လှပတဲ့ ရှုခင်းတွေရှိပြီး “နေမဝင်မြို့”လို့ လူတွေ တင်စားခေါ်ဝေါ်ကြတဲ့ Iceland ဟာ လည်ပတ်သူတိုင်းကို ဆွဲဆောင်ထားနိုင်တဲ့ နေရာတခုဖြစ်ပါတယ်။ ဥတ္တရအလင်းတန်းတွေ ဖြစ်ပေါ်ရာနေရာတခုဖြစ်တဲ့အပြင် လှပတဲ့မီးတောင်တွေနဲ့ သိုးတွေပေါများရာ နိုင်ငံတခုဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝအလျှောက်ဖြစ်ပေါ်နေတဲ့ ရေပူစမ်းတွေမှာလည်း အနားယူနိုင်ပါတယ်။
နိုင်ငံက သေးပေမယ့် သွားရတာနဲ့ ထိုက်တန်မယ့် စိတ်ကျေနပ်မှုကို ပေးစွမ်းမှာ သေချာပါတယ်။ ဒါကြောင့် Iceland ကို ခရီးထွက်ချင်သူတွေအတွက် ဘတ်ဂျက် နည်းနည်းနဲ့ အဆင်ပြေပြေထွက်လို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
လည်ပတ်စရာများ
Iceland ကို ရောက်ရင် အရင်ဆုံး ကြည့်သင့်တာကတော့ ဥတ္တရအလင်း (Northern light) ပဲ ဖြစ်ပါတယ်။ ဒီအလင်းရောင်တန်းတွေဟာ နှစ်တနှစ်ရဲ့ စက်တင်ဘာလအလယ်ကနေ ဧပြီလအလယ်အထိ ပေါ်တယ်လို့ သိရပါတယ်။ တကမ္ဘာလုံးက သတ်မှတ်ထားတဲ့ ပိတ်ရက်တွေမှာတော့ လူများတတ်တဲ့အတွက် ရှောင်စေလိုပါတယ်။
ပြတိုက်၊ ကုန်တိုက်တွေအပါအဝင် လေ့လာကြည့်ရှုစရာ အများကြီးတဲ့ Iceland ရဲ့ မြို့တော်ဖြစ်တဲ့ Reykjavik မှာလည်း အေးအေးဆေး အနားယူနိုင်ပါသေးတယ်။ နောက်ထပ်ပြုလုပ်လို့ ရတာတွေကတော့ ငါးဖမ်းခြင်း၊ ရေခဲဂူတွေမှာ လေ့လာရေးခရီးထွက်ခြင်း၊ ဝေလငါးအလှပြပွဲ ကြည့်ရှုခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။
သင်စိတ်ဝင်စားတယ်ဆိုရင် ဒေသခံတွေရဲ့ လမ်းညွှန်ချက်တွေနဲ့ အခြား Iceland ရိုးရာနဲ့ သက်ဆိုင်တာတွေကို ပြုလုပ်နိုင်ပါသေးတယ်။
တည်းခိုစရိတ်
ပိုက်ဆံချွေတာပြီးသွားချင်သူတွေအတွက် Hostel တွေမှာ သူများတွေနဲ့ အတူတူတည်းမယ်ဆိုရင် တရက်ကို မြန်မာကျပ်ငွေ ၅ သောင်းကနေ ၁ သိန်းအတွင်း ကုန်ကျနိုင်ပါတယ်။ ဒါက အသက်သာဆုံးနည်းလမ်းပါ။ အခုပြောတဲ့ အခန်းတွေက ရေချိုးခန်းအိမ်သာကို သူများနဲ့ မျှပြီးသုံးရမှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ဘဲ သီးသန့်နေချင်တယ်ဆိုရင်တော့ Hostel တွေမှာရှိတဲ့ သီးသန့်ခန်းတွေရဲ့ တညတာ စရိတ်ဟာ ၁ သိန်းခွဲ ဝန်းကျင်ရှိပါတယ်။
ဟိုတယ်မှာ တည်းခိုချင်တဲ့ သူတွေအတွက်တော့ ရေချိုးခန်းအိမ်သာတွဲရက်ပါတဲ့ နှစ်ယောက်ခန်းတခန်းကို ၂ သိန်းခွဲလောက်ကျနိုင်ပါတယ်။ အကြံပြုချင်တာကတော့ ကမ္ဘာ့အကြီးမားဆုံး ခရီးသွား Website တခုဖြစ်တဲ့ Airbnb ထဲကို ဝင်ပြီး နေစရာအိမ် ရှာဖို့ပါပဲ။ Airbnb က သင်သွားလိုတဲ့ နိုင်ငံမှာရှိတဲ့ ယာယီငှားရန်းနိုင်တဲ့ အိမ်စာရင်းတွေကို ပြုလုပ်ထားပေးပါတယ်။
Airbnb မှာ စုံစမ်းပြီးသွားမယ်ဆိုရင်တော့ ဒေသခံတွေရဲ့ အိမ်မှာ မြန်မာကျပ်ငွေ ၆ သောင်းခန့်နဲ့ ရပါလိမ့်မယ်။ ဒေသခံအိမ်ဖြစ်တဲ့အတွက် လည်ပတ်စရာတွေနဲ့ ပတ်သက်လာရင်လည်း အကူအညီတောင်းလို့ ရပါသေးတယ်။
အစားအသောက်အတွက် ကုန်ကျငွေ
Iceland ဟာ အရာရာဈေးကြီးတဲ့ မြို့တမြို့ ဖြစ်တယ်ဆိုတာ တည်းခိုစရိတ်ကို ဖတ်ပြီးတာနဲ့ သိလောက်ပါပြီ ။ တော်ရုံစားသောက်ဆိုင်တွေမှာ စားသောက်မယ်ဆိုရင် ထမင်းတနပ်ကို မြန်မာကျပ်ငွေ ၁ သောင်းခွဲနဲ့ ၂ သောင်းကြားမှာ ကျသင့်နိုင်ပါတယ်။ ဒါမှမဟုတ် သင်က ဆင်းဒဝှစ်ချ်၊ ဟမ်ဘာကာ အစရှိတဲ့ အသင့်စားသောက်လို့ ရတာတွေကို စားမယ်ဆိုရင်တော့ တသောင်းလောက်ဆိုရင် ကောင်းကောင်းစားလို့ရပါပြီ။
မြို့ငယ်တွေက လမ်းဘေးစာတွေကတော့ စားကောင်းပြီး ၄ ၊ ၅ ထောင်လောက်ပဲ ကျသင့်တယ်လို့ သိရပါတယ်။ စားသောက်စရိတ်ကို သက်သာချင်တယ်ဆိုရင် အပေါ်မှာ ပြောပြပေးခဲ့တဲ့ Airbnb က အိမ်တွေကို ငှားတာက အဆင်ပြေပါလိမ့်မယ်။ ရောက်တဲ့ မြို့မှာ ဈေးသုံးပြီး သင်စားချင်တဲ့ ဟင်းတွေကို အဲဒီအိမ်တွေမှာ ချက်စားနိုင်ပါတယ်။
အခြားကုန်ကျစရိတ်များ
ကံကောင်းထောက်မစွာနဲ့ IceLand မှာရှိတဲ့ လည်ပတ်စရာ တော်တော်များများက ဝင်ခွင့်အခမဲ့ ဖြစ်ပါတယ်။ သင်တွေ့ဖူးချင်လှပါချည်ရဲ့ ဆိုတဲ့ Northern light ကို တပြားမှ မကုန်ဘဲ ကြည့်နိုင်ပါတယ်။ ပြတိုက်ဝင်ကြေးကတော့ ၂ သောင်းခွဲခန့်ရှိပါတယ်။ အပေါ်မှာ ပြောပြခဲ့တဲ့ စွန့်စားခရီးသွားလာလိုသူတွေအတွက်ကတော့ ခရီးစဉ်တွေက ဈေးပိုပြီး ကြီးပါတယ်။
ရေခဲတောင်ကို တက်မယ်ဆိုရင် ခရီးစဉ်တခုအတွက် မြန်မာကျပ်ငွေ ၃ သိန်းကျသင့်နိုင်ပါတယ်။ IceLand ဟာ ဘတ်ဂျက်ခရီးသွားရင်တောင် ကုန်ကျစရိတ်အနည်းငယ်များတာကြောင့် သင့်အနေနဲ့ ချွေတာနိုင်သလော ချွေတာပြီး သွားမှသာ အဆင်ပြေပါလိမ့်မယ်။
Ref: travelworld