Nazareth မြို့ဟာ အစ္စရေးမြောက်ပိုင်း ခရိုင်ထဲက မြို့ကြီး တမြို့ပါ။ Nazareth မြို့ဟာ အစ္စရေးနိုင်ငံက အာရပ်တွေ နေထိုင်တဲ့မြို့တမြို့ ဖြစ်တဲ့အပြင် ခရစ်ယာန်ဘာသာဝင်တွေအတွက် အရေးကြီးတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ယေရှုဟာ Nazareth မှာ နေထိုင်ကြီးပြင်းခဲ့တဲ့ အတွက်ကြောင့်ပါ။ ဒါ့အပြင် သမ္မာကျမ်းစာထဲက တချို့အဖြစ်အပျက်တွေကလည်း Nazareth မှာ ဖြစ်ပျက်ခဲ့တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့်လည်း ဂျေရုစလင်အပါအဝင် Nazareth မြို့ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အရေးကြီးတဲ့နေရာတွေလို့ ဆိုနိုင်ပါတယ်။
Nazareth မြို့မှာ နေထိုင်ကြတဲ့ လူဦးရေစာရင်းအရ ၂၀၁၇ ခုနှစ်မှာတော့ နေထိုင်သူဦးရေ ၇၆၅၅၁ ယောက်ရှိပြီး မူစလင် ၆၉ ရာခိုင်နှုန်းနဲ့ ခရစ်ယာန် ၃၀ ဒဿမ ၉ ရာခိုင်နှုန်းရှိပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်လောက်တုန်းကတော့ Nazareth မြို့ဟာ ဂျူးတွေနေထိုင်တဲ့ သာမန်ရွာငယ်လေး တရွာပါပဲ။ Byzantine ခေတ်လောက်မှာတော့ Nazareth မြို့ ရဲ့ သတင်းဟာ အနယ်နယ် အရပ်ရပ်ကို ပျံနှံ့သွားပါတော့တယ်။
ပျံနှံ့သွားရခြင်းအကြောင်းကတော့ မာရီအမည်ရှိတဲ့ အမျိုးသမီးဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်တဲ့ ယေရှုကို သန့်ရှင်းသောအားဖြင့် ကိုယ်ဝန်ဆောင်ခဲ့တဲ့ အတွက်ကြောင့်ပါ။ ယေရှုဟာ သူ့ငယ်စဉ်ကလေးဘဝကို Nazareth မြို့ မှာပဲ အချိန်ကုန်ခဲ့ပါတယ်။
ဒါကြောင့်လည်း Nazareth မြို့ ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွတ်အမြတ် ထားရာ မြို့တမြို့ပါ။ နောက်ပြီး Nazareth မြို့ မှာရှိနေသေးတဲ့ ယေရှုရဲ့ဖခင် ဂျိုးဇက်နဲ့ မိခင် မာရီတို့ရဲ့နေအိမ်ကို ဘုရားရှိခိုးကျောင်းအဖြစ် တွေ့နေနိုင်ပါသေးတယ်။ ဘုရားရှိခိုးကျောင်းများစွာကိုလည်း Nazareth မြို့ မှာ တွေ့ရနိုင်ပါသေးတယ်။
နောက်ပိုင်းမှာတော့ ခရစ်ယာန်၊ မူဆလင် ပဋိပက္ခတွေကြောင့် အဆောက်အဦများစွာ ပျက်စီးခဲ့ရပြီး အခုဆောက်ထားတာတွေက အသစ်တွေပါ။ ၁၉ ရာစုနှစ်မှာတော့ ခရစ်ယာန်တွေ ဟာ Nazareth မြို့ မှာ ပြန်လည်အခြေချနေထိုင်ခဲ့ကြပြီး ပျက်စီးသွားတဲ့ အဆောက်အဦတွေနဲ့ ဘုရားရှိခိုးကျောင်းတွေကို အသစ်ပြန်လည် တည်ဆောက်ခဲ့ကြပါတယ်။
ယခု မျက်မှောက်ကာလမှာတော့ Nazareth မြို့ဟာ အစ္စရေးရဲ့ အာရပ်မြို့တမြို့ပါ။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ၃၀ ကျော်ရှိနေသလို မူဆလင်ဘာသာဝင်တွေအတွက်လည်း ဗလီကျောင်းတွေနဲ့ ရှေးကျတဲ့ ဂျူး ဘုရားရှိခိုးကျောင်းတွေလည်း ရှိနေပါသေးတယ်။
Ref : new.goisrael