ဘန်ကောက်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ အများစု လာရောက်လည်ပတ်ကြတဲ့ နေရာတခုဖြစ်ပါတယ်။ သင့်တင့်တဲ့ဈေးနှုန်းနဲ့ အာရှရဲ့ ယဉ်ကျေးမှု အငွေ့အသက်တွေ၊ ဖက်ရှင်တွေနဲ့ ပျော်ပွဲရွှင်ပွဲများစွာ ရှိတာကြောင့် ခရီးသွားတွေ သဘောကျတဲ့ နေရာတခုပါ။
ဒီလိုနေရာကို ကမ္ဘာအရပ်ရပ်က လူတွေ ပိုစိတ်ဝင်စားလာအောင် လက်စွမ်းပြခဲ့တဲ့ ဓာတ်ပုံဆရာကတော့ Kantapat Phutthamkul ပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူရိုက်ကူးထားတဲ့ ပုံတွေကို လူကြိုက်များနေပြီး ထိုင်းနိုင်ငံကို လည်ပတ်တဲ့ ခရီးသွားတွေ ပိုများလာအောင် ဆွဲဆောင်ထားနိုင်ပြီ ဖြစ်ပါတယ်။
Kantapat Phutthamkul ဆိုတဲ့သူဟာ အင်စတာဂရမ်မှာ @golfwashere ဆိုတဲ့ နာမည်နဲ့ ဘန်ကောက်မြို့ရဲ့ အလှပုံတွေ တင်လိုက်တဲ့အခါ follower တွေ အများကြီး တိုးလာပြီး သူ့လက်ရာကို သဘောကျနေကြပါတယ်။
သူဟာ နိုင်ငံတကာ လှည့်ပတ်သွားနေပြီး အလှဓာတ်ပုံကို ရိုက်ကူးနေသူ တယောက်ပါ။ သူရိုက်ကူးထားတဲ့ ပုံတွေကြောင့် ဘန်ကောက်ဟာ ပိုအသက်ဝင်ပြီး လှပနေတာလည်း အမှန်ပါပဲ။ သူကတော့ ဘန်ကောက်ဟာ ရှေးဟောင်းကော ခေတ်မီတဲ့ အရာတွေပါ ပေါင်းစပ်ထားပြီး အင်အားပြည့်စေတယ်လို့ ဆိုပါတယ်။
သူရိုက်ကူးထားတဲ့ပုံတွေမှာ ဘန်ကောက်မြို့ကို အပေါ်စီးကနေ ကာလာပေါင်းစုံနဲ့ ရိုက်ကူးထားတဲ့ အမိုက်စားပုံတွေ တွေ့ရသလို အနုပညာလက်ရာတွေကိုလည်း သေချာရိုက်ကူးထားတာကို မြင်ရပါတယ်။ ဒါ့အပြင် လမ်းဘေးမှာ ဆွဲထားတဲ့ Graffiti လက်ရာတွေဟာလည်း သူ့ရဲ့ပုံဖော် ရိုက်ကူူးချက်တွေမှာ အသွင်ဆန်းနေပါတယ်။
ကျောက်ဖရားမြစ်မှာ တည်ရှိတဲ့ Wat Arun ဘုရားကျောင်းဟာလည်း ဘန်ကောက်ကို လာရောက် လည်ပတ်သူတိုင်း မဖြစ်မနေ လာသင့်သလို သူ့ရဲ့ဗိသုကာလက်ရာတွေကလည်း အနုပညာမြောက်တယ်လို့ golf က ဆိုပါတယ်။
ညနေဘက်မှာတော့ လှေငှားစီးလို့ ဘန်ကောက်မြို့ရဲ့ အလှကို ခံစားနိုင်ကြောင်းကိုလည်း သူ့ရဲ့အင်စတာဂရမ်မှာ ဓာတ်ပုံတင်ပြီး ဝေမျှထားပါတယ်။
ညဘက်မှာလည်ပတ်ဖို့အတွက် တရုတ်တန်းတခုကို ရိုက်ကူးပြထားပြီး အစားအသောက်ကောင်းတွေရနိုင်ကြောင်းနဲ့ ခရီးသွားတွေတင်မကဘဲ ထိုင်းလူမျိုးတွေကပါ တရုတ်တန်းကိုသွားလေ့ရှိကြောင်း ပြောထားပါတယ်။ မနက်စောစော ဖွင့်တဲ့ဈေး ရှိသလို ထိုင်းအစားအသောက်ကောင်းကောင်းရနိုင်တဲ့ နာမည်ကြီး စားသောက်ဆိုင်တခု အကြောင်းကိုလည်း မိတ်ဆက်ပေးထားပါတယ်။
လှပတဲ့ရိုက်ကူးချက်တွေကြောင့် သူရဲ့အကောင့်ကို ဝင်ကြည့်မိသူတိုင်းကတော့ ဘန်ကောက်ကို သွားရောက် လည်ပတ်မယ့်အတွေး ဖြစ်လာအောင် လှုံဆော်ထားနိုင်တာ တွေ့ရပါတယ်။
Ref: www.scmp.com