Taj Mahal ဟာ အိန္ဒိယရဲ့ အမှတ်အသား သရုပ်တခုပါ။ ဒါပေမဲ့ အဲဒီနေရာကို လူတွေ သွားရောက် လည်ပတ်ဖို့က ပိုမိုခက်ခဲလာတော့မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာပဲ အိန္ဒိယအစိုးရက Taj Mahal ကို ဝင်ရောက် လည်ပတ်ခွင့်လက်မှတ်ကို ဈေးနှုန်း မြှင့်တင်လိုက်တဲ့အတွက်ကြောင့်ပါ။
လက်မှတ်ဈေးနှုန်းတွေကို မြှင့်တင်လိုက်တာက နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အတွက်တင်မဟုတ်ဘဲ ဒေသခံတွေအပေါ်မှာပါ လက်မှတ်ဈေးနှုန်းတွေကို တိုးမြှင့်ကောက်ခံလိုက်တာပါ။ အရင်က အိန္ဒိယနိုင်ငံသားတွေ ပေးရတဲ့ လက်မှတ်ခက ရူပီ ၅၀ ကနေ ရူပီ ၂၅၀ အထိ တိုးမြှင့်လိုက်ပါတယ်။
နိုင်ငံခြားသားတွေကိုတော့ အရင် ရူပီ ၂၀၀ ကနေ ၁၁၀၀ ရူပီအထိ တိုးမြှင့် ကောက်ခံလိုက်ပါတယ်။ ပြည်တွင်း အသက် ၁၅ နှစ်အောက် ကလေးတွေကိုတော့ အရင်ကလိုပဲ အခမဲ့ဆက်လက် လည်ပတ်နိုင်ခွင့် ရနေဦးမှာ ဖြစ်ပါတယ်။
အိန္ဒိယအစိုးရက အခုလိုလက်မှတ်ခတွေ တိုးမြှင့်ကောက်ခံလိုက်တာက အကြောင်းရှိပါ တယ်။ Taj Mahal ကို လာရောက် လည်ပတ်ကြတဲ့ ခရီးသည်ပေါင်းက တနှစ်ကို ၇သန်းအထက်မှာ ရှိပါတယ်။ အစိုးရက စိုးရိမ်တဲ့အချက်ကတော့ လေထုညစ်ညမ်းမှုတွေကနေ တဆင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှာ စိုးရိမ်သလို အဆောက်အဦ ပျက်ဆီးလာမှာကို စိုးရိမ်တဲ့အတွက်လည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ခရီးသွားလာရေးဝန်ကြီးဌာန အနေနဲ့လည်း ခရီးသွားဧည့်သည့်တွေအတွက် စည်းမျဉ်းစည်းကမ်းတွေကို လုပ်ဆောင်သွားဖို့ ရှိနေပြီး ၂၀၁၉ ခုနှစ်၊ မတ်လလောက်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ Taj Mahal အဆောက်အဦကို ၁၇ ရာစုက Mughal ဘုရင် Shah Jahan က သူ့အချစ်ဆုံး ဇနီးအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အိန္ဒိယနိုင်ငံက Taj Mahal ကို သွားရောက် လည်ပတ်ကြမလား
Ref : edition.cnn