Travel

အလည်ပတ်သွားသင့်တဲ့ ဒိန်းမတ်နိုင်ငံရဲ့ မြို့တော် ကိုပင်ဟေဂင်မြို့အကြောင်း

ဒိန်းမတ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ (Copenhagen) ကိုပင်ဟေဂင်မြို့ဟာ ဥရောပမြို့တော်ရဲ့ ကဖေးယဉ်ကျေးမှု မြို့တော်ပါ။ အဆောက်အဦ ဒီဇိုင်းတွေကိုတော့ စကင်းဒီနေးဗီးယန်းဟန်နဲ့ တည်ဆောက်ထားကြတာ များပါတယ်။

ကိုပင်ဟေဂင်မြို့မှာ သုံးစွဲတဲ့ဘာသာစကားကတော့ ဒိန်းမတ်ဘာသာစကားဖြစ်ပြီး ဒိန်းမတ် ခရိုဏာ (Danish Krone ) ပိုက်ဆံကို သုံးစွဲပါတယ်။ လူဦးရေ ၅၇၉၅၁၃ သာ ရှိတဲ့ ကိုပင်ဟေဂင်မြို့ကို အလည်အပတ်သွားလို့ အကောင်းဆုံး အချိန်ကတော့ ဇူလိုင်နဲ့ သြဂုတ်လတွေပါ။

ကိုပင်ဟေဂင်မြို့ဟာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့လိုပဲ စက်ဘီးစီးလို့ကောင်းတဲ့ မြို့တမြို့ပါ။ ကိုပင်ဟေဂင်မြို့မှာဆိုရင် စက်ဘီးငှားလို့ရတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ တူးမြောင်းတလျှောက် လှည့်ပတ်ကြည့်ချင်တယ် ဆိုရင်လည်း စက်လှေတွေ ငှားလို့ ရပါတယ်။

ညနေပိုင်းတွေမှာဆိုရင်တော့ Tivoli ဥယျာဉ်ထဲ အေးအေးလူလူ လမ်းလျှောက်နေနိုင်ပါတယ်။ အဲဒီနေရာမှာ လေ့လာဖို့ကောင်းတဲ့ ပြတိုက်တွေ ရှိပါတယ်။ မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့နေရာကတော့ အမျိုးသားပြတိုက် ( Ny Carlberg Glyptotek ) နဲ့ အနုပညာပြတိုက်ပဲ ဖြစ်ပါတယ်။

ဘီယာကြိုက်သူတွေအနေနဲ့ကတော့ ဘီယာပြတိုက်တခုဖြစ်တဲ့ Carlsberg ပြတိုက်မှာ ဘီယာမြည်းစမ်းနိုင်သလို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ချင်သူတွေအနေနဲ့လည်း စိုက်ပျိုးရေးနဲ့ပတ် သက်တဲ့နည်းပညာတွေကို လေ့လာစူးစမ်းနိုင်ပါသေးတယ်။

ဖက်ရှင်ဒီဇိုင်း နှစ်သက်သူတွေအနေနဲ့ကလည်း Stroget လမ်းတလျှောက်မှာ လမ်းလျှောက်ရင်း ဖက်ရှင်အဆန်းတွေ၊ လက်ဝတ်ရတနာတွေကို ဝယ်ယူနိုင်သလို တရုတ်တန်းကိုလည်း လည်ပတ်နိုင်ပါသေးတယ်။ တကယ်လို့ ဇွန်လနဲ့ သြဂုတ်လတွေမှာ သွားရောက်လည်ပတ်ခဲ့မယ်ဆို ရင်တော့ Vesterbro ဒါမှမဟုတ် Havnebadet လိုနေရာတွေမှာ ရေကူးနေနိုင်ပါသေးတယ်။

ကိုပင်ဟေဂင်မြို့ကိုရောက်လာရင်တော့ Kastrup လေဆိပ်က လူတွေစည်ကားနေတာ တွေ့ရပါလိမ့်မယ်။ အဲဒီလေဆိပ်ကနေ ၁၅ မိနစ်လောက်လမ်းလျှောက်သွားမယ်ဆိုရင်တော့ ကိုပင်ဟေဂင်မြို့ ရဲ့ အဓိကရထားဘူတာကို ရောက်ပါလိမ့်မယ်။

မြို့ထဲကို ရထားစီးပြီး သွားမယ်ဆိုရင် ဘူတာကြီးနဲ့ Norreport ဘူတာက အကောင်းဆုံးပါ။ မြို့အလှအပတွေကို မြင်ချင်တယ် ဆိုရင်တော့ တူးမြောင်းတလျှောက် မော်တော်ဘုတ်စီးတာက အကောင်းဆုံးပါပဲ။ ကျန်းမာရေးအတွက်ဆိုရင်တော့ စက်ဘီးစီးပြီး မြို့အနှံ့ လည်ပတ်ကြည့်တာက ပိုကောင်းပါ လိမ့်မယ်။

Ref: save70

Loading