ဒီဇင်ဘာ နှစ်သစ်ကူးပိတ်ရက်ရှည်မှာ ခရီးထွက်ဖို့ ပြင်ဆင်နေကြပြီလား။ ဒီနှစ်တော့ တခြားနှစ်တွေနဲ့ မတူအောင် ထူးထူးခြားခြား တခါမှ မရောက်ဖူးတဲ့ အအေးပိုင်းဒေသတွေကို ခရီးထွက်ဖို့ ပြင်ဆင်ထားရင် ဂရုတစိုက် စီစဉ်သွားစရာလေးတွေ ရှိပါမယ်။
မရောက်ဖူးတဲ့ဒေသ၊ အတွေ့အကြုံ မရှိတဲ့ အအေးဒဏ်ကို ခံနိုင်ရည်ရှိအောင် ဘယ်လို အဝတ်အထည်၊ အသုံးအဆောင်တွေ လိုအပ်မလဲ ကြည့်ရအောင်။
မရောက်ဖူးတဲ့ ဒေသတခုကို သွားဖို့ဆိုရင် အရင်ဆုံး အဲဒီနေရာရဲ့ ရာသီဥတု အခြေအနေကို လေ့လာသင့်ပါတယ်။ အနုတ်လက္ခဏာ ဘယ်လောက်ထိ အေးတတ်လဲ၊ ဘယ်အချိန်ဆို အရမ်းအေးပြီး ဘယ်အချိန်ဆိုရင်တော့ ပြန်နွေးတတ်သလဲ စတာတွေ သိသွားဖို့တော့ လိုပါတယ်။
ရာသီဥတုသိအောင် ဆိုတိုင်းလည်း မိုးလေဝသသတင်းတွေကို အပြည့်အဝ ယုံကြည်ထားလို့တော့ မရပါဘူး။ ရာသီဥတုသတင်း အကုန်လုံးက ခန့်မှန်းချက်တွေပဲမို့ ကိုယ်သွားမယ့်ရက်မှာ အအေးချိန်လျော့မယ်လို့ ဆိုရင်တောင် အနွေးထည် အထူတွေ မယူဘဲ မထားခဲ့ပါနဲ့။ ရာသီဥတု အခြေအနေက အချိန်တိုင်းပြောင်းလဲနေတာမလို့ ဆောင်းတွင်း အသုံးဆောင်တွေကို လုံလောက်အောင်တော့ ထည့်သွားပါ။
ရာသီဥတုအေးတဲ့ နေရာတွေမှာ ခြေအိတ်၊ လက်အိတ် ဝတ်သွားရုံနဲ့ မလုံလောက်ပါဘူး။ ဘယ်လောက်ပဲ အနွေးထည်တွေ နွေးအောင် ဝတ်ထားပါစေ၊ ခေါင်းနဲ့ လည်ပင်း မလုံရင် ကိုယ်တွင်းအပူချိန်တွေ အလွယ်တကူ ထွက်သွားနိုင်လို့ အအေးမိတတ်ပါတယ်။
ဒါကြောင့် အရမ်းအေးတဲ့နေရာတွေ သွားလည်မယ်ဆိုရင် ခေါင်းစွပ်၊ လက်အိတ်၊ ခြေအိတ်၊ မာဖလာ အပြည့်အစုံ ဝတ်ပါ။ ခြေအိတ်ဆိုရင် ပုံမှန်ထက်ပိုထူတဲ့ သိုးမွှေး ခြေအိတ်မျိုး သုံးပါ။ နှင်းကျထားတဲ့ နေရာတွေဆို ချောနိုင်လို့ အောက်ခံပြားမှာ မချောအောင် လုပ်ထားတဲ့ ဖိနပ်မျိုးရွေးပါ။
ရေခဲတောင်တွေမှာ နှင်းလျောစီးမယ်၊ တောင်တက်မယ် ပြင်ပလှုပ်ရှားမှုတွေဆို အနွေးထည်အထူတွေ လိုအပ်ပေမယ့် မြို့ထဲလျှောက်လည်တာလောက်ဆို အရမ်းထူတာတွေ မလိုအပ်ပါဘူး။ ဒါကြောင့် ဆောင်းတွင်းဘက် အေးတဲ့နိုင်ငံသွားတိုင်း အနွေးထည် အထူတွေ ချည်းပဲ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ထပ်ဝတ်နိုင်တဲ့ အနွေးထည်တွေပါ မျှသယ်သွားပါ။
ဆောင်းတွင်းချိန်ခါ ခရီးသွားမယ်ဆို သယ်ရမယ့်ပစ္စည်းတွေက မနည်းပါဘူး။ လေယာဉ်ကခွင့်ပြုတဲ့ အလေးချိန်အတိုင်း ဝင်အောင်လို့ အတတ်နိုင်ဆုံး ပစ္စည်းတွေကို ထည့်ရပါမယ်။
ဆောင်းတွင်းဝတ် အနွေးထည်ကြီးတွေက ပုံမှန်အတိုင်း ထည့်သယ်သွားဖို့ဆို အဝတ်အိတ်ထဲမှာ နေရာအများကြီး ယူပါတယ်။ ဒါကြောင့် မလိုအပ်ဘဲလေ ဖောင်းမနေအောင် လေစုပ်ထုတ်သွားနိုင်တဲ့ Ziploc အိတ်တွေနဲ့ ထည့်သယ်တာ ပိုအဆင်ပြေပါလိမ့်မယ်။
နောက်တခုက အေးတဲ့နိုင်ငံတွေမှာ ဆောင်းရာသီရောက်ရင် ခန္ဓာကိုယ်နွေးအောင် ကုတ်အင်္ကျီအိတ်ထဲ ထည့်သွားကြတဲ့ အပူအိတ်လေးတွေ ရှိပါတယ်။ စတိုးဆိုင်တွေမှာ အလွယ်တကူ တွေ့နိုင်တဲ့ အပူအိတ်လေးတွေက အခုမှ အအေးဒဏ်ကို စတင်ခံစားမိမယ့် သင့်အတွက် အချိန်တိုအတွင်း အနွေးဓာတ်ပြန်ရအောင် လုပ်ပေးနိုင်ပါတယ်။
အပူအိပ်လေးတွေကို အနွေးထည်ထဲ၊ ခြေအိတ်၊ လက်အိတ်ထဲ အပြင်ထွက်တဲ့အခါ ထည့်သွားလိုက်ပါ။ ညဘက် အိပ်တဲ့အခါ နွေးနေအောင်လည်း အိပ်ရာအောက် ခံထားလို့ ရပါတယ်။
Ref: CAN Lifestyle