ပင်းတယလို့ ပြောလိုက်တာနဲ့ လူတွေမျက်စိထဲ ပြေးမြင်လာတာကတော့ ထုံးကျောက်လိုဏ်ဂူနဲ့ ထောင်ပေါင်းများစွာသော ဘုရားပုထိုးစေတီတော်တွေပါပဲ။
ပင်းတယမြို့ဟာ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ မြို့ငယ်ကလေးတမြို့လို့ ဆိုရမှာဖြစ်ပေမယ့် ကလော ၊ တောင်ကြီးနဲ့ အင်းလေးတို့လိုပဲ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ မြို့တမြို့ပါပဲ။ ပင်းတယမြို့မှာ လည်ပတ်စရာအများကြီး ရှိတဲ့အထဲကမှစိတ်ဝင်စားစရာကောင်းတဲ့ နေရာအချို့ကို ဖော်ပြပေးချင်ပါတယ်။
ခရီးသွားတွေကို အဓိကဆွဲဆောင်တဲ့နေရာကတော့ ရွှေဥမင်လိုဏ်ဂူပါပဲ။ ဒါပေမယ့် လူအများစုကတော့ ပင်းတယလိုဏ်ဂူ လို့သာခေါ်လေ့ရှိကြပါတယ်။ ပင်းတယလိုဏ်ဂူဟာ ပင်းတယ မြို့ရဲ့အနောက်တောင်ဖက် တမိုင်အကွာအဝေးမှာရှိပါတယ်။ အတွင်းပိုင်းဥမင်ကတော့ ပေ ၄၉၀ ရှည်လျားပြီးဗုဒ္ဓရုပ်ပွားတော်ပေါင်း ၈၀၀၀ ကျော် ပူဇော်ထားပါတယ်။ ရုပ်ပွားတော်တွေ ကိုတော့ ပုံစံအမျိုးမျိုးထုလုပ်ထားပြီး ၁၁ ရာစုလောက်ကတည်းက ပူဇော်ထားခဲ့တဲ့ ရုပ်ပွားတော်တွေပါပဲ။
ပင်းတယမှာ နောက်ထပ် ထင်ရှားတဲ့နေရာတနေရာကတော့ ရှစ်သောင်းလေးထောင်ဘုရားပါပဲ။ ဒီနေရာကလည်း ရွှေဥမင်လိုဏ်ဂူလိုပဲ ခရီးသွားတွေ အလာများတဲ့နေရာတခု ဖြစ်ပါတယ်။ ရှစ်သောင်းလေးထောင်ဘုရားလို့ နာမည်တွင်ရတဲ့အကြောင်းကတော့ ဘုရားပုထိုးပေါင်း ၈၄၀၀၀ ကိုပူဇော်ထားရှိတဲ့အတွက်ပါပဲ။ ဒီနေရာကလည်း ပင်းတယမြို့မှာ အရေးပါတဲ့ စေတီပုထိုးမြို့တော်လေး တခုပါပဲ။
နောက်ထပ်သွားသင့်တဲ့နေရာတခုကတော့ ဆင်ကျောင်းတော်ပါ။ ဒီကျောင်းတော်ကြီး အတွင်းမှာဆိုရင်တော့ မပုပ်မသိုးဘဲကျန်နေသေးတဲ့ ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ပူဇော်ထားပါတယ်။
နောက်ထပ် မဖြစ်မနေရောက်အောင်သွားသင့်တဲ့နေရာကတော့ ပုန်းတလုတ်ရေကန်ပါပဲ။ ပုန်းတလုတ်ရေကန်ကတော့ ရွှေဥမင်လိုဏ်ဂူနဲ့ အနီးလေးမှာပဲရှိပါတယ်။ ကန်ရေပြင်က အစိမ်းရာင်သန်းနေပြီး ၈၁ ဒဿမ ၁၂ ဧက ကျယ်ဝန်းပါတယ်။ ဒီရေကန်ကြီးကတော့ နတ်သမီး ၇ ဖော် ရဲ့ ချစ်ဇာတ်လမ်းတွေပါဝင်နေတဲ့ ဒဏ္ဍာရီလာရေကန်တကန်ပါပဲ။ ဒဏ္ဍာရီလာ စကားတွေဖြစ်နေတဲ့အတွက် တဦးတယောက်ကမှတော့ ဒီအကြောင်းတွေကိုပြည့်ပြည့်စုံစုံ ရှင်းပြမှာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း လူတချို့ကတော့ ဒီဒဏ္ဍာရီဟာ ပုန်းတလုတ်ကန်မှာ တကယ်ပဲဖြစ်ပျက်ခဲ့တယ်လို့ ယုံကြည်ထားကြ ပါတယ်။ ပင်းတယမြို့ကိုသွားတဲ့အခါမှာတော့ တည်းခိုလို့ကောင်းတဲ့နေရာအချို့ကိုလည်းဖော်ပြပေးချင်ပါသေးတယ်။
အဲဒီနေရာတွေကတော့ Pindaya Inle Inn , Golden Cave Hotel နဲ့ Conqueror Resort တို့ပါပဲ။ တကယ်လို့ ရှမ်းပြည်နယ်ကိုသာ ခရီးသွားမယ်လို့ဆုံးဖြတ်ထားရင် ပင်းတယမြို့ကလည်း အလည်အပတ် သွားရောက်သင့်တဲ့ နေရာစာရင်းထဲမှာ ပါဝင်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ထောင်ပေါင်းများစွာသော စေတီပုထိုးတွေကိုဖူးမြော်နိုင်မှာဖြစ်သလို အစိမ်းရောင်သန်းနေတဲ့ ပုန်းတလုတ်ရေကန်ရဲ့ အလှတွေကို မြင်တွေ့နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။
ဒါ့အပြင်မြောက်များစွာသော ထုံးကျောက်ဂူတွေဆီကိုလည်း သွားရောက်နိုင်ပါသေးတယ်။ နေရာစုံရောက်နိုင်ဖို့ အတွက်ဆိုရင်တော့ ဖုတ်ပူမီးတိုက်မလုပ်ဘဲ ၁ ညအိပ် ၊ ၂ ညအိပ်လောက်တော့ နေသင့်ပါတယ်။
Ref : travel.jumia