အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ပွဲတော်နဲ့ ရုံးပိတ်ရက်တွေပေါများတဲ့ နိုင်ငံဖြစ်ပြီး တနှစ်ပတ်လုံးအတွက် ရိုးရာပွဲတော်ပေါင်း ၂၈ ပွဲတောင်ရှိပါတယ်။ အဲဒီထဲကမှ ထင်ရှားတဲ့ပွဲတော်တချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Meak Bochea Day
အဲဒီပွဲတော်ကတော့ ဗုဒ္ဓပူဇနိယပွဲတော်ပါပဲ။ နှစ်တနှစ်ရဲ့ ပထမဆုံးလမှာကျင်းပလေ့ရှိပြီး ခမာလိုတော့ Meak လို့ခေါ်တဲ့ လပြည့်ညမှာ နိုင်ငံအနှံ့အပြား ကျင်းပလေ့ရှိပါတယ်။ အဲဒီနေ့မှာတော့ ဗုဒ္ဓဘာသာတရားပွဲတွေကို ကျင်းပတာပါပဲ။
အဲဒီနေ့ကတော့ မြတ်စွာဘုရား ဘုရားဖြစ်ပြီး ၇ လ အကြာမှာ ရဟန်းပေါင်း ၁၀၀၀ ကျော် ကို ဒေသစာရီအသီးသီး ကြွစေပြီး ဗုဒ္ဓရဲ့ဒေသနာတော်တွေကို စတင်ဖြန့်ဖြူးဖို့ သာသနာပြုစေလွှတ်တဲ့နေ့အတွက် ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။
ဒီပွဲတော်ကိုတော့ ရဟန်းသံဃာတွေကို ပူဇော်ခြင်းနဲ့ စတင်လေ့ရှိပါတယ်။ ညနေပိုင်းမှာတော့ ဘုန်းကြီးကျောင်းသွား ပြီး ပန်း ၊ ရေချမ်းကပ် ၊ ဆီမီးပူဇော် ပြီးတဲ့နောက်မှာတော့ ရဟန်း သံဃာတွေဟောကြားတဲ့ တရားဒေသနာကို နာကြားလေ့ရှိကြပါတယ်။
(၂) Khmer New Year
Choul Chnam Thmey လို့ခေါ်တဲ့ Khmer နှစ်သစ်ကူးပွဲတော်ကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြီးကျယ်ဆုံး ပွဲတပွဲပါပဲ။ Khmer နှစ်သစ်ကူးပွဲတော်ကတော့ ဧပြီ ၁၃ ရက် ဒါမှမဟုတ် ၁၄ ရက် နေ့မှာ ကျရောက်ပါတယ်။ ဒီနှစ်သစ်ကူးပွဲတော် ကိုတော့ သုံးရက်တိုင်တိုင် စည်စည်ကားကား ကျင်းပတတ်ပါတယ်။
နှစ်သစ်ကူးပွဲတော်အချိန်ရောက်ပြီဆိုရင်တော့ အတိုင်းတိုင်း အပြည်ပြည်က ကမ္ဘောဒီးယား သားတွေဟာ မိသားစုရှိရာ အရပ်ကို ပြန်လာတတ်ကြပါတယ်။ အဲဒီလိုနေ့တွေမှာဆိုရင်တော့ ဘုရားသွား ကျောင်းတက် လူကြီးမိဘတွေကိုကန်တော့ ပြီးရင်တော့ အသက်ကြီးတဲ့လူတွေကို လက်သည်းညှပ် ခေါင်းလျှော်ပေးရင်းနဲ့ အချိန်ကုန်တတ်ကြတာပါပဲ။
နောက်ထပ်ကတော့ မိသားစုဝင်တွေအချင်းချင်း ဂိမ်းကစားကြတာပါပဲ။ အဲဒီနေ့မှာဆိုရင်တော့ ကမ္ဘောဒီးယား တနိုင်ငံလုံးက ဈေးဆိုင်တွေ ၊ ကော်ဖီဆိုင်တွေ ၊ စားသောက်ဆိုင်တွေ အား လုံးလောက်ကတော့ ပိတ်ထားကြပါ လိမ့်မယ်။
(၃) The King’s Birthday
ဧပြီလမှာ နှစ်သစ်ကူးပွဲတော်ပြီးသွားပြီးတဲ့နောက်မှာတော့ မေလရောက်ပြန်ရင်လည်း နောက်ထပ်ပွဲတော်တခုက ကမ္ဘောဒီးယားသားတွေကို စောင့်ကြိုနေပါတယ်။ အဲဒီပွဲကတော့ ဘုရင့် မွေးနေ့ပါပဲ။
ကမ္ဘောဒီးယားဘုရင်ရဲ့မွေးနေ့ကိုတော့ နှစ်စဉ် မေလ ၁၄ ရက်နေ့မှာ ၂ ရက်တိုင်တိုင်ကျင်းပ တတ်ကြပါတယ်။ ကမ္ဘောဒီးယားဘုရင်ဖြစ်တဲ့ Norodom Sihamoni ကတော့ ၂၀၀၄ခုနှစ် ၊ အောက်တိုဘာ ၂၄ ရက်နေ့မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဘုရင်ဖြစ်လာခဲ့ပါတယ်။
Ref : theculturetrip