ထိုင်းနိုင်ငံအတွက်ဆိုရင်တော့ ခရစ်စမတ်ပွဲတော်ဆိုတာ အစဉ်အလာအနေနဲ့ကျင်းပလာခဲ့တဲ့ ပွဲတော်တခုတော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာဆိုရင် ဗုဒ္ဓဘာသာကိုးကွယ်သူ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းရှိပြီး ၁၄ ရာခိုင်နှုန်းကတော့ အစ္စလာမ်ဘာသာကိုးကွယ်သူတွေပါ။
ဒါကြောင့်လည်း ခရစ်ယာန်ဘာသာကိုးကွယ်သူ လူဦးရေက ၁ ရာခိုင်နှုန်းလောက်သာရှိပါတယ်။
ဒါပေမယ့်လည်း ဒီနိုင်ငံဟာ ခရစ်စမတ်ပွဲတော်ကို ထူးထူးခြားခြားအပြင်အဆင်မျိုးတွေနဲ့ ခမ်းခမ်းနားနားကျင်းပ လေ့ရှိတတ်ပါတယ်။ ဒါကြောင့်မလို့လည်း ခရီးသွားဧည့်သည်တွေဟာ ခရစ်စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးညကို ထိုင်းနိုင်ငံမှာဆင်နွှဲဖို့ ဆုံးဖြတ်လေ့ရှိကြတာပါပဲ။
ထိုင်းနိုင်ငံရဲ့ ခရစ်စမတ်အားလပ်ရက်တွေဟာ ပျော်စရာကောင်းတဲ့ အချိန်တွေဖြစ်ကြပါတယ်။ ဘန်ကောက်မှာရှိတဲ့ ဟိုတယ်တွေက ကိုယ့်ဟိုတယ်ကိုအပျံစားအလှဆင်နေကြတဲ့အချိန်မှာ ဘန်ကောက်လမ်းမတွေပေါ်က စတိုးဆိုင်ကြီးတွေနဲ့ လူနေအိမ်တွေကလည်းနောက်ကျမကျန်ခဲ့ရအာင် အသီးသီး အလှဆင်နေကြပါတယ်။ ခရစ်စမတ်သစ်ပင်တွေကလည်း ဆိုင်ရှေ့ မှာနေရာ ယူထားကြပါတယ်။
ခရစ်စမတ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ရာသီဥတုကလည်း သာသာယာယာရှိနေတတ်ပါတယ်။ ဒါကြောင့်လည်း ခရစ်စမတ်ဆိုရင် ထိုင်းနိုင်ငံမှာ ခရီးသွားတွေက ကြက်ပျံမကျစည်ကားနေရတာပါပဲ။ ခရီးသွားတွေ အဓိကလည်ပတ်ကြတာကတော့ ဘန်ကောက် ၊ ချင်းမိုင်နဲ့ ကမ်းခြေတွေပါပဲ။
၁။ Bangkok
Bangkok မှာဆိုရင်တော့ ဒီဇင်ဘာလဆိုရင် လည်စရာနေရာတွေက အများကြီးပါပဲ။ ခရစ်စမတ်နဲ့ နှစ်သစ်ကူး အတွက်ရည်ရွယ်ထားတဲ့ Discount တွေကိုလည်း ဟိုတယ်တွေ ၊ စတိုးဆိုင်ကြီးတွေဆီက ရတတ်ပါသေးတယ်။
ဈေးဝယ်ဖို့ခရီးထွက်ကြသူတွေအတွက်တော့ ဒီဇင်ဘာဟာ ဘန်ကောက်ကိုသွားဖို့ အသင့်တော်ဆုံးပါပဲ။ ခရစ်စမတ်ဈေးပွဲတော်တွေမှာဆိုရင်လည်း မိသားစုနဲ့ သူငယ်ချင်းတွေကို ခရစ်စမတ်လက်ဆာင်ပေးဖို့အတွက် ပစ္စည်းကောင်းလေးတွေကို ဈေးချိုချိုနဲ့ ရတတ်ပါသေးတယ်။ နောက်ပြီး သန့်ရှင်းတဲ့ အစားအသောက်တွေကိုလည်း အဆင့်သင့်ရနိုင်ပါသေးတယ်။
ဘာသာရေးအနေနဲ့ ဝတ်ပြုဆုတောင်းချင်သေးတယ်ဆိုရင်လည်း သက်ဆိုင်ရာအသင်းတော်တွေက ဘုရားရှိခိုးကျောင်း တံခါးတွေကို အမြဲဖွင့်ပေးထားပါတယ်။
တည်းခိုမယ်ဆိုရင်လည်း ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တွေမှာ တည်းခိုနိုင်ပါတယ်။ ဒီဟိုတယ်တွေမှာဆိုရင်တော့ ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားတဲ့ ထိုင်းရိုးရာအစားအသောက်တွေကို စားသောက်နိုင်မှာဖြစ်သလို ရေကူးကန် ၊ အားကစားခန်းမ ၊ စားသောက်ခန်းနဲ့ ဝိုင်၊ ဘားတွပါမှာဖြစ်ပြီး ယောဂကျင့်ချင်တွေအတွက်လည်း ယောဂကျင့်တဲ့ခန်းမတွေ ရှိပါတယ်။
၂။ Chiang Mai
ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ချင်းမိုင်မြို့ကလည်း ဒီဇင်ဘာရာသီဥတုက သာသာယာယာပါပဲ။ ဒီမြို့ကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမြို့တွေထက် ပိုပျော်ရွှင်စရာကောင်းပါတယ်။ ဒါကြောင့်လည်း ဒီဇင်ဘာဆိုရင်တော့ ချင်းမိုင်မြို့ကိုလည်း ခရီးသွားတွေက တဖွဲဖွဲပါပဲ။
စတိုးဆိုင်ကြီးတွေမှာတော့ ခရစ်စမတ်သီချင်းတွေကို ညင်ညင်သာသာဖွင့်ထားတတ်ကြပြီး ဟိုတယ်ကြီးတွေကလည်း ခရစ်စမတ်နဲ့စ်သစ်ကူးညအတွက် ထူးထူးခြားခြားဖြစ်အောင် ကြိုတင်ပြင်ဆင်နေကြပါပြီ။
Akyra Manor လို ကြယ်ငါးပွင့်အဆင့်ရှိတဲ့ဟိုတယ်ကြီးတွေမှာတော့ Rooftop လို့ခေါ်တဲ့ အပေါ်ဆုံး အထပ်အမိုး တွေကနေ ချင်းမိုင်မြို့ အလှကိုငေးမောနိုင်ပြီး သောက်စရာဘားတွေလည်း ရှိပါသေးတယ်။
ဒီလိုဟိုတယ်တွေမှာတည်းခိုမယ်ဆိုရင်တော့ အီတလီရိုးရာအစားအသောက်တွေကိုလည်း စားသောက်နိုင်သလို ဘူဖေးညစာနဲ့ တခြားဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်ပါသေးတယ်။
၃။ Phuket
ဖူးခက်ရဲ့ ခရစ်စမတ်ကာလတွေကလည်း အံ့အားသင့်စရာအချိန်တွေပါပဲ။ တခြားနေရာတွေ လည်းမသွားချင်တော့ဘူး ၊ ခရစ်စမတ်ကို သာသာယာယာနဲ့ပဲ ဖြတ်သန်းချင်တော့တယ်ဆိုသူတွေအတွက်တော့ ဖူးခက်က အဆင်အပြေဆုံးနေရာတခုပါ။
ဖူးခက်မှာရှိတဲ့ ဟိုတယ်နဲ့ အပန်းဖြေစရာလိုနေရာမျိုးတွေက မိသားစုတွေအတွက်ပဲဖြစ်ဖြစ်၊ ချစ်သူစုံတွဲတွေအတွက် ပဲဖြစ်ဖြစ် ၊ တယောက်တည်းအတွက်ကိုပဲဖြစ်ဖြစ် လိုလေးသေးမရှိအောင်ပြင်ဆင်ပေးထားတတ်ပါတယ်။
နေပူဆာကောင်းကောင်းလှုံနေနိုင်သလို သာယာတဲ့ Patong ကမ်းခြေ မှာလည်း ပါတီပွဲတွေကို ငြိမ့်ငြိမ့်ညောင်းညောင်း လေး တက်နိုင်ပါသေးတယ်။ ဒါမှမဟုတ်လည်း ကျွန်းပေါ်မှာရှိတဲ့ဘုရားရှိခိုးကျောင်းတွေမှာ ဘုရားဝတ်ပြုရင်း အေးအေးချမ်းချမ်းနဲ့ အာရုံယူနေနိုင်ပါသးတယ်။
စုံတွဲတွေအတွက်ကတော့ ပန်းခြံလှလှလေးတွေမှာ အချိန်ဖြုန်းနိုင်ကြသေးတာပေါ့။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Hilton Phuket Arcadia လို ဟိုတယ်မှာတည်းမယ်ဆိုရင်တော့ ညလယ်စာအပါအဝင် အားကစားခန်းမတွေလည်း ရှိပါသေးတယ်။
ခရစ်စမတ်အတွက် အထူးပြင်ဆင်ထားတဲ့အစားအသောက်နဲ့ အကင်တွေကိုလည်း ဘူဖေးသုံးဆောင်နိုင်ကြပါသေးတယ်။
Ref : traveltriangle