အာရှမှာ လည်ပတ်စရာနိုင်ငံတွေ အများကြီးရှိတာ အမှန်ပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစလို့ ကမ္ဘာ့အနှံ့မှာ ပရိသတ်တွေ အမြောက်အများ ရရှိလာတာကတော့ ကိုးရီးယားနိုင်ငံပါ။ K Drama နဲ့ K Pop လူကြီးလူငယ် အားလုံးကြားမှာ အလွန်ရေပန်းစား လာခဲ့ပါတယ်။ ဒါကြောင့် ဒီအနုပညာတွေ အခြေတည်တဲ့ ဆိုးလ်မြို့ဟာ ပရိသတ်တွေအတွက် လည်ပတ်စရာနေရာ တခုဖြစ်လာခဲ့ပါတယ်။
(၁) ကိုးရီးယား ရာဇဝင်ကို လေ့လာနိုင်ခြင်း
ကိုးရီးယားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဆိုးလ်မှာ လည်ပတ်စရာတခုကတော့ Gyeongbokgung Palace နန်းတော် ဖြစ်ပါတယ်။ ဒီနန်းတော်ကို ၁၃၉၅ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး Joseon မင်းဆက်ရဲ့ နန်းတော် ဖြစ်ခဲ့ပါတယ်။ ကိုးရီးယားပြည်တွင်းစစ်မှာ အသက်ပေးခဲ့ရသူတွေအတွက် ပြုလုပ်ထားတဲ့ အောက်မေ့ဖွယ်ရာ နေရာကိုလည်း လည်ပတ်နိုင်ပါသေးတယ်။ ဒီအောက်မေ့ဖွယ်နေရာဟာ ပြတိုက် တခုလည်း ဖြစ်ပြီး လက်မှုပစ္စည်း တသောာင်းကျော်ကို ခင်းကျင်းပြသထားရာ နေရာလည်း ဖြစ်တယ်လို့ သိရပါတယ်။
(၂) ဆိုးလ်ရဲ့ ညအလှကို ခံစားခြင်း
ဆိုးလ်မြို့ဟာ ညဘက်မှာလည်း စည်းကားတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ နေဝင်သွားပြီးမှ ပိုမိုစည်ကားလာတဲ့ မြို့လို့ ပြောရင် မှားမယ် မထင်ပါဘူး။ ကိုးရီးယားလူမျိုးတွေဟာ ပျော်စရာကို ဘယ်လို ရှာဖွေရမယ်ဆိုတာ သိကြတဲ့သူတွေ ဖြစ်တာကြောင့် မြို့တွင်းမှာ အပိုင်းတွေ ပိုင်းထားပြီး ဘီယာ၊ အရက်၊ ကာရာအိုကေအခန်းနဲ့ ညဉ့်ငှက်များ ရှိရာနေရာ စတာတွေဟာ ညနက်လေ အသက်ဝင်လေပဲ ဖြစ်ပါတယ်။ လူငယ်တွေအတွက် Night Life ကောင်းကောင်းကို ဆိုးလ်မြို့က လမ်းမတွေပေါ်မှာ ရှာဖွေနိုင်ပါတယ်။
(၃) ဘတ်ဂျက်ခရီး သွားနိုင်ခြင်း
အနောက်တိုင်းနဲ့ ယှဉ်မယ်ဆိုရင်တော့ တောင်ကိုးရီးယားဟာ တော်တော်လေး ဈေးသက်သာတဲ့ နိုင်ငံပါ။ ဆိုးလ်မြို့မှာရှိတဲ့ စားသောက်ဆိုင်တွေနဲ့ သယ်ယူပို့ဆောင်ရေးတွေဟာလည်း ဈေးသက်သာပါတယ်။ လိုင်းကားတွေကို ၂၄ နာရီပြေးဆွဲတာကြောင့် တက္ကစီကားငှားစရာ မလိုပါဘူး။ ဒါကြောင့် ကားခကို စိတ်ပူစရာ သိပ်ပြီး မရှိဘူးလို့တောင် ဆိုနိုင်ပါတယ်။ AirbnbWebsite မှာ ဆိုးလ်မြို့အတွင်းက Hostel (အဆောင) တွေဟာ မြန်မာကျပ်ငွေ တသောင်းခွဲ ဝန်းကျင်နဲ့ တည်းခိုနိုင်တယ်လို့ သိရပါတယ်။
(၄) ဈေးဝယ်ထွက်ခြင်း
ဆိုးလ်မြို့မှာ ဈေးဝယ်ထွက်ခြင်းကို “လက်ကျိုးတဲ့ထိ ဈေးသုံးခြင်း” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အာရှနိုင်ငံအနှံ့က သူတွေဟာ ကိုးရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်ကို ဈေးဝယ်ထွက်ဖို့ ခရီးထွက်ကြတယ်လို့ ဆိုပါတယ်။ ကိုးရီးယားရဲ့ ခေတ်ပေါ်အဝတ်အစားတွေကို ဝယ်ယူခြင်းနဲ့ အမျိုးမျိုးသော အလှကုန်ပစ္စည်းတွေကို အခွန်လွတ်ဈေးနဲ့ ဝယ်ယူနိုင်ပါတယ်။
Ref : Culture