မော်စကိုမြို့ကိုတော့ ၁၁၄၇ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ရှေးကျတဲ့ မြို့ဟောင်းလည်း ဖြစ်ပါသေးတယ်။ ယေဘူယျ ယူဆထားတဲ့ အယူအဆအရ ဆိုရင်တော့ ဘုရင် Yuri Dolgorukiy က တည်ဆောက်ခဲ့တယ်လို့ ယူဆထားကြပါတယ်။
ဒါပေမဲ့လည်း ရှေးဟောင်းသုတေသန ပညာရှင်တွေကတော့ ၁၁၄၇ ခုနှစ်ထက် နှစ်ပေါင်း ၂၀၀ ၊ ၃၀၀ လောက် စောပြီးတည်ဆောက်ခဲ့တယ်လို့ ယူဆထားကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရှေးခေတ်သုံးဒင်္ဂါးပြားတွေကို တူးဖော်တွေ့ရှိခဲ့တဲ့အတွက်ကြောင့်ပါ။ ဒီဒင်္ဂါးပြားတွေမှာတော့ ဒင်္ဂါးပြားတွေ ထုတ်လုပ်တဲ့ခုနှစ်ကို အေဒီ ၈၆၂ – ၈၆၆ လို့ ဖော်ပြထားပါတယ်။
အစောပိုင်း ၂၀ ရာစုတုန်းကတော့ မော်စကိုဟာ မြို့ငယ်လေး တမြို့သာသာပါပဲ။ ရုရှား တော်လှန်ရေးပြီးတဲ့ နောက်ပိုင်းမှာတော့ လူနေသိပ်သည်းလာခဲ့ပါတယ်။ ဆိုဗီယက် ယူနီယံ ပြိုကွဲသွားပြီး နောက်ပိုင်း ဆယ်စုနှစ်အကြာမှာပဲ လူဦးရေဟာ ၁ သန်းကနေ ၄ သန်းအထိ ခုန်တက်သွားခဲ့ပါတယ်။
ဒါဟာ ၁၉၁၇ ခုနှစ် မော်စကိုလူဦးရေရဲ့ ၈ ဆနီးနီးလောက်ကို တက်သွားခဲ့တာပါ။ ၂၀၁၀ ခုနှစ်ကကောက်ယူထားတဲ့ သန်းခေါင်စာရင်းအရဆိုရင်တော့ ၁၁ ဒဿမ ၅ သန်း ရှိခဲ့ပါတယ်။
မော်စကိုမြို့ ဟာ ရုရှားနိုင်ငံရဲ့ မြို့တော်ဖြစ်သလို ၂၀၁၆ ခုနှစ် လူဦးရေစာရင်း အရဆို ၁၂ ဒဿမ ၁၉ သန်းရှိပြီး အခုလက်ရှိ အချိန်မှာတော့ ဥရောပတိုက်ရဲ့ ဒုတိယ လူဦးရေ အထူ ထပ်ဆုံး မြို့တမြို့ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း မော်စကိုမြို့တော်ဟာ ကမ္ဘာ့လူဦးရေအထူထပ် ဆုံး စာရင်းမှာ နံပတ် ၁၁ နေရာက ရှိနေတာပါ။
မော်စကိုမြို့ဟာ လူဦးရေလည်းထူထပ်သလို နိုင်ငံရေး ၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတို့ပေါင်းစုံ ရာ ဗဟိုချက်မလည်း ဖြစ်တဲ့အပြင် ရုရှားနဲ့ အရှေ့ ဥရောပနိုင်ငံတွေရဲ့ ဗဟိုသိပ္ပံဌာနတည်ရှိရာ မြို့လည်းဖြစ်ပါတယ်။ Ostankino Tower ဆိုတဲ့ ၁၇၇၂ မြင့်တဲ့ ရုပ်သံလွှင့်စက်ရုံကလည်း မော်စကိုမြို့ မှာရှိပြီး ဒီ Ostankino Tower ကတော့ ဥရောပတိုက်ရဲ့ အမြင့်ဆုံးရုပ်သံလွှင့် Tower တိုင်ပဲဖြစ်ပါတယ်။
အဓိကကိုးကွယ်တာကတော့ ခရစ်ယာန်ဘာသာဖြစ်ပြီး ရုရှားနိုင်ငံရဲ့ Orthodox Church ကလည်း မော်စကိုမြို့မှာရှိပါသေးတယ်။ မော်စကိုမြို့ဟာ အလွန်အေးတဲ့မြို့တမြို့လည်းဖြစ်သလို လူတွေက မော်စကိုမြို့ကို အစိမ်းရောင်မြို့လို့ လည်းခေါ်တတ်ကြပါသေးတယ်။ အစိမ်းရောင်မြို့လို့ ခေါ်ရတဲ့အကြောင်းကတော့ မြို့ ဧရိယာရဲ့ ၄၀ ရာခိုင်းနှုန်းကျော်ကျော်ဟာ ဥယျာဉ်ပန်းခြံတွေ နဲ့ တောအုပ်တွေ ဖုံးလွှမ်းနေတဲ့အတွက်ကြောင့်ပါ။ မော်စကိုမြို့မှာဆိုရင် ပြည်သူတွေအပန်းဖြေဖို့ ပန်းခြံပေါင်း ၇၀၀ ကျော် ရှိပါတယ်။
မော်စကိုဆိုတဲ့အသံထွက်ဟာ အင်္ဂလိပ်အသံထွက်ဖြစ်ပြီး တကယ့်နာမည်အရင်းကတော့ “Moskva” ဖြစ်ပါတယ်။ “Moskva” လို့ ခေါ်ရတဲ့ အကြောင်းရင်ကတော့ “Moskva” မြစ်ကမ်းနံဘေးမှာ ရှိတဲ့အတွက်ကြောင့်ပါ။
“Moskva” ဆိုတဲ့နာမည်က ရှေးဟောင်းဘာသာစကားတမျိုးဖြစ်တဲ့ “ Funnic ” ဘာသာ စကားကနေ ဆင်းသက်လာတာပါ။ ဒီ စကားလုံးကို အနက်ပြန်ရာမှာလည်း အဓိပ္ပါယ်တွေက မတူကြဘူးလို့ ဆိုပါတယ်။ မော်စကိုမြို့ဟာ ကမ္ဘာပေါ်မှာ အအေးဆုံးအရပ် တနေရာ ဖြစ်သလို ၁၉၄၀ ခုနှစ်တုန်းကဆိုရင် အနုတ် ၄၂ ဒီဂရီ အထိရောက်ခဲ့ဖူးပါတယ်။ မော်စကိုမှာတော့ အအေးဆုံးလဟာ ဇန်နဝါရီလဖြစ်ပြီး အနုတ် ၂၀ ဒီဂရီလောက် ရှိတတ်ပါတယ်။
အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာတော့ နှင်းခဲ ကျစပြုလာပါပြီ။ နှင်းကျချိန်ဟာ ကြာမြင့်ပြီး ဧပြီလတိုင်အောင်ပဲ ကျလေ့ရှိပါတယ်။ ဒါကြောင့် လည်း မော်စကိုမြို့သားတွေဟာ ရာသီဥတုအခြေအနေကြောင့် ကိုယ့်မြို့မှာ ကိုယ်မနေနိုင်ကြဘဲ တခြားအရပ်တွေဆီ ပြောင်းရွှေ့နေထိုင်လေ့ ရှိကြပါတယ်။
နိုင်ငံခြားသားတွေကတော့ ဒီလိုအေးတဲ့အချိန်မျိုးကိုရွေးပြီး အလည်လာလေ့ ရှိတတ်ကြပါ တယ်။ အကြောင်းကတော့ ရေခဲရေနဲ့ ရေချိုးဖို့အတွက်ပါ။ ဒီလို ရေခဲရေနဲ့ ရေချိုးခြင်းက ကျန်းမာရေး ပိုကောင်းစေတယ်လို့ ဘာသာရေးသမား တချို့က ယုံကြည်ကြပါတယ်။ ရုရှားနိုင်ငံရဲ့ တချို့ ဘာသာရေးဂိုဏ်းတွေက ခရစ်တော်နှစ်ခြင်းခံတဲ့နေ့စွဲဟာ ဇန်နဝါရီ ၁၉ ဖြစ်တယ်လို့ ယူဆတဲ့အတွက်ကြောင့် အခုလို ရေခဲရေနဲ့ ရေချိုးကြတာ ဖြစ်ပါတယ်။
Ref : bridgetomoscow