နယ်သာလန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Amsterdam မြို့ဟာ ကမ္ဘာပေါ်မှာ ခရီးသွားလို့ကောင်းတဲ့ မြို့တွေထဲမှာ ပါဝင်ပါတယ်။ Amsterdam ရဲ့ လှပတဲ့ တူးမြောင်းတွေ၊ ကမ္ဘာ့အဆင့်မီ အနုပညာပြတိုက်ကြီးတွေနဲ့ ယဉ်ကျေးမှုတွေက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အချက်တွေပါ။
တူးမြောင်းတွေပေါ် ဖြတ်ဆောက်ထားတဲ့ ကျယ်ပြန့်လှပတဲ့ တံတားတွေကြောင့်လည်း Amsterdam ကို “Venice of the North” လို့ လူတွေက ညွှန်းဆိုလေ့ ရှိကြပါတယ်။ Amsterdam ကို အလည်အပတ်သွားမယ်ဆိုရင် Amsterdam အကြောင်းကိုတော့ သိထားဖို့ လိုအပ်ပါတယ်။
Amsterdam ဟာ Dutch ဘာသာစကားကိုပြောဆိုတဲ့မြို့ တမြို့ ဖြစ်ပြီး Euro ပိုက်ဆံကို သုံးစွဲပါတယ်။ နေထိုင်သူ လူဦးရေကတော့ ၈၁၃၅၆၂ ယောက် ရှိပြီး ခရီးသွားလို့ ကောင်းတဲ့အချိန်တွေကတော့ မေလကနေ အောက်တိုဘာလ အထိပါ။ ဇန်နဝါရီလရဲ့ ပျှမ်းမျှအပူချိန်ကတော့ ၅ ဒဿမ ၈ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ဇူလိုင်လရဲ့ ပျှမ်းမျှအပူချိန်ကတော့ ၂၂ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။
Amsterdam ကို အလည်အပတ် လာရောက်ကြတဲ့ ခရီးသွားအများစုကတော့ ရိုးရာဗိသုကာ အတတ်ပညာနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦတွေဆီ အရင်သွားလေ့ ရှိကြပြီး အဲဒီနောက်မှာတော့ ဈေးဝယ်စင်တာတွေနဲ့ ကော်ဖီဆိုင်တွေမှာ အချိန်ဖြုန်းလေ့ ရှိကြပါတယ်။
Amsterdam ကိုရောက်ရင် မဖြစ်မနေလည်ပတ်သင့်တဲ့နေရာကတော့ Spui နဲ့ Nieuwmarkt ဆည်တွေပါ။ Amsterdam ရဲ့ တောင်ပိုင်းခရိုင်မှာဆိုရင်တော့ ပြတိုက်တွေရှိပြီး ဈေးဝယ်လို့ကောင်းတဲ့ Albert Cuyp ဈေးနဲ့ ပျော်ပွဲစားထွက်လို့ကောင်းတဲ့ Vondelpark လိုနေရာမျိုးတွေလည်း ရှိပါသေး တယ်။ လည်ပတ်ဖို့ကောင်းတဲ့ ထိပ်တန်းပြတိုက်ကြီးတွေကတော့ Rijksmusuem , Ann Frank House နဲ့ ကမ္ဘာကျော်ပန်းချီဆရာကြီးတယောက်ဖြစ်တဲ့ Van Gogh Museum တို့ပါပဲ။
တောင်ပိုင်းခရိုင်လို နေရာမျိုးတွေအပြင် အခြားထင်ရှားတဲ့ ခရိုင်တွေကလည်း Amsterdam မှာ အများကြီးပါပဲ။ ၁၇ ရာစုလောက်ကဆောက်ခဲ့တဲ့ Canal Ring လိုနေရာမျိုးကလည်း ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့အတွက် သွားရောက် လည်ပတ်သင့်ပါတယ်။ အဲဒီနေရာမှာဆိုရင်တော့ အနုပညာလက်ရာမြောက်စွာ ဖန်တီးထားတဲ့ ရသကို ခံစားရမှာ ဖြစ်ပါတယ်။
Amsterdam နဲ့ အိမ်နီးချင်းဖြစ်တဲ့ Plantage မှာဆိုရင်လည်း Jewish Historical Museum Scheepvaart Museum နဲ့ ရုက္ခဗေဒဥယျာဉ်တွေ ရှိပါသေးတယ်။ Amsterdam ဟာ ခရီးသွားတွေလာရောက်လည်ပတ်မှုများတဲ့ မြို့ တမြို့ ဖြစ်တဲ့အတွက် Schiphol လေဆိပ်ဟာ ကမ္ဘာပေါ်မှာ အလုပ်များဆုံးလေဆိပ်ပါ။ Schiphol လေဆိပ်ကတော့ Amsterdam အရှေ့တောင်ပိုင်း ၁၅ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။
Schiphol လေဆိပ်ကိုတော့ Amsterdam ဘူတာကနေ ရထားစီးပြီး သွားနိုင်ပါတယ်။ ကားစီးသွားဖို့တော့ မစဉ်းစားမိဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကားပါကင်နေရာရဖို့ မလွယ်သလို လမ်းကြောင်းတွေတအားကျပ်လို့ပါ။ ဒါကြောင့်လည်း Amsterdam ကို လည်ပတ်မယ်ဆိုရင်တော့ လမ်းလျှောက်ပြီး လည်ပတ်တာကသာ အကောင်းဆုံး နည်းလမ်းပါ။
နောက်ထပ် အရေးကြီးတာ တချက်ကတော့ Amsterdam ရဲ့ အစားအသောက်တွေက အလွန် အရသာရှိတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ –
လွတ်လပ်မှုရှိတဲ့ အမ်စတာဒမ်မြို့ကို သွားရောက်လည်ပတ်ကြမယ်
ကမ္ဘာ့အကျော်ကြားဆုံး ပန်းချီပြတိုက် “Van Gogh Museum” အကြောင်း
Ref : save70