မိုးရွာရွာ၊ နေပူပူ ခရီးသွားလို့ကောင်းတဲ့ မြန်မာနိုင်ငံရဲ့နေရာဒေသတွေကို Khiri Travel Myanmar ရဲ့ MD တယောက်ဖြစ်တဲ့ Edwin Briels က ဖော်ပြခဲ့ပါတယ်။ အဲဒီဒေသတွေကိုတော့ လအလိုက်ဖော်ပြပေးထားတာကို တွေ့ရပါတယ်။
ဘယ်လတွေမှာ မြန်မာနိုင်ငံရဲ့ ဘယ်နေရာတွေကို ခရီးသွားကြမလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
ဇန်နဝါရီလ
ဇန်နဝါရီလမှာ ခရီးသွားသင့်တဲ့နေရာကတော့ ရခိုင်ပြည်နယ်ထဲက မြောက်ဦးမြို့ပါပဲ။ မြောက်ဦးမြို့ဟာ ရှေးဟောင်း သုတေသနလုပ်ငန်းအတွက်လည်း အရေးပါတဲ့ နေရာတနေရာဖြစ်သလို ရှုမငြီးနိုင်တဲ့ စေတီပုထိုးတွေကိုလည်း ဖူးမြော်နိုင်မှာပဲဖြစ်ပါတယ်။
ဖေဖော်ဝါရီလ
တရုတ်နှစ်သစ်ကူးအချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလမှာဆိုရင်တော့ လူကြိုက်များတဲ့နေရာမျိုးတွေကို မလည်ပတ်သင့်ဘဲ အစားအသောက်အလွန်ကောင်းတဲ့ ရှမ်းပြည်မြောက်ပိုင်းက သီပေါနဲ့ ကျောက်မဲမြို့တွေကို ခရီးထွက်သင့်ပါတယ်။ ကျေးရွာတွေမှာနေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေရဲ့ ဓလေ့ထုံးစံတွေကို ထိတွေ့ခွင့်ရမှာဖြစ်သလို နာမည်ကျော် ဂုတ်ထိပ်တံတားရဲ့ အလှအပကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
မတ်လ
မတ်လလောက်ဆိုရင်တော့ ရာသီဥတုက ပူပြင်းခြောက်သွေ့လာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့ ထားဝယ် ဒါမှမဟုတ်လည်း မြိတ်မြို့တွေကို အလည်သွားသင့်ပါတယ်။ အဲဒီမြို့တွေမှာဆိုရင်တော့ ကိုလိုနီခေတ်က အဆောက်အဦတွေကို လေ့လာနိုင်မှာဖြစ်သလို မြိတ်ကျွန်းစုထဲက သဲကန္တာရကျွန်းတွေဆီကိုလည်း အလည်အပတ် သွားနိုင်ပါတယ်။
ဧပြီလ
သြင်္ကန်ပွဲတော်ကျင်းပတဲ့ ဧပြီလမှာဆိုရင်တော့ လူတွေက ရေသဘင်ပွဲတော်ကိုဆင်နွှဲဖို့ တာစူနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန်မြို့ မှာဆိုရင်တော့ ရေသဘင်ပွဲတော်ကို အကြီးအကျယ်ဆင်နွှဲကြပြီး ဇိမ်ခံ ဟိုတယ်ကြီးတွေကလည်း အပြိုင်အဆိုင်ဝန်ဆောင်မှုတွေ ပေးလာကြပါပြီ။
မေလ
မြန်မာနိုင်ငံရဲ့ အပူဆုံးလတလဖြစ်တဲ့ မေလမှာဆိုရင်တော့ လူတွေက ငွေဆောင်နဲ့ ငပလီလိုနေရာမျိုးတွေကိုခရီးထွက်ဖို့ ဆန္ဒရှိကြပါတယ်။ ဒါပေမယ့် လူသိနေသေးတဲ့နေရာတွေလည်း ရှိပါသးတယ်။ အဲဒီနေရာတွေကတော့ ဂွမြို့နဲ့ ကန်သာယာကမ်းခြေပါပဲ။ ကန်သာယာကမ်းခြေကတော့ ရခိုင်ပြည်နယ်ရဲ့မြို့ငယ်လေးတမြို့ဖြစ်တဲ့ ဂွမြို့မြောက်ပိုင်းမှာ ရှိပြီး ဂွမြို့ကနေ ၁၆ မိုင် ပဲဝေးပါတယ်။
ဇွန်လ
မိုးရွာစပြုလာပြီဖြစ်တဲ့ ဇွန်လမှာဆိုရင်တော့ ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံမြို့ကို ခရီးသွားတာက အကောင်းဆုံးပါပဲ။ အဲဒီမှာဆိုရင်တော့ ရှမ်းရိုးမတောင်တန်းတွေပေါ်မှာ နေထိုင်ကြတဲ့ အာခါလူမျိုးနဲ့ ပလောင်လူမျိုးတွေနေထိုင်ကြတဲ့ ကျေးရွာတွေဆီ အလည်အပတ်သွားရောက်နိုင်ပါတယ်။
ဇူလိုင်လ
ဇူလိုင်လမှာဆိုရင်တော့ မြန်မာနိုင်ငံအပူပိုင်းဒေသရဲ့မြို့တမြို့ဖြစ်တဲ့ စလေမြို့ကို အလည်သွားသင့်ပါတယ်။ စလေမြို့မှာ ဆိုရင်တော့ ကိုလိုနီလက်ထက်အိမ်တွေကိုမြင်တွေ့နိုင်မှာဖြစ်သလို သစ်သားနဲ့တည်ဆောက်ထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေကိုလည်း လေ့လာနိုင်ပါတယ်။ မြစ်ကမ်းနံဘေးထိုင်ငေးနိုင်သလို ကျွဲရွာနဲ့ အိုးရွာတွေကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။
သြဂုတ်လ
သြဂုတ်လမှာဆိုရင်တော့ အင်းလေးတောင်ပိုင်းက Samkar ကန်ကို အလည်အပတ်သွားသင့်ပါတယ်။ အဲဒီနေရာကတော့ တကယ့်ကို တိတ်ဆိတ်အေးချမ်းတဲ့ နေရာတနေရာဖြစ်ပြီး ခရီးသွား ရာသီမရောက်ခင်လေးတင်ပဲ အင်းလေးကန်ကို သွားရောက်လည်ပတ်ဖို့အတွက် အကြံကောင်းတွေ ရနိုင်ပါသေးတယ်။
စက်တင်ဘာလ
စက်တင်ဘာ လမှာဆိုရင်တော့ ကရင်ပြည်နယ်ကိုသွားလည်တာက အကောင်းဆုံးပါပဲ။ ဧရာဝတီထက်ပိုပြီးကြည့်လို့ ကောင်းတဲ့ သံလွင်မြစ်ကိုလည်း မြင်နိုင်သလို အပေါ့စားလှေငယ်မျိုးဖြစ်တဲ့ Kayak လှေတစင်းနဲ့လည်း သံလွင်မြစ်ထဲ လည်ပတ်နိုင်ပါတယ်။
အောက်တိုဘာလ
အောက်တိုဘာလကတော့ ခရီးသွားရာသီပါပဲ။ ဒီလမှာဆိုရင်တော့ အင်းလေးဖောင်တော်ဦးပွဲတာ်ကိုလည်း ကျင်းပနေပါပြီ။ အင်းလေးဖောင်တော်ဦးပွဲတော်ကိုတော့ စက်တင်ဘာ၂၉ ရက် ကနေ အောက်တိုဘာ ၁၆ ရက်နေ့အထိကျင်းပပါတယ်။ ဒီလထဲမှာပဲ ကျောက်ဆည်မှာလည်း ဆင်အကပွဲတော်ကျင်းပသလို မကွေး ၊မြသလွန်ဘုရားပွဲလည်း ရှိပါသေးတယ်။
ကျောက်ဆည်ဆင် အကပွဲတော်ကိုတော့ အောက်တိုဘာ ၁၂ ရက်ကနေ ၁၄ ရက်နေ့အထိ ကျင်းပလေ့ရှိပြီး မကွေး ၊မြသလွန်ပွဲတော်ကိုတော့ အခုလာမယ့် အောက်တိုဘာ ၆ ရက်လောက်ကနေ ၂၄ ရက်နေ့အထိ ကျင်းပမှာပဲဖြစ်ပါတယ်။
နိုဝင်ဘာလ
ဒီအချိန်ကတော့ စွန့်စားခန်းလိုခရီးမျိုး ထွက်တာအကောင်းဆုံးပါပဲ။ ရှမ်းပြည်အရှေ့ပိုင်းကို ကားမောင်းသွားနိုင်သလို ဆိုင်ကယ်တစီးနဲ့ ချင်းတောင်တက်တာ အကောင်းဆုံးပါပဲ။ ဒီနှစ်ခုထဲက တခုခုကို ရွေးချယ်သင့်ပါတယ်။
ဒီဇင်ဘာလ
ဒီဇင်ဘာလ ရောက်လာရင်တော့ မွန်ပြည်နယ်က ကျိုက်ထီးရိုးစေတီကို သွားတာကသာ အကောင်းဆုံးပါပဲ။ နောက်ထပ်တနေရာကတော့ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ ဦးနာအောက်ရွာကို အလည်အပတ်သွားတာပါပဲ။ အဲဒီရွာမှဆိုရင်တော့ ထင်ရှားတဲ့ မြန်မာနိုင်ငံက ဘုန်းတော်ကြီးကျောင်းတွေကို တွေ့ရှိနိုင်ပါတယ်။
ဒီစာရင်းကိုပြုစုခဲ့တဲ့ Edwin Briels ဆိုသူကတော့ မြန်မာနိုင်ငံမှာ ၁၅ နှစ်ကြာခရီးသွားလာခဲ့ပြီး သူ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်။
Ref : myanmore