မကြာခင် အချိန်အတွင်းမှာပဲ နှစ်တနှစ်က ကုန်ဆုံးပါတော့မယ်။ ဒီဇင်ဘာဟာ လူတွေအတွက် ခရစ်စမတ်နဲ့ နှစ်သစ်ကူးကို ယူဆောင်လာပေးပါတယ်။ ခရစ်စမတ်ဟာ ဘာသာရေးပွဲတော် တခုလို့ ဆိုပေမယ့် လူတွေဟာ ခရစ်စမတ် သီချင်းတွေကို ပျော်ပျော်ရွှင်ရွှင် သီဆိုကြပါတယ်။ ဘာသာရေးပွဲတော် မဟုတ်တဲ့ နှစ်သစ်ကူးပွဲတော်ကိုလည်း နိုင်ငံတိုင်းက လူတွေ ဆင်နွှဲကြပါတယ်။
ဒီဇင်ဘာဟာ အားလပ်ရက်တွေကို ပေးသလို မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆုံတွေ့ခွင့်ကိုလည်း ပေးလေ့ ရှိပါတယ်။ ပျော်ပျော်ပါးပါး ခရီးထွက်ကြရာ ကာလလည်း ဖြစ်ပါသေးတယ်။ ဒီဇင်ဘာ အားလပ်ရက်မှာ ဘယ်နေရာ၊ ဘယ်ဒေသကိုပဲသွားသွား အားလုံးဟာ ပျော်ရွှင်စရာတွေချည်းပါပဲ။ တကယ်လို့ အိန္ဒိယကိုသာ ရောက်နေခဲ့တယ် ဆိုရင်တော့ ခရစ်စမတ်ကြောင့် စည်စည်ကားကား ဖြစ်နေတတ်တဲ့နေရာတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Goa
Goa ဟာ အိန္ဒိယရဲ့ ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုနဲ့ ခတ်သစ်ယဉ်ကျေးမှု ရောပြွန်းနေတဲ့မြို့တမြို့ပါ။နောက်ပြီး Goa ဟာ ခရစ်စမတ် အရသာကို ကောင်းကောင်း ဖမ်းဆုပ်နိုင်တဲ့ဒေသတခုလည်း ဖြစ်ပါတယ်။ ကမ်းခြေတွေမှာဆိုရင်လည်း ရောင်စုံမီးလုံးတွေနဲ့ အလှဆင်ထားတဲ့ ခရစ်စမတ်သစ်ပင်တွေကို တွေ့ရနိုင်ပါတယ်။ ခရစ်စမတ် သစ်ပင်တွေမှာတော့ ကောင်းနိုးရာရာ ခရစ်စမတ် လက်ဆောင်တွေ ချိတ်လို့။ ညနက်သန်းခေါင်ကျော်တဲ့အထိ လူတွေက ဓမ္မသီချင်းတွေကို သီဆိုတတ်ကြပါတယ်။
Gao ရဲ့ နာမည်ကြီး ကမ်းခြေတွေဖြစ်တဲ့ Candolim , Anjunaနဲ့ Baga ကမ်းခြေတွေမှာတော့ ခရစ်တော်ရဲ့ နောက်ဆုံးညစာ အထိမ်းအမှတ်ပွဲတော်ကို ကျင်းပတတ်ကြပါတယ်။ နောက်ပြီး Live show တွေ၊ အကပွဲတွေနဲ့ မီးရှူး၊ မီးပန်းတွေကိုလည်း ဖောက်တတ်ကြပါတယ်။
(၂) Mumbai
Mumbai (မွမ်ဘိုင်း) ဟာ အိန္ဒိယရဲ့ အထင်ကရမြို့တော်ဖြစ်သလို မတူကွဲပြားတဲ့ ဓလေ့တွေ၊ ယဉ်ကျေးမှုတွေ ပေါင်းဆုံနေတဲ့ အရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယမှာဆိုရင် Mumbai မြို့ဟာ ခရစ်စမတ်ကာလအတွက် လည်ပတ်သင့်တဲ့ အရပ်ပါ။ ခရစ်စမတ်ညတွေဆိုရင်တော့ Mumbai ဟာလည်း Goa လိုပါပဲ။
ညဉ့်နက်သန်းခေါင်တိုင်အောင် လူတွေဟာ သတင်းကောင်းကို လိုက်လံပြောကြားနေတတ်ကြပါတယ်။ ဘုရားရှိခိုးကျောင်းတွေကိုလည်း မိုးပျံပူဖောင်းတွေနဲ့ အမြိတ်စွန်းတပ် အလှဆင်တတ်ကြပါတယ်။ Mumbai မြို့မှာလည်း ဘုရားရှိခိုးကျောင်းတွေက များတဲ့အတွက် သူငယ်တော်ယေရှု မွေးဖွားခြင်းအကြောင်းကို ဘုရားကျာင်းတွေမှာ သံပြိုင်ဟစ်ကြွေးနေတတ်ကြပါတယ်။
ဒီရာသီမှာဆိုရင်တော့ Mumbai က ကမ်းခြေတွေဟာ discount ချထားတတ်သလို Mumbai မြို့ထဲက ဟိုတယ်တွေကလည်း တည်းခိုခကို လျှော့ပေးထားတတ်ပါတယ်။ Mumbai မှာ ခရစ်စမတ်ကာလကို ကုန်ဆုံးမယ်လို့ ဆုံးဖြတ်ထားရင်တော့ မဖြစ်မနေ သွားရမယ့် နောက်ထပ်နေရာတခု ရှိပါသေးတယ်။ အဲဒါကတော့ ကောင်းကင်ဘုံသို့ သွားရာ ဂိတ်တံခါးဆိုတဲ့ နေရာပါပဲ။
(၃) Kerala
Kerala ကို လူတွေညွှန်းလေ့ ရှိတဲ့ နောက်ထပ် နာမည်တမျိုးကတော့ ဘုရားသခင်ရဲ့မြို့တော်ပါ။ နောက်ပြီး Kerala ဟာ ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့မြို့လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြို့အနှံ့မှာ ဘုရားရှိခိုးကျောင်းတွေနဲ့ ပြည့်လို့ပေါ့။ အိမ်တိုင်းလိုလိုကလည်း တောက်ပပြီး အရောင်စုံမီးလုံးတွေကို ထွန်းထားတတ်ပါတယ်။
ယေရှု ကြွရောက်လာပြီးဖြစ်ကြောင်း သက်သေခံမယ့် ခဏတဖြုတ်သာ မြင်တွေ့ခွင့်ရမယ့် ကြယ်ကို စောင့်ကြည့်ကြဖို့အတွက် လူတွေက ကိုယ့်အိမ်တွေဆီကနေ ကောင်းကင်ကိုမျှော်ကြည့်နေတတ်ကြပတယ်။ ခရစ်တော်မှာ အသက်ပေးအပ်ထားတဲ့ အကြောင်းတွေကိုလည်း ဘုရားကျောင်းတွေဆီမှာ သီဆိုနေတတ်ကြပါတယ်။ လူတွေဟာ တအိမ်ပြီးတအိမ် ကူးလို့ လည်ပတ်ကြပါတယ်။ Kerala မှာဆိုရင်တော့ ခရစ်စမတ်ကာလအတွက် အထူးရည်ရွယ်ထားတဲ့ လှေအိမ်ငယ်ငယ်လေးတွေမှာ အပန်းဖြေ အနားယူနိုင်ကြပါတယ်။
Ref : hoteldekho