မူလသဘာဝအတိုင်း တည်ရှိနေဆဲ ကျွန်းများနှင့် ပျောက်ကွယ်လုနီးနီး ဖြစ်လာသည့် ပင်လယ်ပျော် မော်ကင်း(ဆလုံ)လူမျိုးစုတို့ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် မြိတ်ကျွန်းစုတို့သည် တိုင်းဒေသကြီး ပြင်ပမှ လာရောက်လည်ပတ်လိုသူများအတွက် အထူးဆွဲဆောင်နိုင်သော ဒေသအဖြစ်ရှိနေသည်မှာ ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။
မြိတ်မြို့သည်ပင် ပုလဲအရောင်းဆိုင်များ၊ ငှက်သိုက်၊ ငါး၊ ပုစွန်နှင့် ကဏန်းမွေးမြူရေးလုပ်ငန်း တို့ကြောင့် နာမည်ကြီးသလို အင်္ဂလိပ်ကိုလိုနီခေတ်က ဗိသုကာလက်ရာအချို့ရှိနေခြင်းကြောင့် အထူးစိတ်ဝင်စားဖွယ်ဖြစ်သည်။ မြို့ထဲနှင့် ကမ်းနားလမ်းဘက်သို့ လမ်းလျှောက်ထွက်ကြည့်လျှင် ရှေးဗိသုကာလက်ရာ အဆောက်အဦများနှင့် ဒေသတွင်း လည်ပတ်စရာနေရာများက သင့်စိတ်ကို လန်းဆန်းစေမည်မှာ အမှန်ပင်ဖြစ်သည်။
မြိတ်မြို့အလွန်တွင် မြိတ်ကျွန်းစုများ တည်ရှိနေပြီး ယခင်က ကျွန်းများဆီ တိုင်းဒေသကြီးပြင်ပမှ လာရောက်သူ အလွန်နည်းပါးခဲ့သည်။ အထူးသဖြင့် နိုင်ငံခြားသားများ လည်ပတ်မှု ကန့်သတ်ထားသည်မှာ ကြာမြင့်ခဲ့ပြီး မကြာသေးသော လွန်ခဲ့သည့် ၅ နှစ်ဝန်းကျင်က ပြန်လည်ဝင်ရောက်လည်ပတ်ခွင့်ပြုခဲ့သည်။
ယင်းဒေသတွင် ခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်မှစကာ လုပ်ကိုင်ခွင့်ပေးပြီးကတည်းက ခရီးသွားများအနေဖြင့် မြိတ်ကျွန်းစုပေါင်း ၈၀၀ ကျော်အနက် ကျွန်း ၂၀ ပေါ်သို့ သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်သည်။ ခရီးသွားများအနေဖြင့် နေ့ခင်းဘက် တနေ့ခရီး လည်ပတ်ခြင်း၊ ညအိပ်ခရီးသွားခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင်ကို ခံစားကြည့်ရှုနိုင်သည်။ ဒေသခံလူထု၏ နေထိုင်မှုပုံစံများကိုလည်း ခရီးသွားများက လေ့လာစူးစမ်းနိုင်သည်။
ခရီးသွားလုပ်ငန်းက ရာချီသော ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးသလို ဒေသခံများသည် ဧည့်လမ်းညွှန်များ၊ ခရီးသွားအေဂျင်စီဝန်ထမ်းနှင့် လှေလုပ်သားများအဖြစ် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်ကြသည်။ လက်ရှိတွင် ခရီးသွားအေဂျင်စီ ၄၀ ခန့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်း (MDTA) ၏ အတွင်းရေးမှူး ဦးခင်မောင်ညို၏အဆိုအရ သိရသည်။
မြိတ်ခရီးသွားလုပ်ငန်းကဏ္ဍသည် လှေထုတ်လုပ်သူများကဲ့သို့ ခရီးသွားကဏ္ဍ၏ လိုအပ်ချက်ကွက်လက်ကို ဖြည့်ဆည်းပေးမည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများအတွက်လည်း စီးပွားရေးအခွင့်အလမ်း ပွင့်စေသည်။ ထို့အပြင် ဒေသခံ ဧည့်လမ်းညွှန်များ ပိုမိုရလာစေရေး အတွက် ကျွမ်းကျင်မှုသင်တန်းများဖြင့်လည်း ပျိုးထောင်ပေးသည်။ လူထုအခြေပြုခရီးသွား လုပ်ငန်းနှင့် တာဝန်ခံမှုရှိသော ခရီးသွားလုပ်ငန်းအသွင်များ ဖွံ့ဖြိုးလာမှုကိုလည်း တွေ့ရသည်။
သို့သော် လုပ်ငန်းအရှိန်ရလာသည်နှင့်မျှ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းမရှိဘဲ အဓွန့်ရှည်ကြာမည့် ဖွံ့ဖြိုးမှုမျိုးဖြစ်အောင် မည်သို့လုပ်ကိုင်မည်နည်းဆိုသော စိန်ခေါ်မှုနှင့် ရင်ဆိုင်လာရသည်။
မြိတ်ကျွန်းစုဒေသရှိ ရေနေသတ္တဝါများ၏ရှင်သန်မှုကို အလွန်အကျွံ ငါးဖမ်းဆီးမှုနှင့် ဖောက်ခွဲခြင်းပြု၍ ငါးဖမ်းဆီးမှုတို့က ခြိမ်းခြောက်နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ယခုနောက်ပိုင်းမှာ ပလတ်စတစ်စွန့်ပစ်မှုကလည်း နောက်ထပ်စိန်ခေါ်မှုအဖြစ် ပေါ်ပေါက်လာပြန်သည်။
ယင်းဒေသ၏ဂေဟစနစ် ကာကွယ်ရန်နှင့် အဏ္ဏဝါဇီဝမျိုးကွဲများ ထိန်းသိမ်းရန် အားထုတ်မှု တစိတ်တပိုင်းအနေဖြင့် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းများ လိုက်နာကြရန် ၎င်း၏အသင်းဝင်များကို တိုက်တွန်းလျက်ရှိသည်။
“ကျွန်းတွေပေါ်မှာနဲ့ ပင်လယ်ထဲကို အမှိုက်မပစ်ကြဖို့ ဝန်ထမ်းတွေနဲ့ ဧည့်လမ်းညွှန်တွေ ကို ကျနော်တို့ ညွှန်ကြားထားတယ်။ ကျွန်းတွေပေါ် ကျနော်တို့ သွားတိုင်း ကိုယ့်အမှိုက်ကို မပစ်ဘဲ ပြန်ယူလာသလို ကျွန်းပေါ်က အမှိုက်တွေကိုလည်း ကောက်ပီး ပြန်သယ်လာကြတယ်” ဟု အမှိုက်များ စည်းကမ်းမဲ့ ပုံမနေစေရေးအတွက် ဆောင်ရွက်နေမှုကို ဦးခင်မောင်ညိုက ရှင်းပြသည်။
မကြာသေးမီက သွားရောက်ခဲ့သောခရီးစဉ်အတွင်း ကျွန်းများပေါ်မှာရော ပင်လယ်ထဲတွင်ပါ ပလတ်စတစ်အမှိုက်များကို စာရေးသူ မြင်တွေ့ခဲ့ရသည်။ ကျွန်းတခုသို့သွားနေစဉ်အတွင်း ခရီးသွားလှေ၏ ရေယက်ပန်ကာအတွင်း ပလတ်စတစ်အမှိုက်ကပ်ငြိနေသဖြင့် ပင်လယ်ရေလယ်ခေါင်တွင် ရပ်လိုက်ရသည်ကို ကြုံရပြီး အမှိုက်ကို ပန်ကာဒလက်ကြားမှ ဖယ်ရှားလိုက်မှ ခရီးဆက်နိုင်လေသည်။
“ပင်လယ်ထဲ ပလတ်စတစ်အမှိုက်ပမာဏ လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဒီဇင်ဘာလကစလို့ သောက်ရေအတွက် ပလတ်စတစ်ဗူးတွေအစား ဖန်ပုလင်းတွေသုံးဖို့ ကျနော်တို့ စတင်ခဲ့ပါတယ်” ဟု မြိတ်လင်းပိုင် ခရီးသွားလုပ်ငန်းကုမ္ပဏီမှ ဈေးကွက်ရှာဖွေရေးမန်နေဂျာ ဦးမြင့်သန်းက ရှင်းပြသည်။ ၎င်းကုမ္ပဏီက ခရီးသွားများအတွက် သောက်ရေပေးရာတွင် ပလတ်စတစ်ဗူးအစား ဖန်ပုလင်းဖြင့် ပေးခြင်း၊ အစားအသောက်များကို ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးထားသော မုန့်ပဲသရေစာထက် ရိုးရာအစားအစာကို သဘာဝနည်းအတိုင်း ထုတ်ပိုးခြင်းဖြင့် ဂေဟစနစ်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေသည့် စိတ်ကူးကို စတင်မိတ်ဆက်ခဲ့ပြီး အခြားကုမ္ပဏီများလည်း ယင်းသို့လုပ်ဆောင်ရန် အားပေးသည်။
ကျွန်းများပေါ်တွင် ခရီးသွားများ နားနေနိုင်ရေးအတွက် ဘန်ဂလိုအဆောက်အဦး များနှင့် ဟိုတယ်အပန်းဖြေနေရာများ တည်ဆောက်ရန် ဒေသခံလုပ်ငန်းများရှင်က အားတက်သရော ရှိလှပြီး တဖက်တွင်လည်း တာဝန်သိခရီးသွားလုပ်ငန်းဖြစ်စေရေး ကြိုးပမ်းလျက်ရှိကြ၏။
သို့ရာတွင် ကျွန်းများဆီ အလည်အပတ် အပန်းဖြေခရီးသွား လုပ်ငန်းကို လွန်ခဲ့သည့် လေးနှစ်လောက်ကတည်းက စတင်ခဲ့သော်လည်း ကျွန်းပေါ်တွင် ဟိုတယ်ဆောက်လုပ်ခွင့်ရရန် မဆိုနှင့် ဘန်ဂလိုအဆောက်အဦပင် ဆောက်ခွင့်မရသေးကြောင်း Blue Ocean Star အပန်းဖြေနှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီမှ လက်ထောက်မန်နေဂျာ ဦးအောင်ဆန်းက ပြောသည်။
လတ်တလောတွင် မြန်မာနိုင်ငံတောင်ဖက်အစွန်ဆုံး ကော့သောင်းမြို့နယ်အနီးရှိ မြိတ်ကျွန်းစုတောင်ပိုင်းရှိ ကျွန်းအနည်းငယ်ပေါ်တွင်သာ ဟိုတယ်များနှင့် အပန်းဖြေစခန်း အနည်းငယ် ရှိနေသည်။
၎င်း၏ကုမ္ပဏီအနေဖြင့် လေးကျွန်း (မားကတ်ကျွန်း သို့မဟုတ် ဟားရစ်ကျွန်း) ပေါ်တွင် ယာယီတဲဖြင့် ညအိပ်တည်းခိုခြင်း၊ စားသောက်ဆိုင်တဆိုင်နှင့် ဂေဟစနစ် ကိုက်ညီသည့် အဆောက်အဦများ တည်ဆောက်ကာ သဘာဝအခြေပြုခရီးသွားဝန်ဆောင်မှုလုပ်ကိုင်ရန် ခွင့်ပြုချက်ရရှိထားသည်။ သို့သော် ဟိုတယ်အကြီးစား (သို့မဟုတ်) အခိုင်အခန့် အဆောက်အဦများကို ကျွန်းပေါ်တွင် ၎င်းတို့ဆောက်လုပ်ခွင့်မရကြောင်း ဦးအောင်ဆန်းက ဆိုသည်။
နေ့ချင်းပြန် အလည်အပတ်ခရီးစဉ်များတွင် ခရီးသွားလှေများကို လေးကျွန်းတွင် နာရီအနည်းငယ် ကမ်းကပ်ရပ်တန့်ပေးပြီး ရေအောက်အလှအပများ ခံစားနိုင်ရန် အသက်ရှူပိုက်ဖြင့် ရေငုပ်ခြင်း၊ ကယပ်လှေလှော်ခြင်း၊ သဘာဝသဲဖြူပေါ်တွင် အနားယူခြင်းနှင့် ကျွန်းပတ်ပတ်လည် လှည့်၍ကြည့်ရှုခြင်းတို့ ပြုလုပ်၍ စိတ်အပန်းဖြေနိုင်သည်။ စပိဒ်ဘုတ်ဖြင့် ထိုကျွန်းသို့ သွားလျှင် မြိတ်မြို့ကမ်းခြေမှ ၁ နာရီခန့်သာ ကြာသည်။
လက်ရှိတွင်လည်း နိုင်ငံခြားသားများအား ထိုကျွန်းပေါ် ညအိပ်ညနေ နေခွင့်ပေးထားသည့် တခုတည်းသော ကျွန်းဖြစ်ပြီး အစိုးရခွင့်ပြုချက်ရမှာသာ ၎င်းတို့ ညအိပ်နေနိုင်သည်။
ကျွန်းပေါ်ရှိ အသုံးအဆောင်များအားလုံးကို သဘာဝထွက်ပစ္စည်းများဖြင့် ဖန်တီးထားခြင်း ကြောင့် လေးကျွန်းကို သဘောကျမိသည်။ ထိုသို့ သဘာဝပစ္စည်းများဖြင့် တည်ဆောက်ထားခြင်းက ခရီးသည်များအဖို့ သဘာဝအခြေပြုခရီးသွားလုပ်ငန်းကို လက်တွေ့ကျင့်သုံးနိုင်ရန် တွန်းအား ဖြစ်စေသည်။ ကျွန်းပေါ်ရှိ စားသောက်ဆိုင်မှာ သန့်ရှင်းနေပြီး ဒေသထွက် အစားအသောက် များမှာ ခံတွင်းမြိန်လှသည်။ အဆောက်အဦအားလုံးမှာ ဝါးနှင့်သစ်သားကဲ့သို့ သဘာဝထွက်ပစ္စည်းများဖြင့် တည်ဆောက်ထားသည်။
မြိတ်၏ကျွန်းများစွာနှင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝတို့ကို စူးစမ်းလေ့လာနိုင်ရန်အတွက် အနည်းဆုံး ၃ ရက်တော့ အချိန်ယူရမည်ဖြစ်သည်။ ထိုကျွန်းများဆီသို့ စက်တပ်အမြန်ရေယာဉ် ဖြင့် မောင်းသွားလျှင် ၁၅ မိနစ်မှ ၂ နာရီအထိ ကြာသည်။ တနေ့တာခရီးစဉ်အတွက် ကျွန်းနှစ်ကျွန်း (သို့မဟုတ်) သုံးကျွန်းရောက်နိုင်ပြီး ကျွန်းစု၏ အံ့အားသင့်ဖွယ် သဘာဝမြင်ကွင်းများကို ခံစားရန် လုံလောက်သည့်အချိန်ဖြစ်သည်။ ကျွန်းများဆီသို့ အပျော်စီး ရေယာဉ်များ စီးသွားနိုင်ကြသော်လည်း မြန်မာပြည်တနံတလျားမှ ခရီးသွားများကမူ အမြန်ရေယာဉ်ငယ်များဖြင့် နေ့ချင်းခရီးသွားရသည်က ပိုမိုခရီးတွင်စေသည်။
ပင်လယ်ရေအောက်မြင်ကွင်းနှင့် သန္တာကျောက်တန်းများသာ သီးသန့် သွားရောက် ရေငုပ် ကြည့်ရှုနိုင်သည့် ကျွန်းများလည်း ရှိသကဲ့သို့ ကျွန်းငယ်ပေါ်မှ ရေတံခွန်၊ ငါးမွေးမြူရေးကန် စသည်တို့ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ရန် ခရီးသွားကုမဏီများက စီစဉ်ပေးထားသည်။ ထို့အပြင် ပုလဲမွေးမြူ ထုတ်လုပ်သော ကျွန်းအချို့သို့လည်း လေ့လာရေးသွားသည့် ခရီးစဉ်လည်း ရှိပြီး ကြိုတင်ဘိုကင်လုပ်၍ သွားရောက်လည်ပတ်နိုင်သည်။
ကမ်းခြေတွင် အပန်းဖြေရုံသက်သက်ဆိုလျှင် စမတ်ကျွန်းမှာ နောက်ထပ်ရွေးချယ်စရာတခု ဖြစ်သည်။ ၎င်းကျွန်းတွင် ကမ်းခြေနှစ်ခုရှိပြီး ကျွန်းတဖက်ခြမ်းရှိ ကမ်းခြေမှာ သန့်ရှင်းနေသည့် သဲဖြူများရှိကာ နောက်ကမ်းခြေမှာ ချောချောမွေ့မွေ့ကျောက်တုံးလေးများသာရှိသော ကမ်းရိုးတန်းဖြစ်သည်။ ယင်းကျွန်းပေါ်မှာ တထောက်နားရခြင်းကို နှစ်သက်ကြသော်လည်း ကျွန်းပေါ်တွင် သန့်စင်ခန်း မရှိခြင်းက ခရီးသွားများအတွက် အခက်ခဲဖြစ်ရသည်။ သန့်စင်ခန်း တည်ဆောက်ရန်ကိုမူ ခွင့်ပြုချက်မရသေးပေ။ ခရီးသွားအေဂျင်စီများက ထိုခွင့်ပြုချက်ကျရန် ကြိုးစားနေဆဲဖြစ်သည်။
ကျွန်းပေါ်သွား ခရီးသွားဧည့်သည်များအတွက် နောက်ထပ်လက်မလွှတ်သင့်သည့်ကျွန်းမှာ ဒရိတ်ခ်ကျွန်း(သို့မဟုတ်) ဒေါင်းကျွန်းဖြစ်သည်။ ခရီးသွားကုမဏီများက စီစဉ်ပေးသော ဒေသခံရွာသားများချက်သော ဒေသစာဟင်းလျာများဖြင့် နေ့လယ်စာကို ကျွန်းပေါ်ရှိ ဒုံးညောင်မှိုင်ကျေးရွာတွင် စားသောက်ရသည်။
အဆိုပါကျေးရွာတွင် မော်ကင်း(ဆလုံ)၊ ဗမာနှင့် ကရင်တိုင်းရင်းသားလူမျိုးများနေထိုင်ကြပြီး လူထုအခြေပြုခရီးသွားလုပ်ငန်း ဝန်ဆောင်မှုကို လက်တွေ့ကျင့်သုံးနေသည်။
ထိုကျွန်းတွင်လည်း သဲဖြူကမ်းခြေရှိပြီး အနားယူအပန်းပြေစေသော နေရာဖြစ်သည်။ ထို့အပြင် မော်ကင်းမိသားစုများ(ဆလုံ (သို့မဟုတ်) ပင်လယ်ပျော်များဟုခေါ်သည်) နှင့်လည်း တွေ့နိုင်သည်။ မော်ကင်းလူမျိုး ၇၀ ခန့်နေထိုင်သော ကျေးရွာဖြစ်၍ ၎င်းတို့နှင့် စကားလက်ဆုံကျ နိုင်ပြီး ၎င်းတို့ဘာသာဘာဝနေထိုင်မှုပုံစံများကို အတန်ငယ် အကဲခတ်လေ့လာနိုင်သည်။ မော်ကင်း ဆလုံရွာတွင် အများစုတွေ့ရသည်မှာ ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများဖြစ်ပြီး အမျိုးသားများမှာ ပင်လယ်ထဲနေ၍ လနှင့်ချီကာ ငါးဖမ်းထွက်နေသည်က များသည်။
ထိုကျွန်းများသို့ ဆိုက်ကပ်သော လှေတိုင်းသည် ကျွန်းကော်မတီသို့ ကျပ် ၅ ထောင် ပေးရသည်။ ထိုငွေကြေးဖြင့် မော်ကင်းကလေးငယ်များ ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေးလုပ်ငန်းများ သင်ကြားပေးနိုင်ရန် ထောက်ပံ့ပေးကြောင်း ဧည့်လမ်းညွှန်တဦးဖြစ်သူ ကိုဇေယျာမင်း၏အဆိုအရ သိရသည်။
( Nyein Nyein ၏ A Close-Up Look at Mergui Archipelago’s Nascent Eco-Tourism Industry ကို ဘာသာပြန်သည်။)