နယ်သာလန်နိုင်ငံမှာ ရှိတဲ့ “Giethoorn” လို့ နာမည်ရတဲ့ ရွာလေးတရွာမှာ ဘတ်စ်ကား အပါအဝင် ဘာကားမှ မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အဲဒီရွာမှာ ဘယ်လို ခေတ်မီ ယာဉ်မှ မရှိပါဘူး။
ဒီရွာလေးကို “နယ်သာလန်ရဲ့ ဗင်းနစ်”လို့ တင်စားပြီး ခေါ်ဝေါ်ကြပါသေးတယ်။ ရွာထဲမှာ ရေကြောင်းလမ်းပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီရွာဟာ တူးမြောင်းပေါ်မှာ တည်ထားတဲ့ ရွာလည်း ဖြစ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်ပြီး လှပအေးချမ်းလွန်းတာကြောင့် ဒီရွာဟာ ကမ္ဘာလှည့် ခရီးသွားတွေအတွက် မျက်စိကျရာ နေရာတခု ဖြစ်လာခဲ့ပါတယ်။
ဒီရွာကို ၁၂၃၀ ခုနှစ်လောက်မှာ နယ်သာလန်နိုင်ငံ တောင်ဘက်မှ ခိုလှုံသူတွေက စတင် တည်ထောင်ခဲ့တဲ့ ရွာဖြစ်ပါတယ်။ သူတို့ဟာ ရေကြည်ရာ မြက်နုရာကို ရှာဖွေရင်းနဲ့ ဒီနေရာကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့ ရောက်ခါစမှာ ရွာတည်မယ့် နေရာဟာ ရေကြီးရေလျှံဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့ နေရာဖြစ်နေပြီး အဲဒီနေရာမှာ ဆိတ်ဦးချို(ဂျို)တွေ အများကြီး ရှိနေတာကြောင့် “Giethoorn” လို့ နာမည်ပေးခဲ့တယ်လို့ ရှေးလူကြီးတွေက ဆိုပါတယ်။ Giethoorn ဆိုတာ “ ဆိတ်တို့ရဲ့ ဦးချို ” လို့ အဓိပ္ပါယ် ရပါတယ်။
အခြေချပြီး တနှစ်ကျော်မှာ ရွာသူရွာသားတွေဟာ သစ်ဆွေးတွေရှိတဲ့ ကုန်းမြေတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရှာဖွေတွေ့ရှိခဲ့တဲ့ ကုန်းမြေတွေအပေါ် နေအိမ်တွေ တည်ဆောက်နေထိုင်ပြီး ရေတွေကိုတော့ တူးမြောင်းသဖွယ် ဖြစ်အောင် နှစ်ပေါင်းများစွာ ပြုပြင်ရင်းက အခုဆိုရင် ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတခု ဖြစ်လို့ လာခဲ့ပါပြီ။ ကုန်းမြေ တခုနဲ့ တခုကို တံတားတွေနဲ့ ဆက်ထားပါတယ်။
ကျူပင်တွေ ပေါများတဲ့ နေရာဖြစ်တာကြောင့် အိမ်ခေါင်းမိုးတွေကို ကျူပင်တွေနဲ့ မိုးထားလေ့ရှိတယ်လို့ သိရပါတယ်။ ငွေကြေးကြွယ်ဝသူတွေသာ ခေတ်မီ ခေါင်မိုးတွေကို မိုးကြပါတယ်။ အဓိက သွားလာရေးပစ္စည်းအဖြစ် လှေကို အသုံးပြုကြပြီး ခရီးသွားတွေအတွက် လှေအသေးစားတွေကို ငှားရမ်းပြီး ငွေရှာသူတွေလည်း ရှိပါတယ်။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ အနေနဲ့ အီလက်ထရောနစ်လှေတွေကိုသာ အသုံးပြုပြီး ဓာတ်ဆီ၊ ဒီဇယ် စတာတွေကို အသုံးပြုရမယ့် လှေတွေကို သုံးခွင့်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ ဆောင်းတွင်းမှာဆိုရင် ရေတွေလည်း ခဲတာကြောင့် တူးမြောင်းတခုလုံးက ရေတွေ အားလုံးခဲသွားလို့ ဆောင်းတွင်းဆိုရင် လည်ပတ်ရတဲ့ အရသာတမျိုးကို ရပါလိမ့်မယ်။
ဒီရွာကို လည်ပတ်ချင်သူတွေ အတွက် Airbnb စတဲ့ ခရီးသွား Website တွေမှာ တည်းခိုစရာတွေ ဝင်ရောက်ရှာဖွေလို့ ရပါတယ်။ ပြတိုက်၊ အမျိုးသားဥယျာဉ်၊ ကျူပင် စိုက်ပျိုးခင်း စတာတွေကို လှေစီးရင်း လှည့်ပတ်ကြည့်ရှုနိုင်သလို အားလပ်ရက် ခရီးရှည်လည်း ထွက်နိုင်တယ်လို့ ဆိုပါတယ်။
Ref ; brightside