ကျွန်းပေါင်း ၁၃၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ခရီးသွားတွေအတွက် စိတ်လှုပ်ရှားစရာတွေကို အမှန်တကယ်ပေးနိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ အမြဲတက်ကြွလှပနေတဲ့ မြို့တော် ဂျာကာတာ၊ သဲဖြူလွှလွှတွေ ဖုံးလွှမ်းထားတဲ့ ဘာလီကျွန်း၊ရှာဖွေလေ့လာစရာတွေ အများကြီး ကျန်နေသေးတဲ့ ဆူမတြားနယ်မြေတွေက သင့်ကို ပျော်စရာတွေနဲ့ အပြည့်နဲ့ စောင့်ကြိုနေပါတယ်။
အခြားနိုင်ငံတွေနဲ့ မတူကွဲပြားမှုတွေအများကြီးရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်လည်ပတ်မယ်ဆိုရင် သိထားရမယ့် အရာတွေကို ဖော်ပြပေးချင်ပါတယ်။
လည်ပတ်စရာများ
အင်ဒိုနီးရှားနိုင်ငံရဲ့ အကျော်ကြားဆုံး လည်ပတ်စရာကတော့ ဘာလီကျွန်းပဲ ဖြစ်ပါတယ်။ ခရီးသည် ထူထပ်ပေမယ့် လှပလွန်းတဲ့ ဘာလီကျွန်းမှာ ရေလွှာလျော စီးနိုင်သလို Pura Besakih ဘုရားကျောင်းကိုလည်း လည်ပတ်နိုင်ပါတယ်။ နောက်တနေရာကတော့ စင်ထရယ်ဂျာဗားရဲ့ မြို့တမြို့ဖြစ်တဲ့ Magelang မှာ တည်ရှိနေတဲ့ Borobudur ဘုရားကျောင်းဖြစ်ပါတယ်။ မဟာယာနဘုရားကျောင်းဖြစ်တဲ့ ဒီဘုရားကျောင်းကို ၉ ရာစုက တည်ဆောက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ဘုရားကျောင်းအဖြစ် သတ်မှတ်ခြင်းကို ခံထားရတဲ့ ဘုရားကျောင်းလည်းဖြစ်ပါတယ်။
မဖြစ်မနေ လည်ပတ်ရမယ့် နောက်ထပ်နေရာ တခုကတော့ အင်ဒိုနီးရှားရဲ့ မြို့တော် ဂျာကာတာပဲ ဖြစ်ပါတယ်။ လူဦးရေ ၁၁ သန်းကျော် ရှိတာကြောင့် လူနေထူထပ်တယ်ဆိုပေမယ့် ညဖက်မှာ မြို့တော်ရဲ့ အရသာကို ကောင်းကောင်းမွန်မွန် ခံစားနိုင်ပါတယ်။ အခြားလည်ပတ်စရာတွေ အနေနဲ့ မီးတောင်ရှိတဲ့ ကျွန်း၊ ဈေးဝယ်စင်တာနဲ့ ရေငုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။
တည်းခိုစရိတ်
Hostel တွေမှာ အများနဲ့ အတူတည်းမယ်ဆိုရင် တညကို မြန်မာကျပ်ငွေ တသောင်းခွဲခန့် ကုန်ကျနိုင်ပါတယ်။ သီးသန့်နေလိုသူတွေ အတွက်တော့ နှစ်ယောက်အိပ်ခန်း တညတာ အတွက် တခန်းကို နှစ်သောင်းခွဲခန့် ကျသင့်မှာ ဖြစ်ပါတယ်။ Hostel တော်တော်များများမှာ မနက်စာ ပါဝင်ပြီး ရိုးရာအစားအစာတွေ ကျွေးပါတယ်။
အခုပြောပြတဲ့ ဈေးနှုန်းတွေကတော့ မြို့ကြီးတွေက အခန်းဈေးတွေ ဖြစ်ပြီး နယ်မြို့တွေမှာဆို ဒီထက်ဈေးပိုပြီး သက်သာပါတယ်။ အင်ဒိုနီးရှားကို လည်ပတ်မယ်ဆိုရင် အခန်းရှာဖွေဖို့ Airbnb, booking.com နဲ့ Hostelworld စတဲ့ website တွေမှာ ဝင်ရောက်ကြည့်ရှုရှာဖွေနိုင်ပါတယ်။
အစားအသောက်အတွက် ကုန်ကျငွေ
ဒေသတွင်း အစားအစာတွေကတော့ ဈေးအရမ်းသက်သာပါတယ်။ နှစ်သောင်းကျပ် ဝန်းကျင်နဲ့ ဒေသတွင်း စားသောက်ဆိုင်တွေမှာ ဝင်ရောက်စားနိုင်ပြီး စားသောက်ဆိုင်ကြီးသွားရင် ကုန်ကျစရိတ်လည်း များလာသလို အခွန်တွေလည်း ကောက်တယ်လို့ သိရပါတယ်။ အနောက်တိုင်းအစားအစာတွေကတော့ ဈေးကြီးလွန်းတာကြောင့် မစားတာက ပိုပြီး ကောင်းပါလိမ့်မယ်။
သင်က အရက်ဘီယာတွေ သောက်တတ်တဲ့ သူဆိုရင်တော့ ဘားမှာ ဘီယာသောက်မယ်ဆိုရင် တခွက်ကို သုံးထောင်ကျပ်လောက် ကျသင့်နိုင်ပါတယ်။ လမ်းဘေးစာတွေကတော့ ဈေးသက်သာလွန်းတာကြောင့် ဘတ်ဂျက်ခရီး ဖြစ်ချင်တယ် ဆိုရင်တော့ လမ်းဘေးစာကို စားဖို့ တိုက်တွန်းချင်ပါတယ်။
သွားလာစရိတ်
သွားလာစရိတ်ကို ပြောရမယ်ဆိုရင် အများသုံးသယ်ယူပို့ဆောင်ရေးကို သုံးတာက ပိုအဆင်ပြေပါလိမ့်မယ်။ ကျွန်းကူးဖို့ အတွက်ဆိုရင် ခရီးတကြောင်းကို ၁ ထောင်ကျပ် ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။ ဂျာဗားအရှေ့ဖက်ကနေ ဘာလီကျွန်းအနောက်ဖက်ကို သွားဖို့ အတွက် မြန်မာကျပ်ငွေ ၁၅၀၀ ခန့်သာ ကုန်ကျမယ်လို့ သိရပါတယ်။
၈ နာရီလောက် သွားရတဲ့ ကားတွေကတော့ မြန်မာကျပ်ငွေ ၁ သောင်းလောက်သာ ကျသင့်ပြီး ညအိပ်ကားတွေ စီးမယ်ဆိုရင် ၁ သောင်းခွဲကနေ ၂ သောင်းကျပ် ဝန်းကျင်အထိ ဈေးအမျိုးမျိုး ရှိပါတယ်။
အခြားကုန်ကျစရိတ်များ
ပန်းခြံ၊ အမျိုးသားပြတိုက်ကို ဝင်မယ်ဆိုရင် လက်မှတ်ဖိုးက ၂ သောင်းခွဲလောက် ရှိပါတယ်။ Borobudur ကို လည်ပတ်မယ်ဆိုရင် လက်မှတ်ဖိုး ၃ သောင်း ကျသင့်ပါတယ်။ ကျွန်းမြို့တွေမှာ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်းတွေကို ပြုလုပ်နိုင်ပြီး ၅ သောင်းကျပ်ကနေ ၁ သိန်းကျပ်လောက်အထိ ကျသင့်နိုင်ပါတယ်။ ပစ္စည်းတွေကို ဝယ်မယ်ဆိုရင် ဈေးဆစ်ဖို့ လိုပါတယ်။ ဘယ်ပစ္စည်းကိုပဲ ဖြစ်ဖြစ်ဈေးတင်ထားတတ်တာကြောင့် ဈေးကို ဆစ်နိုင်သလောက်သာ ဆစ်ဖို့ တိုက်တွန်းချင်ပါတယ်။
အခုတွက်ပြထားတဲ့ ကုန်ကျစရိတ်တွေဟာ ဘတ်ဂျက်ခရီးအတွက် တွက်ထားပေးတာဖြစ်ပြီး ဒေသခံတွေလို နေထိုင် စားသောက်နိုင်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေးနေဖို့ ငွေကြေးတတ်နိုင်သူတွေအတွက်ကတော့ ပိုမိုကောင်းမွန်တဲ့ ဟိုတယ်တွေမှာ တည်းနိုင်ပြီး ကုန်ကျစရိတ်ကတော့ ၂ ဆလောက် ကွာသွားပါလိမ့်မယ်။
Ref ; travelhack