၂၀၁၄ ခုနှစ်မှာ ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က မြန်မာနိုငံက ပျူမြို့ ဟောင်းသုံးမြို့ကို World Heritage Site တွေအနေနဲ့ အသိမှတ်ပြုပြီးကတည်းက ကျွန်မတို့ဆီကို ခရီးသွားတွေပိုပြီး လာရောက်လည်ပတ်စေချင်တဲ့ဆန္ဒက တော်တော်လေးကို ဖြစ်ရပါတယ်။
ဒါပေမယ့် ထိုမြို့ဟောင်းတွေကို ခရီးသွားဧည့်သည်တွေ တကယ်လာတဲ့အခါ အဆင်သင့် ဖြစ်နေပြီ လားဆိုတာကတော့ ခုချိန်ထိကို မသေချာလှသေးပါဘူး။
ဘာကြောင့်အဆင်သင့်မဖြစ်ရသေးတာလဲဆိုတာကို ဒီပျူမြို့သုံးမြို့ကို သွားရောက် လေ့လာကြည့်ပြီး နောက် စိတ်ထဲမတင် မကျဖြစ်နေတာလေးတွေကို ရေးချင်ပါတယ်။
ဒီပျူသုံးမြို့ထဲမှာ ရန်ကုန်နဲ့ အနီးဆုံးဖြစ်တဲ့ ပြည်မြို့သရေခေတ္တရာမြို့ဟောင်းကိုတော့ ခရီးသွား အများစု ရောက်ဖူးကြမှာပါ။ ရန်ကုန်နဲ့လည်း မိုင် ၁၈၀ လောက်ပဲဝေးပြီး ပဲခူးတိုင်း ပြည်မြို မှော်ဇာ ဒေသမှာဆိုတော့ နေ့ချင်းပြန်တောင် သွားလေ့လာလို့ရတဲ့နေရာပါ။ ပြီးတော့ ဒီဘက်ခေတ် ကာလ နဲ့လည်း အနီးဆုံးနေရာဖြစ်လို့ သမိုင်းဝင်အထောက်အထားတွေ တူးဖော် ရရှိမှု အများဆုံး ပျူမြို့ ဟောင်းဖြစ်ပါတယ်။
ဒီမြို့ဟာ ဧရိယာ စတုရန်းမိုင် ၅မိုင်ခွဲကျော်ကျယ်ဝန်းပြီး တူးဖော်တွေ့ရတဲ့ အချက်အလက်တွေအရ အေဒီ ၉ ရာစုအထိ ပျူမင်းတွေ စိုးစံခဲ့တယ်လို့သိရပါတယ်။ မှော်ဇာရွာကို သွားမယ်ဆိုရင် ခုလို ပွင့်လင်းရာသီကတော့ အတော်အဆင်ပြေပါ တယ်။
မိုးတွင်းကာလမှာဆိုရင်တော့ ရွံ့ဗွက်ကြီးတွေက လေ့လာရေးသွားတဲ့သူတွေအတွက်တော့ အတော် လေးကို အနှောင့် အယှက်ဖြစ်စရာတွေပါ။ ပြည်မြိုကနေ ဒီမှော်ဇာရွာထဲကို ၄၅ မိနစ်လောက်မောင်း ပြီးတာနဲ့ ဝင်လို့ရပါပြီ။
ပျူသုံးမြို့ထဲမှာတော့ ဒီမြို့က အသပ်ရပ်ဆုံးလို့ပဲပြောရပါမယ်။ ခရီးသွားတွေအတွက် လမ်းညွှန်တွေ ဘာတွေ စိုက်ထူ ထားပေမယ့် ကျိူးတိုးကျဲတဲလို ဖြစ်နေတဲ့အတွက် ဒီထက်ပိုပြီး စနစ်ကျတဲ့ လမ်းညွှန် မှုတွေ ပိုလုပ်ပေးနိုင်ရင်ကောင်းမယ် လို့လည်း မြင်မိပါတယ်။
မှော်ဇာဒေသထဲမှာ လူနေအိမ်ခြေတွေကလည်း ရှိနေသေးတာမို့ လမ်းညွှန်ဆိုင်းဘုတ်မတွေ့ရင် တွေ့တဲ့သူတော့ လှမ်း မေးလို့ရသေးတဲ့အနေအထားပါ။

သရေခေတ္တရာနဲ့ ပတ်သက်ပြီး သမိုင်းကတော့ အေဒီ ၈၃၂ မှာ နန်စောလို့ ခေါ်တဲ့ တရုတ်ပြည်, ယူနန်နယ်ဘက်က တပ် တွေ ဝင်တိုက်လို့ ပျက်ရတယ်ဆိုပြီး အကြမ်းဖျင်းသိရပါတယ်။
ပါးစပ်ရာဇဝင်ကတော့ ငါ့စကော တပ်ကြီး ချီလာလို့ သရေခေတ္တရာပြည်ကြီး ပျက်ရတယ်လို့ ကြားဖူးတာကြောင့် ငါ့စကောနဲ့ နန်စောနဲ့ အသံချင်းများ နီးစပ်မလား ဆိုပြီး တွေ့ကြည့်တော့လည်း ဖြစ်နိုင်ခြေ ရှိမလား တွေးမိပါသေးတယ်။
သရေခေတ္တရာမှာ မင်းဆက်ပေါင်း ၂၇ ဆက် အုပ်စိုးခဲ့တယ်လို့ သမိုင်းကဆိုပါတယ်။ သရေခေတ္တရာ ခေတ်မှာ ကတည်းက တရုတ်ပြည်နဲ့ မြန်မာနိုင်ငံက သံအဆက်အဆံတွေ ရှိတယ်လို့ပြောရပါမယ်။
တရုတ် ရှေးမှတ်တမ်း တွေမှာလည်း ဒီပျူယဉ်ကျေးမှုအဖွဲ့တွေ တရုတ်ပြည်ကို ရောက်ခဲ့တယ် ဆိုတာ မှတ်တမ်းတင် ထားတာရှိပါတယ်။ တရုတ်မှတ်တမ်းအရ ပျူလူမျိုး အမည်ပါတဲ့ မှတ်တမ်းအဖြစ် အစောဆုံးလို့ယူဆရတဲ့မှတ်တမ်းကို ခရစ်နှစ် ၄ ရာစုမှာ ဟွာယန်ဒေသသမိုင်းဆိုတာမှာ ဖော်ပြခဲ့ပါတယ်။
အဲဒီ လေးရာစုလောက်ကတည်းက ပျူနဲ့ တရုတ် အဆက်ဆံရှိခဲ့တယ်လို့ပြောနိုင်ပါတယ်။ ဒါက အကြမ်းဖျင်းပါ။
ဒီမြို့မှာတော့ ဗုဒဘာသာ ကိုးကွယ်မှုကို မြင်ရတာဖြစ်လို့ မှော်ဇာရှေးဟောင်းဒေသထဲမှာပဲ ဘောဘော ကြီး၊ ဘဲဘဲလေး, ဘုရားမာ၊ ဘုရားကြီး စတဲ့ စေတီတွေက သက်သေပြနေပါတယ်။
ပုဂံလက်ရာတွေ ထက်စောတဲ့ ဒီစေတီတွေက ခုချိန်ထိ အခိုင်အခံ့ရှိနေတုန်းပါ။ သရေခေတ္တရာမှာ လေ့လာစရာ အများကြီး ရှိပါတယ်။ ဂျာမန်လူမျိုး ဒေါက်တာ ဖိုးချမ်းမား၊ ပြင်သစ် စစ်ဗိုလ်ချုပ် လီယွန် ဒီဗဲလီယေးတို့က ဦးစွာ သုတေသနပြုခဲ့ပြီး ၁၉၀၇ ခုနှစ်လောက်ကစပြီး ကျောက်စာဝန် တော်စိန်ခို၊ ဦးလူဖေဝင်းတို့ စလေ့လာခဲ့တာဖြစ်ပါတယ်။
အခုချိန်ထိ ရှေးဟောင်းကုန်းပေါင်း ၆၀ နီးပါးတူးဖော် လေ့လာထားတဲ့ အထဲမှာ ဘာသာရေး ဆိုင်ရာ ကုန်း၊ မြို့ရိုးကုန်း၊ လူနေအဆောက် အအုံကုန်းစသဖြင့်တူးနေပြီးတော့ ဆက်တူးနေဆဲ၊ အသစ်တွေ လည်းရှိနေပါသေးတယ်။
အဆင့်အတန်းမြင့်မားတဲ့ ပျူလူမျိုးရဲ့နေထိုင်မှုကိုဖော်ပြတဲ့ အရိုးအိုးတွေ၊ လက်နက်တွေ၊ အိုးခွက် လူ့အသုံးအဆောင် တွေကတော့ တူးဖော်ရရှိတဲ့ နေရာတိုင်းမှာ တွေ့ရတာပါပဲ။ ရှေးဟောင်းမြို့တွေ ရဲ့ထုံးစံအတိုင်း ဘယ်နေရာကြည့်ကြည့် လွမ်းစရာကောင်းပြီး မြို့ရိုးဟောင်းတွေကနေ ရှေးပျူ လူမျိုး တွေအကြောင်း တသသလွမ်းစိတ်ဝင်ရပါတော့တယ်။

လတ်တလောမှာတော့ ရှေးဟောင်းဇုန်ကို အလည်လာတဲ့ ဧည့်ခရီးသွားတွေ အတွက် သင့်တင့်မျှတတဲ့ စားသောက်ဆိုင် ကောင်းကောင်းတွေ မရှိသေးတာ၊ ချောမွေ့တဲ့လမ်းပန်းဆက်သွယ်ရေးကို ခုထက်ထိ မဖန်တီးနိုင်သေးတာ၊ လမ်းညွှန် စနစ်တွေ ပိုလိုအပ်နေတာ၊ ရေအိမ်ကောင်းကောင်းတွေ ပိုဆောက်ပေး ဖို့ လိုနေတာ၊ မြို့တွင်းမှာ လည်ပတ်လေ့လာလို့ ရအောင် အဆင်ပြေတဲ့ သယ်ယူပို့ဆောင်ရေး စနစ် တွေစတဲ့ အခြေခံအချက်တွေကို သရေခေတ္တရာမှာတောင် ဖြည့်ဆည်း ပေးဖို့ လိုနေသေးတာတွေ့ ရပါတယ်။
ဒါပေမယ့်လည်း ဇုန်တာဝန်ရှိသူများရဲ့ ဇုန်တွင်း သန့်ရှင်းရေးနဲ့ သာယာလှပရေးကို ဂရုတစိုက် ပြုလုပ်နေတာကိုတော့ အသိအမှတ်ပြုရမှာပါ။
သရေခေတ္တရာကနေ အပေါ် နည်းနည်း ထပ်တက်သွားမယ်ဆိုရင် တောင်တွင်းကြီးမြို့က ဒုတိယ ပျူမြို့ဟောင်းဖြစ်တဲ့ ဗိဿနိုးကိုရောက်ပါလိမ့်မယ်။
ဗိဿနိုးဆိုတာနဲ့ ပန်ထွာဘုရင်မကို သွားမြင်မိမှာမလွဲပါဘူး။ ဒီမြို့ဟောင်းကတော့ သရေခေတ္တရာ လောက် များပြားတဲ့ ကုန်းကမူတွေ မရှိသေးပေမယ့် ပျူမြို့တမြို့အဖြစ် ရပ်တည်ခဲ့တဲ့ လက္ခဏာတွေ ကတော့ အများကြီး တွေ့မြင်နေရပါတယ်။
ဗိဿနိုးမြို့ဟောင်းဟာ မကွေးကနေ ၃၉ မိုင်ဝေးပြီး၊ ပြည်မြို့နဲ့ မိုင်၁၀၀ ဝေးတဲ့ တောင်တွင်းကြီး မြို့နယ်ထဲမှာရှိပါတယ်။
သမိုင်းမှတ်တမ်းတွေအရ ဘီစီ ၂ ရာစု၊ ၃ ရာစုလောက်ကတည်းက ဖွံဖြိုးမှုရှိခဲ့တယ်လို့ သမိုင်းအရ သိရပါတယ်။ မြို့ဧရိယာဟာ စတုရန်းသုံးမိုင်ခွဲသာသာပဲရှိတော့ ကျယ်ဝန်းလှတယ်မဟုတ်ပါဘူး။ မြို့ဘေးမှာတော့ ဒဏာရီတွေထဲက ရန်ပယ်ချောင်း ရှိပါတယ်။
ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ထားလို့ ဒီမြို့ကိုပဲ သီးသန့်လာပြီး အချိန်ယူ လည်ပတ်မယ်ဆိုရင်တော့ တခြားမြို့ ဟောင်း တွေလို အများကြီး လေ့လာစရာ မရှိလှဘူးလို့ မြင်မိပြီး၊ သိပ်ကြီးမားကျယ်ပြန့် လှတဲ့ ရှေးဟောင်း အဆောက်အဦးတွေ နည်းသလို ဖော်ထုတ်ရရှိတဲ့ ကုန်းတွေကလည်း တခြားမြို့ ပျူမြို့ နှစ်မြို့လောက် အားရစရာမရှိသေးဘူးလို့မြင်ပါတယ်။
မြို့ဟောင်းထဲက ရွှေရောင်တော်စေတီဝင်းထဲမှာ ရှေးလက်ရာပစ္စည်းတချို့ကို မြင်တွေ့နိုင်ပြီး၊ ဗိဿနိုး ပြတိုက် ထဲမှာတော့ တူးဖော်ထားရှိတဲ့ ကုန်းကမူထဲက လက်ရာအချို့နဲ့ ဆက်တူးနေဆဲ ကုန်းတွေရဲ့ မြေပုံတွေကို မြင်နိုင်မှာဖြစ်ပါတယ်။
တူးဖော်ထားတဲ့ ကုန်းတွေရှိရာ သွားဖို့ လမ်းညွှန်တွေ ထည့်ထားပေမယ့် ခြောက်သွေ့လွန်းတဲ့ နေရာဖြစ်လို့ ဒီဇုန်ထဲဝင်သွား ပြီဆိုရင် လူများများစားစားတွေ့ရမှာတော့မဟုတ်ပါဘူး။
ဗိဿနိုးမြို့ဟောင်းမှာတော့ တူးဖော်တွေ့တာက သရေခေတ္တရာလောက်မများပေမယ့် တူးဖော်ရရှိတဲ့ ကုန်းတွေမှာ နန်းမြို့ ရိုးတွေ၊ အရိုးအိုးတွေ၊ ကျောက်စာတွေနဲ့ ပုတီးစေ့တွေ တူးဖော်ရရှိတာတော့ မြင်ရပါတယ်။ဗိဿနိုးရဲ့ အဓိက ဇာတ်လိုက် ပန်ထွာဘုရင်မ သချိူင်းရာလို့ ယူဆရတဲ့ ကုန်းတွေလည်း ပါတယ်လို့ဆိုပါတယ်။
လက်ရှိအချိန်ထိ ကုန်းပေါင်း ၆၀ ကျော် တူးထားပြီး ကုန်းတွေထဲမှာ မြေထဲမြုပ်နေတဲ့ နန်းမြို့ရာလိုမျိုး ဘုန်းကြီးကျောင်းရာ နဲ့ စေတီဟောင်းတွေပါ တွေ့ရပါတယ်။ အဲဒီကုန်းတွေက အနုပညာလက်ရာ တွေဟာ သိပ်လက်ရာမြောက်ပြီး ယဉ်ကျေး မှုအဆင့်မြင့်တယ်လို့တော့ သုတေသီတွေကဆိုပါတယ်။

ဗိဿနိုးနတ်မင်းကြီးကို ကိုးကွယ်တဲ့ အလေ့အထကိုလည်း ကျောက်အုတ်လက်ရာတွေမှာ တွေ့ခဲ့သလို ဗုဒ္ဒဘာသာ ထွန်းကားလာတဲ့ အငွေ့အသက်တွေပါ မြင်ရမှာပါ။
ဒါပေမယ့် သွားရောက်လေ့လာလည်ပတ်သူတွေအတွက်က လိုအပ်ချက်တွေက ရှိနေတုန်းပါပဲ။
ပိုမိုကောင်းမွန်ပြီး မြင်သာ ထိရောက်တဲ့ လမ်းညွှန်တွေ၊ စားသောက်ဆိုင်ကလေးတွေ၊ အမှတ်တရ ပစ္စည်းဆိုင် လေးတွေ လည်း လိုအပ်နေပါသေးတယ်။ ကျွန်မတို့က ပုံပြင်ကိုပဲ နားထောင်ပြီး ပြန်ချင် ကြသူတွေမဟုတ်တော့ ဖုန်ထူပြီး နေပူနေတဲ့ နေရာမှာ အကြာကြီး မနေချင်ပါဘူး။ ဒါကြောင့် ခရီးသွား တွေ အတွက် လာချင်စဖွယ် ပိုကောင်းတဲ့ ဆွဲဆောင်မှုရှိတဲ့ ဝန်ဆောင်မှုတွေ ပိုဖော်ထုတ်ဖို့ လိုနေတာ တော့အမှန်ပါ။
ပျူမြို့ဟောင်းသုံးမြို့ကို တစ်ဆက်တည်း လည်ပတ်ဖို့ဆိုတာ တည်ရှိနေတဲ့ နေရာတွေ အရ တမြို့နဲ့ တမြို့ အလှမ်းပေမယ့် တကယ်တမ်း သွားလေ့လာမယ်ဆိုရင် တပတ်အတွင်း သွားနိုင်တယ်လို့တော့ ပြောလို့ရပါတယ်။
သရေခေတ္တရာနဲ့ ဗိဿနိုး ပျူမြို့ဟောင်းတွေကို လည်ပတ်ပြီးတာနဲ့ အထက်ကို ဆက်တက်ကာ တောင်တွင်းကြီးကနေ ပဲခူး ရိုးမကြီးကိုဖြတ် နေပြည်တော်-မန္တလေးအမြန်လမ်းကနေ စစ်ကိုင်း၊ ရွှေဘိုဘက်ကို ချီတက်နိုင်ပါတယ်။
ပျူမြို့ဟောင်းတွေထဲမှာ လတ်တလော ဖော်ထုတ်ချက်တွေ အရ အစောဆုံးမြို့ဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက် မြို့နယ်ထဲက ဟန်လင်းမြို့ဟောင်းလို့ အကြမ်းဖျင်းမှတ်လို့ရပါတယ်။
ဟန်လင်းမြို့ဟောင်းထဲမှာက ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်တည်းက လူသားတွေ အခြေချခဲ့တဲ့ အထောက် အထား လူရိုးစုတွေ တွေ့ရှိထားလို့ပဲဖြစ်ပါတယ်။
ဟန်လင်းမြို့ဟောင်းကို လာဖို့က ရွှေဘိုကနေဆိုရင် ၆မိုင် ၆ ဖာလုံခန့်၊ ဝက်လက်ကနေဆိုရင် ၇ မိုင် ၇ဖာလုံခန့် ကား မောင်း ဝင်ရမှာဖြစ်ပါတယ်။ ဟန်လင်းမြို့ထဲကို ဝင်တဲ့ လမ်းတိုင်းဟာ လမ်းအတော် ကြမ်းပါတယ်။ ဖုန်တွေ ထူတဲ့အပြင် ကျောက်ခင်းလမ်းတွေက ကြမ်းတော့ သွားရတာ တော်တော်လေး ကို သက်တောင့်သက်သာမဖြစ်ပါဘူး။
အပင်ပန်းခံသွားမယ့် သူတွေအတွက် အဆင်ပြေပေမယ့် ပုံမှန်ခရီးသွားတွေ အတွက်တော့ နောက် တခေါက်လာဖို့ဆိုတာ အတော် ကြိုးစားရမယ်လို့ ပြောရပါမယ်။

ဟန်လင်းမြို့ဟောင်းက လက်ရှိ ဒေသခံတွေ ရှိနေသေးတဲ့ ဟန်လင်းကြီးရွာနဲ့ မလှမ်းမကမ်းမှာပါ၊ တမိုင်ခွဲသာသာ ပဲ ကျယ်ပါတယ်။ စတုရန်း ၁၆ မိုင်ကျယ်တဲ့ ပုဂံဒေသနဲ့ ယှဉ်ရင်တော့ အတော်သေး ပါတယ်။ ဒီမြို့ဟောင်းဒေသဟာ ဖွံဖြိုး မှုအားနည်းတဲ့အတွက် မြို့ဟောင်းထဲမှာတင် တဲထိုးနေသူတွေ လည်းရှိတာကြောင့် ရှေးဟောင်းဇုန်ဟာ လူနေအိမ် တွေနဲ့ နည်းနည်းရောနေပါတယ်။
ရှေးဟောင်းဇုန်ဆိုပြီး သတ်သတ်မှတ်မှတ် ရှိတဲ့အချိန်က သိပ်မကြာသေးတာဖြစ်လို့ အခြေခံအဆောက် အဦး တွေ အားနည်းနေသေးတဲ့ သဘောပါ။
ဟန်လင်း ယဉ်ကျေးမှုပြတိုက် ရှိပေမယ့် ကြီးမား ခန့်ထည်တာတော့မဟုတ်ပါဘူး။ မိုးရာသီဆိုရင် ဗွက်တွေထနေတဲ့ နေရာ ဖြစ်လို့ လည်ပတ်သွားလာရတာ အဆင်မပြေနိုင်ပါဘူး။
စားသောက်ဆိုင်ကောင်းကောင်းမရှိတာ၊ ရေအိမ်ကောင်းကောင်း မရှိတာနဲ့တင် ခရီးသွားတွေအများ ကြီးကို ဖိတ်ခေါ်နိုင် ဖို့က တော်တော်ခက်ပါတယ်။
ဟန်လင်းမှာ လေ့လာတွေ့ရတဲ့ အချက်အလက်တွေ အရဆိုရင် ရှေးဟောင်းပျူတွေမှာ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုရှိသလို ဓလေ့ထုံးတမ်းတွေကို လိုက်နာ၊ ဘာသာတရား ကိုင်းရှိုင်းကာ ရိုသေနှိမ့်ချ တတ်တဲ့ အလေ့အကျင့် ရှိတယ်လို့ သိရပါ တယ်။ ဟန်လင်းဒေသမှာ ပျူမင်းဆက် ၇၉၉ ဆက်အထိ နေခဲ့တယ် လို့ သိရပြီး တရုတ်ပြည်နဲ့လည်း အဆက်အဆံရှိခဲ့ပါ တယ်။
ဟန်လင်းမြို့ဟောင်းကို ၁၉၀၃ ခုတည်းက စလေ့လာခဲ့ရာ အခုချိန်ထိ ကုန်းပေါင်း ၄၀ ကျော် တူးပြီးဖြစ်ပါတယ်။
တူးဖော်ရရှိ တာတွေကို ကာဗွန်ဓာတ်ခွဲ ကြည့်တဲ့အခါ ပျူအစော အလယ်နှောင်းခွဲလို့ သိရပါတယ်။ အဲဒီထဲကမှ ကုန်းအမှတ် ၂၆ ဆိုတဲ့ သချိူင်းရာ နေရာမှာတော့ မြေအောက် ၁၁ ပေ အနက်ဆုံးက တူးဖော်ရတဲ့ လူအရိုးစုတွေဟာ ကျောက်ခေတ် ကာလ နှစ် ၃၀၀၀-၅၀၀၀ ခန့်က လူအရိုးတွေလို့ ခန့်မှန်းထားပြီး ဒီထက်ပိုစောတဲ့ကာလပိုင်း နှစ် ၂၀၀၀ နောက်ပိုင်းကျ တော့ အိုးခွက်အသုံးဆောင် တွေပါ ရောမြုပ်ထားပါတယ်။

ဒီမြို့ဟောင်းထဲကနေ အရိုးအိုး၊ လက်နက်၊ ပုတီး၊ ရွှေထည်၊ လူရိုးစုများ၊ ကျောက်စာများ၊ နန်းအုတ် ရိုးများ တူးဖော် တွေ့ထားပါတယ်။ တူးဖော်တွေ့ရှိမှုတွေအရ ဒီဒေသမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်မှု ဆိုတာထက် နတ်ဘုရားတွေလို ဟိန္ဒူအယူဆိုင်ရာကိုးကွယ်မှုတွေ ပိုတွေ့ရပါတယ်။
ဟန်လင်းဒေသတဝိုက်မှာပဲ ဒေသခံတွေက ကုန်းတွင်းဆားချက်လုပ်ငန်းကို လုပ်ကိုင်ကြပြီး၊ မြို့ဟောင်းအတွင်းမှာ ၁၉ ရာစုခေတ်က ရှေးဟောင်းဘုန်းကြီးကျောင်းကြီးတွေ၊ ရေပူစမ်းတွေလည်း ရှိတာကြောင့် လည်ပတ်ကြည့်စရာကတော့ များပါတယ်။ ရွှေဘိုနဲ့လည်း နီးတာကြောင့် ရွှေဘိုမြို့ကို လည်း သွားလည်နိုင်မှာပါ။
အခုဆိုရင် ယူနက်စကိုက အသိမှတ်ပြုတဲ့ ရှေးပျူသုံးမြို့ကိုတော့ လူတွေတော်တော်များများ သိလာ ကြပါပြီ။ ဒါပေမယ့် တကယ်တန်း တခြားအိမ်နီးချင်း နိုင်ငံတွေက ရှေးဟောင်းဇုန်တွေလို နိုင်ငံခြား သား ဧည့်သည်တွေ လာပြီဆိုရင် ဘာတခုမှ အဆင်သင့်ဖြစ်မနေသေးတာကိုတွေ့ရတာဖြစ်လို့ ဘယ်လိုများ ခရီးသွားလုပ်ငန်းတွေကနေ ဆွဲဆောင်ကြမလဲရယ်လို့ တွေးမိရပါတယ်။
ပြီးတော့ရှေးဟောင်းဇုန်တွေအနီးမှာ လူနေအိမ်ခြေတွေလည်းရှိတာကြောင့် ရှေးဟောင်းဇုန်တွေနဲ့ ပတ်သက်ပြီး မပျက်စီးရ လေအောင် ဘယ်လိုများ အသိပညာပေးမှုတွေ လုပ်ထားတယ်ဆိုတာရယ်၊ ထိန်းသိမ်းဖို့ လိုတယ်ဆိုတာရယ်ကို အစိုးရက ဘယ်နည်းလမ်းတွေအသုံးပြုပြီး ဆက်လက်လုပ် ဆောင်နေလဲဆိုတာကိုလည်း တွေးမိရပြန်ပါတယ်။
ဒီအတွက် ရှေးဟောင်းပျူမြို့တွေအဖြစ် ကမ္ဘာက အသိမှတ်ပြုခံရပေမယ့်လည်း ဒီထက်ပိုပြီး တွင်တွင်ကျယ်ကျယ် လူသိများအောင် ခရီးသွားလုပ်ငန်းတွေကကော ဘယ်လိုပူးပေါင်းဆောင် ရွက်ကြမလဲဆိုတာကိုတော့ မေးခွန်းတွေ ထုတ်မိနေရပါတယ်။
(ကျော်ဆုမွန်သည် ဧရာဝတီ အင်္ဂလိပ်ပိုင်း စီးပွားရေးဆိုင်ရာ အကြီးတန်းသတင်းထောက်တဦး ဖြစ်ခဲ့ပြီး ယခုအခါ ဧရာဝတီ မြန်မာပိုင်း အတွက် ခရီးသွားဆောင်းပါးများကို ရေးသားပေးပို့နေသူ ဖြစ်သည်။)