North Sentinel ကျွန်းစုဟာ ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းစုတစု ဖြစ်ပါတယ်။ ဒီကျွန်းပေါ်မှာ နေထိုင်ကြသူတွေဟာ လူတွေနဲ့လည်း အဆက်အသွယ် မရှိ၊ သီးသန့်ဆန်ဆန်နေထိုင်လေ့ ရှိကြပြီး ကျွန်းပေါ်ရောက်လာတဲ့ လူတွေကိုလည်း အန္တရာယ်ပြုတတ်ပါတယ်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲမှာတော့ ဒီကျွန်းကို သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသားတယောက် အသတ်ခံခဲ့ရပါတယ်။ အသတ်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသားရဲ့ နာမည်ကတော့ John Allen Chau ဖြစ်ပြီး အသက် ၂၇ နှစ်သာ ရှိပါသေးတယ်။ Chau ဟာ ခရစ်ယာန် သာသနာပြုတယောက်ဖြစ်ပြီး အသတ်ခံခဲ့ရတဲ့ Chau ရဲ့အလောင်းကိုတော့ နိုဝင်ဘာ ၂၀ ရက်နေ့ရောက်မှ တံငါသည်တွေက ကမ်းခြေမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
North Sentinel ကျွန်းပေါ်မှာနေထိုင်တဲ့ Andaman လူမျိုးစုဝင်တွေဟာ ခေတ်ဟောင်း လက်နက်ဖြစ်တဲ့ လေးနဲ့ မြှားကို အသုံးပြုပြီး Chau ကို သတ်ခဲ့တာပါ။ ဒီလူမျိုးစုဝင်တွေဟာ ကမ္ဘာကြီးနဲ အဆက်အသွယ် မလုပ်ဘဲ နေထိုင်ကြသူတွေဖြစ်ပြီး လူရိုင်းဆန်တဲ့ အကျင့်မျိုး ရှိကြသူတွေပါ။ သူတို့တွေ ယူဆထားတာက သူတို့ ကျွန်းအပြင်ဘက်က လူတွေဟာ ဥပဒေပြင်ပ ရောက်နေကြသူတွေဖြစ်ပြီး ရောဂါတွေ ပြည့်နှက်နေကြတယ်လို့ ယူဆထားကြပါတယ်။
ဒီလူမျိုးစုတွေဟာ ပိုက်ဆံဘယ်လိုသုံးရသလဲ ဆိုတာကိုလည်း အခုထိ သဘော မပေါက်သေးပါဘူး။ North Sentinel ကျွန်းပေါ်မှာ နှစ်ပေါင်းထောင်ချီကတည်းက နေထိုင်ခဲ့ကြသူတွေဖြစ်ပြီး သားကောင်တွေကို ပစ်ခတ်ဖမ်းဆီးနိုင်ဖို့အတွက် လှံ၊ လေး၊ မြှား စတာတွေကို အသုံးပြုလေ့ ရှိပါတယ်။
တောနက်ကြီးထဲမှာ နေထိုင်ကြသူတွေဖြစ်ပြီး သူတို့အရပ်နဲ့ အနီးဆုံးနေရာက ၅၀ ကီလိုမီတာ (မိုင် ၃၀) ဝေးပါတယ်။ သူတို့ကျွန်းပေါ်ရောက်လာတဲ့ သူစိမ်းတွေကို လက်ခံလေ့မရှိဘဲ သတ်ပစ်လိုက်တဲ့အတွက်လည်း ခရီးသွားတွေ လည်ပတ်ဖို့ ခွင့်မပြုတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
“ရဲအရာရှိတွေ အပြောကတော့ Chau ဟာ တံငါသည်တွေရဲ့ အကူအညီနဲ့ ဒီကျွန်းပေါ်ကို ၄ ကြိမ် ဒါမှမဟုတ် ၅ ကြိမ်လောက် ရောက်ခဲ့ဖူးတယ်”လို့ ဂျာနယ်လစ် တယောက် ဖြစ်တဲ့ Subir Bhaumik က ပြောပါတယ်။ Chau ဟာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကျွန်းပေါ်ရောက်ခဲ့ပြီး အဖမ်းခံခဲ့ရပုံ ပေါ်ပါတယ်။
တံငါသည်တွေမြင်ခဲ့ရ တာကတော့ Chau ရဲ့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်သွား ကြတယ် ဆိုတာပါပဲ။ နိုဝင်ဘာ ၂၀ ရက်နေ့ ရောက်မှာသာ Chau ရဲ့ အလောင်းကို ကမ်းစပ်မှာပစ် ထားတာကို တွေ့ခဲ့ရပါတယ်။ “ဒီအမှုကို ဖြေရှင်းဖို့က ရဲတွေအတွက်လည်း အခက်အခဲ ရှိပါတယ်” လို့ Bhaumik က ပြောပါတယ်။
ဒေလီတက္ကသိုလ်မှာ ပါမောက္ခတယောက်ဖြစ်တဲ့ P.C.Joshi ကတော့ “ကျနော်တို့ဟာ အခုတော့ အန္တရာယ်ရှိနေတဲ့လူတွေ ဖြစ်နေပြီပေါ့လေ” လို့ ပြောပါတယ်။
Ref : globalnew & bbc