လာမည့် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယခရီးသွား ၅သန်း လာရောက်မည်ဟု ထိုင်းနိုင်ငံက မျှော်မှန်းထားပြီး အိန္ဒိယသည် တရုတ် ကဲ့သို့ ထိုင်းနိုင်ငံအတွက် ဒေသတွင်း ခရီးသွားဈေးကွက်တခုဖြစ်လာ နိုင် ကြောင်း ဆိုလိုက်သည်။
ပြီးခဲ့သည့် ၂၀၁၈ ပထမ ၁၁လ အတွင်း အိန္ဒိယခရီးသွား ၁.၄၃သန်း ရှိပြီး၊ တနှစ်ထက် တနှစ် ၁၂ ရာခိုင်နှုန်း တိုးလာကာ ဝင်ငွေအားဖြင့် ဘတ် ၆၃သန်း ရရှိကာ အခြားနိုင်ငံများမှ လာရောက်မှုနှင့် နှိုင်းပါက ၃၁.၂ ရာခိုင်နှုန်း ကျော်တက်သွားခဲ့ ကြောင်း Bangkok Post သတင်းကဆိုသည်။
ထိုသို့ အိန္ဒိယခရီးသွားများ ထိုင်းနိုင်ငံသို့ ပိုမိုလာရောက်ရေး အတွက် ထိုင်းခရီးသွား အာဏာပိုင်အဖွဲ့ (TAT) က လာမည့် သြဂုတ်လအတွင်း “Amazing Thailand roadshow” ကို အက်မယ်ဒါဘတ်၊ ပွန်း၊ အမ္မရစ်ဆာနှင့် ဘူဘန်းစဝါ ကဲ့သို့သော အိန္ဒိယနိုင်ငံ၏ လူဦးရေ အလယ်အလတ်ရှိ ဒုတိယ တန်းအဆင့် မြို့၄မြို့အထိ ဆင်းကာ ပြသမည်ဟု သိရသည်။
အိန္ဒိယအစိုးရကလည်း ယင်းမြို့ ၄မြို့ကို နိုင်ငံတကာ ဝင်ပေါက် ထွက်ပေါက်အဖြစ် အဆင့်သတ်မှတ် ထားသဖြင့် ထိုင်း ခရီးသွား အာဏာပိုင်အဖွဲ့(TAT) မဟာဗျူဟာမှာလည်း အိန္ဒိယရှိ အလားအလာ ရှိသော ဒုတိယ အဆင့်မြို့ကြီးမှ လူများ ထိုင်းသို့ ခရီးသွားလာစေရန် ရည်ရွယ်သည်။
TAT နှင့်ထိုင်းပြပွဲပြသသူ ၇၀ တို့က အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် ကျင်းပနေသည့် India Expo Mart၏ တောင်အာရှ ခရီးသွားလုပ်ငန်း ဖလှယ်မှု အစီအစဉ် (SATTE 2019)တွင် ပါဝင်ခဲ့ပြီး၊ ယခင်နှစ်များက ထိုင်း စီးပွားရေး လုပ်ငန်းရှင် ၅၄ ဦးသာ တက်ရောက်သော်လည်း ယခုနှစ်တွင် ထိုထက်ပိုမို တက်ရောက်ခဲ့သည်။
ယခုပြသသည့် India Expo Mart က ထိုင်း ထုတ်ကုန်နှင့် အသုံးအဆောင်များကို အိန္ဒိယဝယ်လက်ထံ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း TAT၏ အုပ်ချုပ်ရေးမှူး ယုသာဆက် စူပါစွန်က ပြောသည်။
တောင်အာရှ ခရီးသွားလုပ်ငန်း ဖလှယ်မှု အစီအစဉ် (SATTE) တွင် ထိုင်းနိုင်ငံ က ပါဝင်ပြသသည်မှာ ယခုနှစ်နှင့်ဆိုလျှင် ၁၁ နှစ်မြောက်ရှိသွားပြီဖြစ်ပြီး၊ ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း ၂၈ ခု၊ ခရီးသွား ပို့ဆောင်ရေး အေးဂျင့် ၂၁ခု၊ လေကြောင်း လိုင်း ၅ လိုင်း၊ ကမ္ဘာလှည့် ခရီးသွား ဆွဲဆောင်မှု ၁၆ ခု နှင့် အခြားဆက်စပ်အေဂျင်စီများ ပါဝင် ကြသည်။
အိန္ဒိယခရီးသည်များ ခေတ်မီလာမှုနှင့် ရင့်ကျက်မှု တိုးပွားလာခြင်းက အမျိုးသမီး ခရီးသည်များပြား လာခြင်း၊ တဦးချင်းစီ ငွေသုံးစွဲမှုမြင့်လာခြင်း၊ မင်္ဂလာဆောင်နှင့် ပျားရည်ဆမ်း ခရီးများ၊ မိသားစု လိုက်ခရီးထွက်ခြင်းများအတွက် ဈေးကွက် ကောင်းတခုကို ထိုင်းဘက်မှ မြှင့်တင်နိုင်သည့် အခွင့် အလမ်းဖြစ်လာခဲ့သည်။
ဘန်ကောက်နှင့် ပတ္တရား တို့အပြင် ချင်းမိုင်၊ ရနောင်း၊ တရတ်၊ ဟွာဟင်နှင့် စမွတ် ဆုန်ခရမ် ကဲ့သို့ သော နေရာများသို့ အိန္ဒိယခရီးသည်များ လာရောက်နေကြပြီဖြစ်ကြောင်း မစ္စတာ ယုသာဆက်က ပြောသည်။
ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့(TAT) ၏ ဈေးကွက်ဆက်သွယ်ရေး ဒုတိယအုပ်ချုပ်ရေးမှူး တနက်စ် ပက်ဆူဝမ်ကလည်း “ယခုအခါ အိန္ဒိယသည် ထိုင်းအတွက် ထိပ်တန်းခရီးသွားလာရောက်သည့် ၁၀ နိုင်ငံထဲတွင် ၁ နိုင်ငံဖြစ်လာကြောင်း” ပြောကြားသည်။
ယင်းသို့ ခရီးသွားများပြားလာခြင်းမှာ အိန္ဒိယနိုင်ငံသားများ ဝင်ငွေ အလယ်အလတ်ရှိလာခြင်းနှင့် လေကြောင်း ခရီးဖြင့် လာလျှင် ၃ နာရီမှ ၄ နာရီအတွင်း အိန္ဒိယမှ ထိုင်းသို့ ရောက်ရှိနိုင်ခြင်း တို့လည်း ပါဝင်သည်။
နှစ်နိုင်ငံလေကြောင်း ပြေးဆွဲနိုင်စွမ်းမှာ မြင့်တက်နေပြီး ထိုင်းနှင့် အိန္ဒိယနိုင်ငံရှိ အဓိကမြို့ကြီး ၁၆ မြို့တို့အကြား လေ ကြောင်းလိုင်း ၁၃ လိုင်းတို့က အပတ်စဉ်လေကြောင်းခရီးစဉ် ၃၀၇ ခုကို ပြေးဆွဲပေးနေသည်။
TAT၏ ရုံးခန်းများကို နယူးဒေလီနှင့် မွမ်ဘိုင်းမြို့ကြီးများတွင် ဖွင့်လှစ်ထားပြီး၊ အမီဒါဘတ်၊ ချန်ဒီဂေါ့နှင့် ပွန်းကဲ့သို့ ဒုတိယမြို့ကြီးများတွင် ဈေးကွက်တိုးချဲ့ရန် လုပ်ဆောင်မည် ဟုသိရသည်။