လုပ်ငန်းအတွက် ခရီးထွက်တာပဲဖြစ်ဖြစ်၊ အားလပ်ရက် အပန်းဖြေခရီး ထွက်တာပဲဖြစ်ဖြစ် ခရီးသွားတွေအတွက် အကောင်းဆုံးဟိုတယ်ကို ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ သက်သောင့်သက်သာ အဆင်ပြေပြေ တည်းခိုနိုင်ဖို့ လိုအပ်သလို အခန်းတွင်း အပြင်အဆင်၊ ကိုယ်အသုံးပြုရမယ့် စောင်၊ ခေါင်းအုံးကအစ အရေးကြီးပါတယ်။
ဒီဘက်ခေတ်တွေမှာ ကံကောင်းလာတာ တခုကတော့ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေဟာ ခရီးသွားတွေအတွက် အဆင်ပြေပြေ တည်းခိုနိုင်အောင် အရှိန်မြှင့် ဆောင်ရွက်လာကြတာပါ။ ၂၀၁၉ ခုနှစ်အတွက်ဆိုရင် ကာရစ်ဘီယံ၊ မော်လ်ဒိုက်၊ ပဲရစ်နဲ့ ဘာစီလိုနာက ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေဟာ ဧည့်သည်တွေအတွက် မယုံနိုင်စရာကောင်းလောက်တဲ့ ဝန်ဆောင်မှုတွေကို စတင်ဆောင်ရွက်လာခဲ့ကြပါပြီ။
၂၀၁၉ ခုနှစ်အတွက် တည်းခိုသင့်တဲ့ ကမ္ဘာတဝှမ်းက ဟိုတယ်တွေအကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) W Brisbane, Australia
ဒီဟိုတယ်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အပြင်ဘက်မှာဆိုရင် လည်ပတ် ကြည့်ချင်စရာ ရှုခင်းတွေက စုံလင်ပါတယ်။ အတွင်းဖက်မှာ ဆိုရင်တော့ အရက်မျိုးစုံရနိုင်တဲ့ ဘားခန်းတခန်းနဲ့ ဇိမ်ခံရေကူးကန်တကန် ပါဝင်ပါသေးတယ်။ ရွှေ့ပြောင်းလို့ ရနိုင်တဲ့ မြစ်နဲ့ ဒီရေတွေကိုလည်း ဖန်တီးပေးထားပါသေးတယ်။ ဒါ့အပြင် Australia စတိုင်နဲ့ တည်ဆောက်ထားတဲ့ အခန်းပေါင်း ၃၁၂ ခန်းလည်း ပါဝင်ပါတယ်။
အစတုန်းကတော့ ဒီ W Brisbane ဟိုတယ်ကို Sydney မှာ ဖွင့်ခဲ့တာဖြစ်ပြီး ဆယ်စုနှစ် တခု အကြာမှာတော့ Australia ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၂၀ ပြည့်မှာတော့ Melbourne နဲ့ Sydney မှာပါ ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။
(၂) Rosewood Baha Mar, Mahamas
Rosewood Baha Mar အပန်းဖြေစခန်းကတော့ Baha Mar လေဆိပ်ကနေ ၁၅ မိနစ်လေယာဉ်စီးသွားလိုက်တာနဲ့ မြို့ ပြရဲ့ ရှုပ်ထွေးမှုတွေကနေ လွတ်မြောက်သွားပါလိမ့်မယ်။ အဲဒီနေရာကတော့ ကိုယ်ပိုင်ကမ်းခြေတခုကို ရောက်သွားသလို ခံစားသွားရမယ့် အသစ်ဖွင့်ထားတဲ့ Bamahas အပန်းဖြေစခန်းပါ။
ဒီအပန်းဖြေစခန်းရဲ့ဧည့်ခန်းတိုင်းတွေမှာတော့ စကျင်ကျောက်တွေ လှပခန့်ညားတဲ့ ပန်းချီ ကား ဒါဇင်ပေါင်းများစွာကို ချိန်ဆွဲပြသပေးထားပါတယ်။ တကိုယ်တည်း စိတ်အေးလက်အေး အနားယူချင်သူတွေအတွက် နေရာကောင်း တနေရာပါ။
(၃) The Middle House , Shanghai
ဟောင်ကောင်မှာ အခြေစိုက်ထားတဲ့ Swire ဟိုတယ်ဟာ ဗိသုကာဒီဇိုင်း၊ ဇိမ်ခံအပန်းဖြေ အဆင့်အတန်းနဲ့ စမတ်ကျမှုတွေကြောင့် ကျော်ကြားလာခဲ့တဲ့ ဟိုတယ်တလုံးပါ။ လွှတ်တော် အဆောက်အဦလို အပြင်အဆင်တွေကြောင့်လည်း ခရီးသွားတွေကြား ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။
ဒီဟိုတယ်ကိုတော့ Shanghai မှာ ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဖန်သားပေါင်း ၃၇၆၀ ပါပြီး အခန်းပေါင်း ၂၁၃ ခန်း ပါဝင်ပါတယ်။ အဲဒီအခန်းတွေ အားလုံးမှာ အရောင်စုံတဲ့ ဝါးတွေကို ကြမ်းခင်းအဖြစ် အသုံးပြုထားပါတယ်။
(၄) InterContinental Phu Quoc Long Beach Resort , Vietnam
ဒီဟိုတယ်ကိုတော့ ၂၀၁၈ ခုနှစ် ၊ ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ InterContinental ရဲ့ နောက်ဆုံးပေါ် အပန်းဖြေစခန်းတခုဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ရာ တည်နေရာများအတွက် လည်ပတ်ရကျိုး နပ်စေမယ့် နေရာတနေရာလည်း ဖြစ်ပါတယ်။ Phu Quoc ကျွန်းဟာ စိမ်းလန်းစိုပြေတဲ့ ကျွန်းတကျွန်းအဖြစ် UNESCO က အသိအမှတ်ပြုထားတဲ့ ကျွန်းတကျွန်းလည်းဖြစ်ပါတယ်။
ကမ်းခြေတင်သာ မဟုတ်ဘဲ အပန်းဖြေစခန်းကလည်း ထို့အတူပါပဲ။ ဒီဟိုတယ်ရဲ့ ဒီဇိုင်းကို တော့ ဗီယက်နမ်ဗိသုကာ ပညာရှင်တယောက်ဖြစ်တဲ့ Vo Trong Nghia က ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး ဝေဟင်မှာ တည်ဆောက်ထားတဲ့ ဝါးအိမ်ငယ်တွေမှာ တည်းခိုနိုင်အောင် စီစဉ်ပေးထားပါတယ်။
Ref : edition.cnn