ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့(TAT) က နိုင်ငံခြားသားခရီးသွားနှင့် ထိုင်းခရီးသွား ၁ သန်းကို ဆွဲဆောင်နိုင်ဖို့ ဘန်ကောက်နှင့်အခြားပြည်နယ် ၄ ခုတွင် နှစ်သစ်ကူးကြိုဆိုသည့်ပွဲများ စီစဉ်ထားကြောင်း သိရသည်။
ယင်းအစီအစဉ်မှာ ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၁ ရက်အထိ ဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသည် များထံမှ ခရီးသွားလုပ်ငန်းအခွန်ငွေ ဘတ် ၁၇.၃ ဘီလီယံနှင့် ယခုနှစ်အတွက် ၈ ရာခိုင်နှုန်း တိုးတက် ရရှိရန် မျှော်မှန်းထားကြောင်း ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့(TAT) အုပ်ချုပ်ရေး မှူး ယူသာဆက် စူပါးဆွန်၏ ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post က ဆိုသည်။
ဝင်ငွေအနေဖြင့် လျာထားသည့် နိုင်ငံခြားခရီးသည် ၅၂၀,၀၀၀ ဦးထံမှ ဘတ်ငွေ ၇.၈ ဘီလီယံ ရရှိမည် ဟု မျှော်မှန်းထားပြီး ၁၅ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းအသီးသီးတက်လာမည်ဟု တွက်ချက်ထားသည်။
တချိန်တည်းမှာပင် ပြည်တွင်းခရီးသည်များထံမှ ဝင်ငွေ ဘတ် ၉. ၅ ဘီလီယံ မျှော်မှန်းထားပြီး တနှစ်ထက်တနှစ် ၃ ရာခိုင်နှုန်းတက်လာမည်ဟု ဆိုသည်။
အံ့သြဖွယ်ထိုင်းနှစ်သစ်ကြိုဆိုပွဲ ၂၀၁၉ (Amazing Thailand Countdown 2019) ဆောင်ပုဒ်အောက် တွင် တနှစ်လုံးအတွက် အကြီးမားဆုံးခရီးသွားလုပ်ငန်းပွဲတော်ဖြစ်ရန် စီစဉ်နေသည်။
ဘန်ကောက်မြို့အပြင် အခြားမြို့ကြီးများဖြစ်ကြသည့် ထိုင်းအရှေ့မြောက်ရှိ နန့်ခွန်ဖနွမ်၊ မြောက်ဘက်ရှိ ချင်းရိုင်၊ အလယ်ပိုင်းရှိ ရပ်ချ်ဘူရီနှင့် တောင်ပိုင်းရှိ ဆထွန်တို့တွင်လည်း အလားတူနှစ်သစ်ကြိုပွဲများ စီစဉ်ထားကြောင်း မစ္စတာယူသာဆက်က ပြောသည်။
ယခုပွဲတော်ကို အကြောင်းပြု၍ ခရီးသွားဧည့်သည်များ ဝင်ရောက်လာမှုကို ပြည်တွင်းရော ပြည်ပအတွက်ပါ မြှင့်တင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အထင်ကရ ပွဲတော် ၅ ခုအတွက် ခရီးသွား ၁ သန်းကို ဆွဲဆောင်နိုင်ရန် ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့(TAT) က ရည်ရွယ်ထားသည်။
ယခုနှစ် ထိုင်းနှစ်သစ်ကြိုပွဲသည် နိုင်ငံခြားသားခရီးသည်များအကြားတွင် မရှိမဖြစ်ပွဲတခုဖြစ်ကြောင်း ကြာသပတေးနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် မစ္စတာယူသာဆက်က သတင်းထောက်များကို ပြောကြားခဲ့သည်။
နှစ်ကုန်ပိုင်းကျင်းပသည့် ပွဲတော်ကာလ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွား များ အနေဖြင့် ငွေပိုသုံးမည်ဟု TAT အဖွဲ့က မျှော်လင့်ထားသည့်နည်းတူ ဆိုင်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များကလည်း အရောင်းမြှင့်တင်ရေးလုပ်ခြင်း၊ ဈေးကွက်ရှာဖွေရေးလှုပ်ရှားခြင်းများ ရှိနေသည်။
ကျောက်ဖရားမြစ်ပေါ်ရှိ အသစ်တည်ဆောက်ထားသော Iconsiam ကုန်တိုက်နှင့်အခြား စီးပွားရေး မိတ်ဖက် အဖွဲ့များသည်လည်း TAT နှင့်ပူးပေါင်း၍ နှစ်သစ်ကြိုပွဲတော်အတွက် ပါဝင်ကြမည်ဖြစ်မည် ဖြစ်ကြောင်း Iconsiam Superlux Residence ကော်ပိုရေးရှင်းဥက္ကဋ္ဌ နာရွန်ချာရာဗန်နော့က အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်တွင် ကျောက်ဖရားမြစ်၏ကမ္ဘာကျော်ပုံရိပ်များကို တင်ဆက်မည်ဖြစ်ပြီး Iconsiam ရှော့ပင်းမောလ်အကြောင်းလည်း မိတ်ဆက်သွားမည်ဟု ဆိုသည်။
“ဒီနှစ် နှစ်သစ်ကူးပွဲမှာ ကျောက်ဖရားမြစ်ကို ကျနော်တို့အမျိုးသားရေး ရေမြေအထိမ်းအမှတ်နေရာ အဖြစ် အားပါးတရ ပုံဖော်တင်ဆက်သွားဖို့ ရှိပါတယ်” ဟု မစ္စတာနာရွန်က ပြောသည်။
ကျောက်ဖရားမြစ်၏သာယာရှုမောဖွယ်ရာများ၊ Siam ရတနာ၊ ရွှင်လန်းမှု၏ပွင့်လန်းမှု၊ ထိုင်းနှင့် တကမ္ဘာ စသည့် အစီအစဉ်ကဏ္ဍ ၅ ခုထည့်သွင်း၍ မြစ်၏သာယာရှုမောဖွယ်အယူအဆကို အခြေခံ၍ တင်ဆက်သွားမည်ဟု ဆိုသည်။
ထို့အပြင် ယူနက်စကိုအသိအမှတ်ပြုသည့် အဖိုးမဖြတ်နိုင်သောယဉ်ကျေးအမှုအမွေအနှစ်အဖြစ် ခွန်(ထိုင်းဒရမ်မာ) သရုပ်ပြတင်ဆက်မှုကို ယခုနှစ်သစ်ကူးပွဲတွင် ပါဝင်မည်ဖြစ်သည်။
ထိုင်းနှင့်နိုင်ငံခြားမှ အနုပညာရှင်များကလည်း ပြည်တွင်းပြည်ပဧည်သည့်များကို နှစ်သစ်ကူးပွဲ စင်တင်ဖျော်ဖြေမှုများလည်း စီစဉ်ထားသည်။ ကျောက်ဖရားမြစ်ဥယျာဉ် အပန်းဖြေနေရာသည် လူ ၄၀၀၀ ခန့် ဝင်ဆန့်၍ ဝန်ဆောင်မှုပေးနိုင်သည့်နေရာဖြစ်သည်။