ဗီယက်နမ်နိုင်ငံကတော့ “ Golden Bridge ” ဆိုတဲ့ တံတားကိုတည်ဆောက်လိုက်ပြီး ခရီး သွားတွေကို ဆွဲဆောင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။
“ Golden Bridge ” လို့နာမည်ပေးထားတဲ့ ဒီတံတားဟာ ဗီယက်နမ်နိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံးမြို့တော် ဖြစ်တဲ့ Danang မြို့ ရဲ့ Ba Na တောင်ကုန်းတွေမှာ တည်ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လက ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။
ဒီတံတားကြီးကတော့ ၁၅၀ မီတာ ( ပေ ၄၉၀ ) ရှည်လျားပါတယ်။ လက်နှစ်ဖက်က တံတားကို ပင့်ပေးထားတဲ့ပုံစံ တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီနေရာမှာဆိုရင်တော့ ပြင်သစ်ကိုလိုနီ လက်ထက်က အကြွင်းအကျန်ဖြစ်တဲ့ အပန်းဖြေနေအိမ်တွေကိုလည်း တွေ့နိုင်ပါသေးတယ်။
ဒါပေမယ့် ခရီးသွားတွေ စိတ်ဝင်စားတာကတော့ ဗီယက်နမ်လို ‘ Cau Vang ’ လို့ခေါ်တဲ့ ‘Golden Bridge ’ ပါပဲ။
ခရီးသွားတယောက်ဖြစ်တဲ့ Nguyen Trung Phuc ကတော့ သူ့အမြင်ကို အခုလိုပဲ ပြောပြပါတယ်။
“ ဒီတံတားကတော့ Danang မြို့ မှာရှိတဲ့နေရာတွေအားလုံးမှာ အလှဆုံးဖြစ်သလို အံ့သြစရာကောင်းတဲ့ ဗိသုကာပညာရပ်တွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ တံတားတစင်းပါပဲ ” လို့ ဆိုပါတယ်။
နောက်ထပ်ခရီးသွားဧည့်သည်တယောက်ဖြစ်တဲ့ Nguyen Hien Trang ကလည်း“ ကျနော် ခရီးတော်တော်များများ သွားခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတံတားလောက်လှတဲ့တံတားမျိုး ဘယ်မှာမှ ကျနော်မမြင်ခဲ့ဖူးဘူး ” လို့ သူ့ အမြင်ကို ပြောပြပါတယ်။
အခုဆိုရင်တော့ ဒီနေရာက ခရီးသွားတွေကို အဓိကဆွဲဆောင်တဲ့နေရာတခုဖြစ်လာခဲ့ပါတယ်။ အဲဒီပတ်ဝန်းကျင်မှာတော့ အလယ်ခေတ်ပြင်သစ်ကျေးရွာကိုလည်း လည်ပတ်နိုင်ပါသေး တယ်။ အဲဒီရွာမှာဆိုရင်တော့ ရဲတိုက်တတိုက်နဲ့ ဘုရားရှိခိုးကျောင်းတွေအပြင် လေဒီဂါဂါနဲ့ မိုက်ကယ်ဂျော်ဒန်တို့ရဲ့ ဖယောင်းရုပ်တုပြတိုက် လည်းရှိပါသေးတယ်။
ဒီပရောဂျက်ကိုတော့ Sun Group က တာဝန်ယူဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ခရီးသွားတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ ကောင်းကောင်း သိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
Swarovski ပုတီးစေ့ပေါင်း ၅၈၀၀၀ နဲ့ပြုလုပ်ထားတဲ့ “ Crystal Cloud ” လို့ခေါ်တဲ့ နေရာတနေရာကိုလည်း ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ ခရီးသွားတွေကိုဆွဲဆောင်ဖို့ ၂၀၁၈ ခုနှစ်အစောပိုင်းကတင်ပဲ ပြုလုပ်ခဲ့ပါ သေးတယ်။
နောက်ပြီး “ Crazy House” လို့ခေါ်တဲ့ ဆန်းဆန်းပြားပြား တည်ဆောက်ထားတဲ့အိမ် ဒီဇိုင်းတွေနဲ့လည်း Da Lat အလယ်ပိုင်းမှာ ဟိုတယ်တခု ဖွင့်လှစ်ခဲ့ပါသေးတယ်။
အရှေ့တောင်အာရှရဲ့ ကွန်မြူနစ်နိုင်ငံတနိုင်ငံဖြစ်တဲ့ဗီယက်နမ်ဟာ ခရီးသွားလုပ်ငန်းကို ဖွံ့ ဖြိုးတိုးတက်လာအောင် ဆောင်ရွက်လာကြပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ်က ခရီးသွားဧည့် သည်ပေါင်း ၁၃ သန်းကျော်လာရောက်ခဲ့ပြီး အများစုကတော့ တရုတ်ပြည်ကပါ။
Ref : hindustantimes