တူးမြောင်းတွေနဲ့ လှပတဲ့ အိမ်တွေကြောင့် နာမည်ကြီးတဲ့ နယ်သာလန်ရဲ့ဒီမြို့ဟာ အစားအသောက်နဲ့ ဝိုင်လည်း အရမ်းကောင်းမွန်တယ်လို့ ကျော်ကြားပါသေးတယ်။
အအေးပိုတဲ့ ဆောင်းတွင်းကိုရောက်လာတဲ့ အချိန်မှာ ကမ္ဘာ့မြောက်ခြမ်းက မြို့တွေကို လည်ပတ်တဲ့သူတွေ များပြားလာပါတယ်။ အမ်စတာဒမ်မြို့ဟာဝိုင်ချစ်သူတွေသွားရောက်လည်ပတ်သင့်တဲ့ မြို့တမြို့ဖြစ်ပြီး မြို့တွင်းမှာ ပြင်သစ်၊အီတလီနဲ့ မြောက်ဥရောပ လွှမ်းမိုးမှုများတဲ့ စားသောက်ဆိုင်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ဆေးခြောက်သောက်ခွင့်ရှိတဲ့ ဘားတွေလည်း ရှိပြီး ဆေးခြောက်နဲ့ လုပ်တဲ့ မုန့်များကိုလည်း တရားဝင်ရောင်းချခွင့် ပေးထားတဲ့ မြို့ဖြစ်ပါတယ်။
မြို့ထဲမှာ ဘယ်လို လည်ပတ်ကြမလဲ
အမ်စတာဒမ်မြို့ ဟာ ရထားသယ်ယူပို့ဆောင်ရေး အကောင်းဆုံးမြို့တွေထဲက တမြို့ဖြစ်ပါတယ်။ လေယာဉ်ကွင်းကနေ မြို့ထဲကို ရောက်ဖို့ အတွက် ၁၀ မိနစ်လောက်သာ ရထားစီးရတယ်လို့ သိရပါတယ်။ မြို့တွင်းက ရထားလမ်းတွေဟာ ရှုပ်ထွေးပုံပေါ်ပေမယ့် ရထားလုပ်သားတွေအားလုံးနီးပါး အင်္ဂလိပ်စကားကို ပြောနိုင်ကြပါတယ်။
လေဆိပ်အပြင်ဘက်မှာ မြို့ထဲက ပြတိုက်တွေကို လည်ပတ်ဖို့ လက်မှတ်ရောင်းတဲ့ ဌာနလည်း တခါတည်းရှိတာကြောင့် အလုပ်ရှုပ်လည်း သက်သာပါသေးတယ်။ ပြတိုက်အားလုံးဟာ ကပ်လျက်တည်ရှိတာကြောင့် ပြတိုက်ရပ်ကွက်မှာ တစုတစည်းတည်း လည်ပတ်နိုင်ပါတယ်။
Van Gogh ပြတိုက်၊ Rijks ပြတိုက်၊ Stedeliks ပြတိုက် စတာတွေကို တရက်တည်း လည်ပတ်ပြီး တူးမြောင်းတွေ ပေါ်မှာ လမ်းလျှောက်ရင်း မြို့အလှကို ခံစားနိုင်ပါတယ်။ အမ်စတာဒမ်မှာ ရှိတဲ့ Purse ပြတိုက်မှာ ခေတ်အဆက်ဆက်က ထုတ်လုပ်ခဲ့တဲ့ ထူးဆန်းတဲ့ ပိုက်ဆံအိတ်အားလုံးကို ပြသထားပါတယ်။
Troppen ပြတိုက်ကတော့ ယနေ့ လက်ရှိမှာ ဂျပန်နိုင်ငံနဲ့အာဖရိကတိုက်က နိုင်ငံများရဲ့ ခေတ်ပေါ်ဖက်ရှင်ပြပွဲတွေကို ပြုလုပ်ကျင်းပလျက်ရှိနေပါတယ်။ Gouda ပြတိုက်ကို လည်ပတ်တဲ့ အစီအစဉ်မှာတော့ ချိစ် ပြုလုပ်နည်းကိုပါ လက်တွေ့သင်ကြားပေးပါတယ်။ ကလေးတွေ ပါဝင်တဲ့ မိသားစု အလိုက်ခရီး သွားမယ်ဆိုရင်တော့ ပြတိုက်တွေကို အဓိကထား လည်ပတ်ဖို့ အကြံပေးချင်ပါတယ်။
ဘာတွေကို စားသောက်ကြမလဲ။
ကလေးတွေ မပါဘဲ သီးသန့်လည်ပတ်တာမျိုးဆိုရင်တော့ အမ်စတာဒမ်မှာ စမ်းကြည့်စရာ အသစ်အဆန်းတွေ အများကြီးပါပဲ။ ဆေးခြောက်ထိုင်သောက်လို့ရတဲ့ ဘားတွေရှိသလို အဖော်အချွတ်အကတွေ တရားဝင်ကပြ ဖျော်ဖြေတဲ့ နေရာတွေလည်း တပုံတပင်ပါပဲ။
ဒါပေမယ့် ဒီနေရာတွေကို လည်ပတ်မယ်ဆိုရင် အသက်ပြည့်ဖို့ လိုအပ်သလို အသက်ပြည့်ကြောင်း ထောက်ခံချက်ကို ပြသဖို့လည်း လိုပါတယ်။ မိသားစုနဲ့ လည်ပတ်မယ်ဆိုရင်တော့ ဂရိရိုးရာ စားစရာတွေ ရောင်းချတဲ့ ဆိုင်တွေကို စားသောက်သင့်ပါတယ်။
စနေနေ့မှာဆိုရင် စားသောက်ဆိုင်တော်တော်များများမှာ အော်ဂဲနစ် ဝိုင်တွေ ရရှိနိုင်ပြီး ဒက်ချ်လူမျိုးတွေဟာ ပန်ကိတ်နဲ့ Waffles လုပ်နည်းတွေကို နှံ့နှံ့စပ်စပ် သိလွန်းတာကြောင့် အဲဒါတွေ မဖြစ်မနေ စားသောက်ဖို့ အကြံပေးချင်ပါတယ်။
အမ်စတာဒမ်မြို့ဟာ ကမ္ဘာအနှံ့က အကောင်းမွန်ဆုံးအစားအစာတွေကို တနေရာတည်းမှာ ရရှိနိုင်တဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ အစ္စရေး စားဖိုမှုးတွေ ရှိတဲ့ အရှေ့အလယ်ပိုင်း အစားအစာတွေကို Michelin &Moshik ဆိုတဲ့ ဆိုင်မှာ စားသောက်နိုင်ပါတယ်။
Oosterpark ရပ်ကွက်မှာ ရှိတဲ့ စားသောက်ဆိုင်တွေမှာတော့ ဆိုင်ကို ဝင်တာနဲ့ ဝိုင်တခွက် ချာပါတီ တချပ်နဲ့ ဧည့်ခံလေ့ရှိပြီး ဒေသခံတွေ အများဆုံး စားသောက်ကြတာကို မြင်ရတာကြောင့် စမ်းကြည့်သင့်တဲ့ နေရာ တခုပါပဲ။ စရိတ်စကလည်း သက်သာလွန်းတဲ့ ဒီဆိုင်တွေမှာ စားသောက်ရင်း ပြတိုက်တွေကို လည်ပတ်ရတဲ့ အရသာက တမူထူးနေမှာ သေချာပါတယ်။
ဒါ့အပြင် ဥတ္တရအလင်းတန်းကို သွားရောက်ကြည့်ရှုမယ် ဆိုရင်လည်း အမ်စတာဒမ်မှ တဆင့် ခရီး ဆက်နိုင်ပါသေးတယ်။
Ref;forbes