပေးပါတယ်။
မေး။ ။ ဒီစီမံကိန်းကို လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကို ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကုန်သွယ်မှုဆိုတဲ့ နေရာမှာအမျိုးမျိုးပါတယ်ပေါ့။ မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်းကလည်း National Export Strategy (အမျိုးသား ပို့ကုန် မဟာဗျူဟာ) ပေါ့။ မြန်မာနိုင်ငံ အမျိုးသားပို့ကုန် မဟာဗျူဟာအောက်ကနေ ကဏ္ဍ ၇ ခု ရှိတာ ခရီးသွားလုပ်ငန်းက ၁ ခုအပါအဝင် ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဦးတည်ပြီးတော့ လုပ်ပေးတာဖြစ်တယ်။ ပြီးတော့ ကယားကို ရွေးရတဲ့ အကြောင်းအရင်းကလည်း ကယားပြည်နယ် ယဉ်ကျေးမှုဓလေ့တွေ ကြွယ်ဝတယ်ပေါ့။ အဲဒါ အဓိကပါဝင်တယ်။
မေး ။ ။ ကယားပြည်နယ်မှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တာက ဘာတွေရှိမလဲ။ စီမံကိန်းမှာပါတဲ့
ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) က ဘယ်နေရာတွေမှာ လုပ်နေလဲ။
ဖြေ ။ ။ ကယားပြည်နယ်လို့ ပြောလိုက်ရင် လူတွေ တော်တော်များများက ကယန်းကြေးပတ် (ပဒေါင်) လို့ အများက သိထားတဲ့ နေရာကို အများက သွားကြတယ်။ ပုံမှန်ဆို အဲဒီနေရာရယ်၊ ဘုရားတွေရယ် သွားကြတယ်။ ကျမတို့ စီမံကိန်းအနေနဲ့က ကယားပြည်နယ်ကို လာတယ်ဆိုရင် ကယန်းမျိုးစု တခုတည်းရှိတာ မဟုတ်ဘူး။ ကယားပြည်နယ်မှာ တိုင်းရင်းသား ၉ မျိုးရှိတယ်၊ ယဉ်ကျေးမှုဓလေ့တွေလည်း မတူကွဲပြားနေတာရှိတယ်။
ဒီနောက်ပိုင်းမှာ CBT အနေနဲ့က ကယန်းကြေးပတ်ရှိတဲ့ ပန်ပတ်ကျေးရွာ၊ ကယားမျိုးနွယ်စုဖြစ်တဲ့ တနီးလာလဲ၊ ကယော မျိုးနွယ်စုဖြစ်တဲ့ ထေးခိုရွာ၊ ကယားလူမျိုး ဒေါတမကြီးရွာ။ ရွာအနေနဲ့ဆိုရင် ဒီ ၄ ရွာကို သွားကြတယ်။ နာမည်အကြီးဆုံး ကတော့ ပန်ပက်နဲ့ တနီးလာလဲပေါ့။ လွိုင်ကော်နဲ့လည်း ပိုနီးတဲ့အတွက်ကြောင့် အဲဒီနေရာကို ပိုသွားကြတယ်။
မေး ။ ။ စီမံကိန်းလုပ်နေတဲ့ ကယန်း(ပဒေါင်) ကို တခြားနိုင်ငံမှာ ခရီးသွားတွေ ဆွဲဆောင်ဖို့ လုပ်ထားတာမျိုး ရှိနေတယ်ဆိုတော့ ကိုယ့်နိုင်ငံအနေနဲ့ကရော ဘယ်လိုမျိုးတွေ ဆောင်ရွက်သင့်လဲ။
ဖြေ ။ ။ အခုချိန်အထိ ကယန်းလို့ပြောရင် ထိုင်းက လာတယ်လို့ထင်ကြတယ်။ အဲဒီအကြောင်းအရင်းတခုကလည်း ကျမတို့ ပန်ပက်ရွာမှာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT ) လုပ်မယ်ဆိုတဲ့ အကြောင်းအရင်းတခု ပါတယ်။ တော်တော်များများက ဒီမှာ နိုင်ငံရေး အခြေ အနေကြောင့် ထိုင်းနိုင်ငံကို ခိုလှုံခွင့်သွားတယ်၊ အဲဒီမှာအလုပ်လုပ်ကြတယ်။ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကို လုပ်ခြင်းအားဖြင့် တဖက်တလမ်းက ဝင်ငွေရလာမယ်ဆိုရင် သူတို့ပြန်လာဖို့ စိတ်ဝင်စားမလားဆိုတဲ့ ရည်ရွယ်ချက်တခုလည်း ပါပြီးတော့ လုပ်ဖြစ်တာပေါ့။ ဒီထက်ပိုပြီးတော့မှ ကယန်းလူမျိုးလို့ ပြောလိုက်ရင် ကယားပြည်နယ်က အစစ်အမှန်ပါဆိုတဲ့ Message (သတင်းစကား) ကိုလည်း ကျမတို့ ကြိုးစားပြီးတော့ ပေးနေတာ ရှိပါတယ်။
မေး ။ ။ စီမံကိန်းရဲ့ လက်ရှိအခြေအနေမှာ ဘယ်လို အခက်အခဲတွေ ရှိနေလဲ။
ဖြေ ။ ။ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကဆိုရင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး သင်တန်းပေးမယ်၊ လုပ်ချင်လားဆိုတော့ ရွာတွေက စိတ်ပါဝင်စားမှု မရှိဘူး။ အကျိုးအမြတ်ကို နားမလည်ဘူး၊ အဲဒီအခက်အခဲရှိခဲ့တယ်။ အဲဒီကာလကို ကျော်ဖြတ်လာတော့ ၂ နှစ်လောက် သင်တန်းပေးတယ်၊ ဝန်ဆောင်မှုတွေ ဘယ်လိုလုပ်ရမလဲဆိုတော့ ပြောတဲ့အခါမှာ နားလည်လာတယ်။
ကျမတို့က ကွင်းဆက်တခုလုံး လုပ်တဲ့အခါမှာ လက်ရှိအနေအထားမှာ ရွာသားတွေကသဘောပေါက်တယ်။ ခရီးသွား လုပ်ငန်းဝန်ဆောင်မှု ဘယ်လိုပေးရမလဲသိပေမယ့် တချို့သော ဧည့်လမ်းညွှန်၊ တချို့သောကားသမားတွေက ဒီဝန်ဆောင်မှုကိုမသုံးဘဲနဲ့ ရွာထဲကို ဝင်လာတဲ့အတွက် ရွာအတွက် အကျိုးအမြတ် မရှိဘူး။ အဲဒါက စိန်ခေါ်မှု အကြီးကြီး ဖြစ်နေတာပေါ့။
မေး ။ ။ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) လုပ်ငန်းကနေ ဒေသခံတွေက ဘယ်လို အကျိုးအမြတ်တွေရမလဲ။
ဖြေ ။ ။ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ပုံမှန်ဝန်ဆောင်မှု တခုဆိုရင် နေ့လည်စာ မှာစားလို့ရတယ်။ ရွာရဲ့ ဧည့်လမ်းညွှန်၊ ပြီးရင် အိမ်တွေလည်လို့ရတဲ့ အဖိုး၊ အဖွားအိမ်တွေ ရှိတယ်။ Guide (လမ်းညွှန်) တယောက်က တနေကုန်ဆို ၈ ထောင်ကျပ် ယူတယ်ဆိုရင် ၇၂၀၀ ပဲ အကျိုးအမြတ်အတွက် ရပြီးတော့ ၈၀၀ ကို ရွာရန်ပုံငွေ ပြန်ထည့်ပေးရတာပေါ့။ အဲဒီနည်းအားဖြင့် တိုက်ရိုက်ဝန်ဆောင်မှု မပေးပေမယ့် ရွာတခုလုံးက ရွာရန်ပုံငွေကနေ အကျိုးအမြတ်ရတယ်ပေါ့။
မေး ။ ။ အခုအနေအထားအရ ရွာတွေမှာ ရိုးရာဝတ်စုံတွေ ဝတ်တာ နည်းလာတာကို တွေ့ရတယ်ပေါ့နော်။ အဓိကက ခေတ်ကာလကြောင့်ပဲလား၊ တခြား ဘယ်လိုအချက်တွေကြောင့် ဖြစ်မလဲ။
ဖြေ ။ ။ အခုက ကြေးပတ်တွေရော၊ ဒူးကွင်းပတ်တွေရော ကြည့်လိုက်မယ်ဆိုရင် အရမ်းနည်းတော့ နည်းသွားပြီ။ ဒီနောက်ပိုင်း လူငယ်တွေကလည်း တကယ်တမ်း ကျောင်းသွားတက်တဲ့ အခါကျရင် ဒါကိုပတ်ရတာ အဆင်မပြေဘူး၊ အဲဒီလိုအခက်အခဲတွေ ရှိတယ်။ တဖက်မှာလည်း တချို့ကလေးတွေက သူတို့ စိတ်ဝင်စားလို့ ပတ်တာမျိုးတွေ ရှိတယ်။ နောက်ပိုင်းကတော့ နည်းသွားတာမျိုးတွေ ဖြစ်လာနိုင်တယ်။ နှစ်ဖက်ချိန်ထိုးပြီးတော့ ကြည့်တယ်။ တဖက်ကလည်း ရိုးရာရှိတယ်။ တစ်ဖက်ကလည်း ခေတ်အလိုက်သွားရမှာရှိတဲ့ အတွက်ကြောင့်မို့လို့ ရိုးရာတော့ ထိန်းသိမ်းရမှာမှန်ပေမယ့် သူရဲ့ တက်လမ်းကလည်းရှိသေးတဲ့အတွက်ကြောင့်မို့လို့ အများကြီးတော့ ပြောလို့မရဘူးပေါ့။
မေး ။ ။ ပြည်တွင်းပြည်ပခရီးသွားတွေ စိတ်ဝင်စားခံရတဲ့ ဒီရိုးရာယဉ်ကျေးမှုတွေ မှေးမှိန်လာတာက ခရီးသွားကဏ္ဍကို မထိခိုက်ဘူးလား။
ဖြေ ။ ။ လက်ရှိအနေအထားမှာ နည်းတော့နည်းတယ်။ အတတ်နိုင်ဆုံးတော့ ရိုးရားထိန်းသိမ်းဖို့တော့ လိုအပ်တယ်။ တဖက်ကကျတော့ လူငယ်လေးတွေက အပြင်သွားရတာ၊ သူတို့ ကျောင်းတက်ရတာ အဆင်မပြေတာမျိုးတွေ ရှိတယ်။ အဲဒီလိုမျိုးတွေရှိတော့ ဒီအပိုင်းမှာ ထိန်းသိမ်းဖို့ကတော့ အခက်အခဲရှိတယ်။ ရိုးရာယဉ်ကျေးမှုလို့ ပြောတဲ့အခါမှာ ဝတ်စုံတခုတည်း မဟုတ်ဘဲနဲ့ တခြားယဉ်ကျေးမှုတွေ အများကြီးရှိတယ်။
ဥပမာဆိုရင် တနီးလာလဲရွာမှာက ရိုးရာမီးဖိုချောင် ရှိတယ်။ အဲဒါက ရိုးရာဝတ်စုံနဲ့ တူတူပဲ။ ရိုးရာအိမ်က ထိန်းသိမ်းသင့်တာမှန်ပေမယ့် လေအရမ်း တိုက်တာတို့၊ မိုးရွာရင် မိုးယိုတာတို့မှာ အခက်အခဲရှိသလို ခေတ်အခြေအနေအရ သူတို့လည်း တခြားသူတွေလို တိုက်အိမ်မှာ နေချင်မှာပေါ့။ မလုပ်နဲ့ ရိုးရာပဲနေပါလို့ သွားပြောရတာတော့ အခက်အခဲရှိတယ်။ တဖက်ကနေ ကျမတို့ ကူညီပေးတာကတော့ အိမ်သစ်ဆောက်မယ်ဆိုရင် ဆောက်၊ ဒါပေမယ့် ရှိနေတဲ့ ရိုးရာကိုတော့ မဖျက်ဆီးပါနဲ့၊ ရိုးရာမီးဖိုချောင်ကိုလည်း တနေရာမှာ ထားပြီး ဒါဟာ ယဉ်ကျေးမှုရိုးရာ ဖြစ်ပါတယ်ဆိုတာကို ထိန်းသိမ်းဖို့ အတွက်ကို အားပေးတာပေါ့။
မေး ။ ။ ဆိုတော့ ကယားပြည်နယ်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်နေတာဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိခရီးသွားလုပ်ငန်းအပေါ်မှာရော ဘယ်လို သုံးသပ်မိသလဲရှင့်။
ဖြေ ။ ။ အားလုံးသိကြတဲ့အတိုင်း မနှစ်ကဆိုရင် အရမ်းကျသွားတယ်ပေါ့။ ဒီကယားမှာလုပ်တဲ့ အနေအထားတခုပဲ ပြောမယ်ဆိုရင် ကယားက Effect (သက်ရောက်မှု) သိပ်မဖြစ်ဘူးလို့ ပြောလို့ရတယ်။ ခရီးသွားနှုန်းရတဲ့ဝင်ငွေကို တွက်ကြည့်မယ်ဆိုရင် ပုံမှန်အတိုင်း သွားနေတယ်။ ဘာဖြစ်လို့လဲဆိုရင် တဖက်ကနေလည်း ကျမတို့ နိုင်ငံတကာ ခရီးသွားပြပွဲတွေမှာ မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေတွေ ရှိနေပေမယ့်လည်း ကယားပြည်နယ်က သွားလို့လာလို့ရတဲ့ နေရာတခုဖြစ်ပါတယ် ဆိုတဲ့ သတင်းစကားကို ပြောပေးတဲ့အတွက်ကြောင့် Effect (သက်ရောက်မှု) အများကြီး မဖြစ်ဘူးလို့ ယူဆပါတယ်။
မေး ။ ။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကတခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် အတော် နောက်ကျနေတာကို တွေ့ရတယ်။ ဒါကရော ဘယ်လိုအကြောင်းကြောင့်လို့ ယူဆမိလဲ။
ဖြေ ။ ။ ပြောမယ်ဆိုရင်တော့ အကျယ်ကြီးပေါ့။ အဓိကကတော့ နိုင်ငံရေးအခြေအနေကြောင့်လို့တော့ ကျမ ယူဆတယ်ပေါ့။ အခြေအနေက ဒီ့ထက် ပိုပြီးတော့ ပွင့်ပွင့်လင်းလင်းရှိတယ်၊ Open ဖြစ်တယ်ဆိုရင် ဒီ့ထက် ဖွံ့ဖြိုးမယ်လို့ ယူဆတယ်။ ကျမတို့ ကယားဆိုရင် တကယ်ပဲ ဧည့်သည်ပိုပြီးလာနိုင်တာက ၂၀၁၂ နောက်ပိုင်းမှ ပိုပြီးတော့ လာနိုင်တာပေါ့။ အစောပိုင်းဆိုရင် ကန့်သတ်ဧရိယာ ဖြစ်ခဲ့တယ်။ လက်ရှိ CBT (ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း) လုပ်နေတဲ့ ရွာ ၄ ရွာမှာ ၂ ရွာကိုပဲ ခွင့်ပြုချက် တင်စရာမလိုဘဲနဲ့ သွားလို့ရတယ်။ နောက် ၂ ရွာကိုက ခွင့်ပြုချက်တင်ပြီးမှ သွားလို့ရတယ်ဆိုတော့ အဲဒီလိုကန့်သတ်ချက်ရှိလို့လည်း ခရီးသွားကဏ္ဍမှာ ဖွံ့ဖြိုးမှု နည်းသေးတယ်လို့ ယူဆတယ်။
မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။
ဖြေ ။ ။ လက်ရှိအနေအထားက ဥရောပဈေးကွက်ကို အများကြီးမြှင့်တင်ပေးတဲ့ အပိုင်းမှာ လာတဲ့ဧည့်သည်က တကယ့်ကို Package (အစီအစဉ်) နဲ့ လာတယ်။ ဒါပေမယ့် ဥရောပတခုကိုပဲ တည်လို့ မရဘူး။ ခရီးသွားလုပ်ငန်းလို့ ပြောတဲ့အခါမှာ ကိုယ့်ရဲ့အိမ်နီးချင်း အာရှနိုင်ငံတွေလည်း ရှိတယ်။ ပြည်တွင်းဧည့်သည့်တွေလည်း ရှိတယ်ဆိုတော့ သူတို့လာမယ်ဆိုလည်း ဒီလိုခရီးစဉ်မျိုးတွေ ရှိတယ်၊ ဒီလိုဝန်ဆောင်မှုတွေ သုံးလို့ရတယ်ပေါ့။ ဒီလိုဝန်ဆောင်မှုတွေ သုံးခြင်းအားဖြင့် ဒီက ယဉ်ကျေးမှုတွေကို ထဲထဲဝင်ဝင် သိနိုင်ပါတယ်။ ဒေသအတွက်လည်း အကျိုးအမြတ်ရပြီးတော့ လာတဲ့ဧည့်သည် အတွက်လည်း အကျိုးအမြတ်ရနိုင်တဲ့ ခရီးစဉ်တခုရှိတယ်ဆိုတာကို ပြောချင်ပါတယ်။