မြန်မာနိုင်ငံမှာ အနားယူအပန်းဖြေလို့ကောင်းတဲ့ ကမ်းခြေတွေကတော့ ငပလီ ၊ ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတို့ပါပဲ။ ဒါပေမယ့် လူသိပ်မသိသေးတဲ့ နောက်ထပ်ကမ်းခြေတခုကျန်ပါသေးတယ်။ အဲဒီကမ်းခြေကတော့ ကမ်းသာယာကမ်းခြေပါပဲ။
ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ကမ်းသာယာကမ်းခြေဟာ တိတ်ဆိတ်ငြိမ်သက်ပြီး လှပတဲ့ကမ်းခြေတခုပါပဲ။ ဘင်္ဂလားပင်လယ်အော်ထဲမှာရှိနေတဲ့ ကမ်းသာယာကမ်းခြေဟာ ငပလီရဲ့တောင်ဖက် မိုင် ၆၀ အဝေးမှာရှိပါတယ်။ အရင်တုန်းကတော့ သာယာကန်ကြီး အပန်းဖြေစခန်းလို့ခေါ်ခဲ့ကြပါတယ်။ ဂွမြို့မြောက်ဖက်ပိုင်းမှာရှိပြီး ဂွမြို့ကနေ ၁၆ မိုင်ပဲဝေးပါတယ်။
ကမ်းသာယာကမ်းခြေဟာ တိတ်ဆိတ်တဲ့အပြင် အဝါရောင်သဲကြမ်းပြင်နဲ့ ကျောက်စရစ်ခဲတွရာနှောနေပါတယ်။ အခုချိန်ထိတော့ ကမ်းသာယာကမ်းခြေဟာ ဆူညံတဲ့မြို့ပြ လူနေမှုစနစ်တွေကနေ လွတ်မြောက်ခွင့်ရနေသေးတဲ့ နေရာတနေရာပါပဲ။
အဲဒီနေရာမှာဆိုရင်တော့ စိတ်ဖိစီးမှုတွေ ၊ ပင်ပန်းနွမ်းနယ်နေမှုတွေကိုလျှော့ချနိုင်မှာ အမှန်ပါပဲ။ ခုချိန်ထိတော့ ကမ်းသာယာကမ်းခြေဟာ ဖွံ့ဖြိုးတိုးတက်မှု နည်းနေသေးတဲ့ နေရာတနေရာပါပဲ။ ဒါကြောင့်လည်း ကမ်းသာယာ ကမ်းခြေကိုသွားမယ်ဆိုရင် ဟိုတယ်တွေကို ကြိုတင် Booking လုပ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အနီးအနားက ဒေသခံရွာသားတွေဆီမှာ အဆင်ပြေပြေတည်းခိုနိုင်ပါတယ်။
အဲဒီကမ်းခြေမှာဆိုရင်တော့ ဈေးဆိုင်ကြီးကြီးမားမားတွေလည်းရှိမှာမဟုတ်ပါဘူး။ ကမ်းသာယာကမ်းခြေရဲ့ အဓိက ဆွဲဆောင်မှုကတော့ ကမ်းလွန်ကျွန်းတွေနဲ့ကျောက်တန်းတလျှောက်ကို လှေတစင်းနဲ့လှည့်ပတ်ကြည့်ရှုနိုင်တာပါပဲ။ အဲဒီမှာဆိုရင်တော့ ငှက်အမျိုးအစားပေါင်းများစွာကိုလည်းတွေ့နိုင်ပါသေးတယ်။
လတ်ဆတ်တဲ့ ပင်လယ်အစားအစာတွေကိုစားသောက်နိုင်မှာဖြစ်သလို ဝမ်းရေးအတွက်ရုန်းကန်နေကြရတဲ့ တံငါသည်တွေကိုလည်းတွေ့ရမှာ အမှန်ပါပဲ။ ကမ်းသာယာကမ်းခြေဝန်းကျင်မှာဆိုရင်တော့ လက်ယက်ဖျာတွေကို အိမ်နံရံအဖြစ်သုံးပြီးဆောက်လုပ်ထားတဲ့ တဲတွေကိုသာ တွေ့ရပါလိမ့်မယ်။
ရွှေရောင်သမ်းနေတဲ့ ကမ်းခြေတလျှောက်မှာဆိုရင်တော့ ၄ ဒဿမ ၅ ကီလိုမီတာလောက်အထိ လမ်းထွက်လျှောက်နိုင် သလို တောင်နိမ့်နိမ့်လေးတွေတက်ပြီး ငှက်ကြည့်ချင်ရင်လည်း ရပါသးတယ်။ဒေသခံ တံငါသည်အများစုကလည်း ရိုးသားပြီး သိက္ခာရှိကြသူတွေပဲ ဖြစ်ကြပါတယ်။
Ref : indochinavoyages